ကိုသန်းလွင် – နိုင်ငံရပ်ခြားမှ စီးပွားရေးသင်ခမ်းစာ
(မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၁၅
(၁)
အိန္ဒိယ ၀န်ကြီးချုပ် နီရန်ဒါမိုဒီ၊ တရုပ်နိုင်ငံသမ္မတ စီဂျင်ပင်း နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ၀ီဒိုဒို တို့ တွင် တူညီသော အချက် ဘာများရှိပါသနည်း၊ ဤခေါင်းဆောင်ကြီး သုံးဦးသည် အမေရိကန်သမ္မတ က နိုင်ငံတော် ဧည့်သည်အဖြစ် ဖိတ်ကြားခံရချိန်တွင် ၀ါရှင်တန်မြို့တော်သို့ တိုက်ရိုက် မသွားဘဲ စီရာတဲလ် ( Seattle, Silicon Valley ) သို့ အရင်သွားပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ဦးစွာသွားရောက် တွေ့ဆုံ ရာတွင် တူညီကြပါသည်၊ သူတို့ရည်ရွယ်ချက်များ မှာ မိမိတို့ နိုင်ငံ၏ စီးပွားရေး စက်မှုအတတ် ပညာထွန်းကားရေး၊ ကမ္ဘာကြီးနှင့် အမှီ ရင်ဘောင်တန်းလိုက်နိုင်ရေးအတွက် အမေရိကန် ကုမ္ပဏီကြီး များနှင့် ချိတ်ဆက်အလုပ်လုပ်ဖို့ လမ်းစရှာဖွေကြခြင်းပင်ဖြစ်ပါသည်။
တရုပ်ပြည်နှင့် အိန္ဒိယ နိုင်ငံတို့ မှာ ယနေ့ရှေ့တန်းရောက်လာကြသော စီးပွားရေး ကျားကြီးများဖြစ်ကြပါ သည်၊ ယခင် စစ်အေးကာလ ခေတ်များက ကဲ့သို့ တဦး နှင့် တဦး စစ်ရေးအရ ပြိုင်ဆိုင်ခြင်း မရှိကြသည် မှာ တိုးတက်လာသော လူ့ယဉ်ကျေးမှု ၏ ပြယုဂ်တခုပင်ဖြစ်ပါတော့သည်၊ သူတို့သည် မိမိပြည်တွင်း စီးပွားရေးလုပ်ငန်းများတိုးတက်လာစေရန် တခြား ကမ္ဘာ့နိုင်ငံများ နည်းတူ အမေရိကန် နှင့် ဆက်သွယ်ရေး အဆင်ပြေချောမွေ့ရန် ကြိုးစားနေကြပါသည်၊ အိန္ဒိယ နိုင်ငံက အမေရိကန် ကုမ္ပဏီ များ နှင့် စီးပွားရေး အရ ပူးပေါင်းရန် ဆောင်ရွက်နေချိန်တွင် တရုပ်နိုင်ငံက မိမိတို့သည် အမေရိကန်၏ ရန်သူမဟုတ်ပါ၊ ကွန်ပျူတာနည်းစံနစ်များဖြင့် အမေရိကန်တို့ကို တိုက်ခိုက်နေခြင်း မရှိပါဟု ဆိုနေကြသည်။
၁၉၄၉ ခုနှစ်၊ နိုင်ငံလွတ်လပ်ပြီးစ အိန္ဒိယခေါင်းဆောင် ပဏ္ဍစ်နေရူးလည်း အမေရိကားသို့ အလည် ရောက်လာဘူးသည်၊ ဆိုရှယ်လစ်စံနစ် ရေပန်းစားနေချိန် အရင်းရှင်စံနစ်ကို တိုက်ဖျက်ရမည်ဟု ကြွေးကျော်နေကြချိန်တွင် သူ့ခရီးစဉ် ၏ ရည်ရွယ်ချက် မှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန်ဟူ၍ အဓိက ဟုတ်ဟန်မတူခဲ့ပေ၊ မိမိနိုင်ငံ အတွင်းတွင် စီးပွားရေး သမားများ နှင့် လက်ပွန်းတတီး နေတတ်သူ မဟုတ်ခဲ့သောကြောင့် မစ္စတာနေရူး၏ ခရီးစဉ်မှာ မိုဒီ၏ခရီးစဉ်နှင့် မတူကွဲပြားနေပေသည်၊ ၀န်ကြီးချုပ်မိုဒီ မှာ သူဝန်ကြီးချုပ် မဖြစ်မီက ဂူဂျာရက်ပြည်နယ်၏ ၀န်ကြီးချုပ် အဖြစ် သူ့နယ်စီးပွားရေးကို အောင်မြင် အောင် လုပ်ပြနိုင်ခဲ့သူဖြစ်ရာ “ကျွန်တော့်သွေးကြောတွေထဲမှာ စီးပွားရေးဆိုတာဘဲ ရှိတယ်” ဟုဆိုခဲ့သည်၊ သမ္မတ အိုဘားမား နှင့် အလွမ်းသင့်အောင် ပေါင်းသင်းနိုင်သူဖြစ်ရာ မိတ်ဆွေချင်း တွေ့ကြရာတွင် ပွေ့ဖက် နှုတ်ဆက်ကြသည်၊ စီးပွားရေးခေါင်းဆောင်များနှင့် ဖက်လဲတကင်း တွေ့ဆုံခဲ့ ကြပြီး ဖေ့ဘုတ်(ခ်) တီထွင်ခဲ့သူ ဇူကာဗတ် နှင့် တွေ့စဉ်တွင် သူ့အမေ အကြောင်းပြောပြပြီး ကင်မရာများရှေ့ စဉ်မြင့်ပေါ်တွင် မျက်ရည်ဝဲ လာခဲ့ဘူးသည်။
သူ၏ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Arun Jaitley က အိန္ဒိယ ပြည်သည် ဆင်းရဲတာ မှန်ပါ၏၊ ဆင်းရဲသော နိုင်ငံသည် လည်း စီးပွားရေးလုပ်ရတာဘဲဟု ဝေဖန်ချက်ပေးသည်၊ နေရူး နှင့် အင်ဒီရာဂန္ဓီတို့ ခေတ်က နိုင်ငံခြားရေး ၀ါဒသည် စီးပွားရေးနှင့်ရောယှက်မနေပေ၊ သူတို့၏ အဓိကရည်မှန်းချက် မှာ ဘယ်သူ့ကိုမှ အား မကိုးဘဲ မိမိဖာသာ ပြည့်စုံအောင် နေနိုင်ရေးကြိုးပမ်းကြရန်ဖြစ်ပါသည်၊ ရာဂျစ် ဂန္ဓီ ၀န်ကြီးချုပ်ဖြစ် လာချိန်မှာ စီးပွားရေး ဖွံ့ဖြိုးအောင် နိုင်ငံခြား နှင့် အဆက်အသွယ်များ စတင်ခဲ့ကြသည်၊ ၀န်ကြီးချုပ် P.V. Narasimha Rao လက်ထက်ရောက်မှ သူ၏ နိုင်ငံခြား ခရီးစဉ်များတွင် စီးပွားရေးသမားများနှင့် ခရီးအတူ သွားခြင်း စတင်ခဲ့သည်။
ဝန်ကြီးချုပ် မာမိုဟန်ဆင်း မှာ စီးပွားရေးပညာရှင်ဖြစ်သည်၊ ကုမ္ပဏီ ထိပ်သီးကြီးများနှင့် တွေ့ဆုံဆွေးနွေး ပွဲ ကွန်ဖရင့်များကို အချိန် မှန်မှန်ပြုလုပ်ပေးခဲ့သည်၊ သို့ပါသော်လည်း သိသာထင်ရှားသောပြောင်းလဲမှု များ မတွေ့ခဲ့ရပေ။
သမ္မတဂျော့(ရှ)ဘွတ် နှင့် မာမိုဟန်ဆင်းတို့ နှစ်ဦးသည် လွန်ခဲ့သော ဆယ်နှစ်ကျော်က နျူးကလီးယား စွမ်းအင်အတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အမေရိကန် ဥပဒေတွင် နျူးကလီးယားလက်နက် မပြန့်ပွားရေးအတွက် လိုက်နာရန် စည်းကမ်းချက်များစွာ ပါရှိသည်၊ အိန္ဒိယနိုင်ငံသို့ နျူးကလီးယား ဓါတ်ပေါင်းဖို ရောင်းရန်ကိစ္စသည် ဆယ်နှစ်ကျော်ကြာ လာသည့်တိုင် အကောင်အထည် မပေါ်ခဲ့ပေ။
အမေရိကန်နိုင်ငံ ကွန်ဂရက် နှင့် သမ္မတ ဆက်ဆံရေး အကြောင်းကို နားလည်ဟန်တူသော တရုပ်သမ္မတ စီဂျင်ပင်း မှာ အမေရိကန် ကုမ္ပဏီကြီးများ နှင့် နားလည်မှု ယူရမည်ဟူသော သဘောကို စောစီးစွာ သဘောပေါက်ခဲ့ဟန်တူသည်၊ အမေရိကန်သမ္မတ နှင့် ကွန်ဂရက်သည် စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ စကားကို တလေးတစား နားထောင်လေ့ရှိကြသည်၊ ကွန်ဂရက်က သဘောမတူလျင် သမ္မတ မှာလည်း လုပ်ပိုင်ခွင့် များများစားစား မရှိသည်ကို တရုပ်သမ္မတကြီး နားလည်ဟန်ရှိသည်၊ ၀န်ကြီးချုပ် မိုဒီက စီးပွားရေး လုပ်ငန်းရှင်ကြီးများ နှင့် တွေ့ဆုံဆွေးနွေးနေခြင်း မှာ ဤသဘောပင် ဖြစ်ပါလိမ့်မည်။
၁၉၇၉ ခုနှစ်က နှစ်နိုင်ငံ သံတမန် အဆက်အသွယ် ထူထောင်ပြီးချိန်တွင် ခေါင်းဆောင်ကြီး တိန်ရှောက်ပင်း လည်း အမေရိကန်သို့ အလည်ရောက်လာဘူးသည်၊ တရုပ်နိုင်ငံသည် စီးပွားရေးထူထောင်ရေးကို စတင်နေပြီ ဖြစ်သည် ထိုစဉ်က အမေရိကန်၏ စီးပွားရေး နည်းနာယူရန် လိုသော်လည်း အကူအညီ ယူရမည်ဟု မပါသေးပေ။
အမေရိကန်တို့ အကြား ကောင်းဘွိုင် ဦးထုတ်ဆောင်းပြီး တိန်ရှောက်ပင် ရေပန်းစားခဲ့သလိုပင် တရုပ်သမ္မတကြီးစီဂျင်ပင်း သည် ချောမောလှပပြီး ဖက်ရှင် အကောင်းစား ၀တ်စားတတ်သော ဇနီးသည်ကို ပွဲထုတ်ခဲ့သည်၊ သူသည် ဟာမင်းဝေးသောက်နေကျ လက်ဘက်ရည်ဆိုင် မှာ ထိုင်ခဲ့ဘူးကြောင်း ပြောတတ်သလို သူအိမ်တွင် မတ်တွိန်း၊ သောမက်(စ)ပိန်း စသည့် အမေရိကန် စာရေးဆရာကြီးများ၏ စာအုပ်များ ကိုဖတ်ကြောင်း ပြောပြတတ်သည်၊
အမေရိကန်ကုမ္ပဏီ များ၏ လျှို့ဝှက်ချက်များကို ကွန်ပျူတာ အတတ်ပညာနည်းဖြင့် ခိုးယူခြင်း ကို ဆန့်ကျင်ပါသည်ဟု ကတိပေးသည်။ အမေရိကန်သည် တရုပ်တို့နှင့် ပူးပေါင်းမှသာ ဈေးကွက်သည် တည်ငြိမ်သော အခြေခံပေါ်တွင် ရပ်တည်နိုင်လိမ့်မည်ဟုဆိုသည်၊ ရန်လိုနေခြင်းဖြင့် နှစ်ဖက်စလုံးတွင် အကျိုးမရှိပါဟု အထပ်ထပ်သတိပေးခဲ့ပါသည်၊
တရုပ်ပြည် အရှေ့ဘက်ကမ်းရိုးတန်း နယ်နမိတ် အငြင်းပွားမှုများတွင် တရုပ်ကို ရန်သူသဖွယ် မမြင်ကြဖို့ တောင်းဆိုသည်၊ ထိုဒေသတွင်း ခရီးသွားလာရေး လွတ်လပ်ခွင့် ရှိသလို အသစ်ဖန်တီးသည့် ကျွန်းများ တွင် စစ်စခန်းများ မတည်ဆောက်ပါဟု ကတိတွေပေးနေသည်၊ ကမ္ဘာ့စီးပွားရေးစံနစ်ကို အကြီးအကျယ် ထိခိုက်စေခဲ့သော ယွန်ငွေတန်ဘိုးလျော့ချခြင်းကိုလည်း ထပ်မံလုပ်ဆောင်ရန် အကြောင်းမရှိပါဟု ဆိုသည်၊
သမ္မတ အိုဘားမား နှင့် Green house ဓါတ်ငွေ့ထုတ်လုပ်မှု လျော့ချရန် ကိစ္စကို သဘောတူညီမှု ရပြီးပြီဟု ဆိုပါသည်၊ သို့ပါသော်လည်း တရုပ်ခေါင်းဆောင်ကြီး၏ စကားကို အလုပ် နှင့် လက်တွေ့ မပြ နိုင်သ၍ အမေရိကန် စီးပွားရေးသမားများက သံသယ ရှိနေကြဆဲသာ ဖြစ်သည်။ မည်သို့ဆိုစေ တရုပ်ပြည်၏ ဘီလီယံ ၆၀၀ ပမာဏရှိသောဈေးကွက်မှာ အမေရိကန်တို့အဖို့ အလွန်အရေးကြီးပါသည်၊
၂၀၁၃ ခုနှစ်က လုံခြုံရေး ကန်ထရိုက်ဖြစ်သော အက်ဒ၀ပ် စနိုဒင် ၏အဆိုအရ အမေရိကန် လုံခြုံရေး ဌာနကလည်း တရုပ်တယ်လီဖုံး ကုမ္ပဏီများအပေါ် လျှို့ဝှက်ထောက်လှန်းခဲ့သည် သာဖြစ်သည်၊ အမေရိကန်တို့ကလည်း သူတို့ကုမ္ပဏီများ၏ ဒေတာအချက်အလက်များ ခိုးယူနေကြသည်ကို တရုပ်အစိုးရ က သိသိကြီးဖြင့် လွှတ်ထားသည်ဟု ယုံကြည်ထားကြသည်၊
BIT – Bilateral Investment Treaty ခေါ် နှစ်ဦးသဘောတူ ရင်းနှီးမြှုတ်နှံမှု စာချုပ်မှာ အမေရိကန်နှင့် လက်မှတ်ထိုးထားသော နိုင်ငံ ၄၀ မျှရှိသော်လည်း တရုပ်နိုင်ငံမပါသေးပေ၊ အမေရိကန် လုပ်ငန်းရှင် ၉၀ ဦးထက်မနည်း ဤစာချုပ်ဖြစ်မြောက်ရန်စာရေး တောင်းဆိုထားကြသည်၊ တရုပ်တို့ က လုပ်ငန်းအမျိုး တရာလောက်ကို ချန်လှပ်ပြီးမှ စာချုပ်ချုပ်ဆိုဘို့တောင်းဆိုသောကြောင့် စာချုပ်မှာ ရှေ့မတိုးနိုင်ဖြစ်နေသည်၊ တရုပ်တို့က အမေရိကန် Qualcomm နှင့် မာစီဒီး ကုမ္ပဏီများကို anti-monopoly law ဖြင့်တရားစွဲဆို ထားရာ အမေရိကန်တို့က တရားမျှတခြင်းမရှိဟု ယူဆနေကြသည်၊
တရုပ်ခေါင်းဆောင်ကြီး၏ခရီးစဉ်မှာ ထိုအခက်အခဲများကို ကျော်လွှားနိုင်မည့်နည်းလမ်းများကို ရှာဖွေကြရန် ပင်ဖြစ်ပေသည်၊
(၂)
ထိုသို့သော ဖြစ်ရပ်များက အင်ဒိုနီးရှားနိုင်ငံ သမ္မတကြီး အတွက် အမေရိကန်တို့ နှင့် ဆက်ဆံရာတွင် သူတို့ နိုင်ငံတွင်းက နိုင်ငံရေးကို နားလည်ရန်လိုကြောင်း သင်ခန်းစာပေးလျက်ရှိပါသည်၊ လွန်ခဲ့သော ငါးနှစ်ကလည်း အင်ဒိုနီးရှား သမ္မတကြီး Susilo Bambang Yudoyono သည် အိမ်ဖြူတော်သို့ ဧည့်သည်အဖြစ်ရောက်ခဲ့ဘူးသည်၊ ယခုသမ္မတ ၀ီဒိုဒို၏ ခရီးစဉ် မှာ ဆီလီကွန်မြို့တော်သို့ အရင်သွားမည် ဆိုသည် နှင့် အဆင်အပြင်မှာများစွာ ခြားနားသွားပါသည်၊ တောင်တရုပ် ပင်လယ်အတွင်း ငြိမ်းချမ်းစွာ ပြဿနာဖြေရှင်းဖို့ လိုကြောင်း ဆွေးနွေးကြမည် ဖြစ်သော်လည်း ၀ီဒိုဒို၏ အဓိက ရည်ရွယ်ချက် မှာ အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးကို တိုးတက်အောင် လုပ်ရန်ပင်ဖြစ်သည်။ အမေရိကန် ကုမ္ပဏီ ကြီးများ နှင့် ဘယ်လိုချိတ်ဆက်ကြမည်နည်းဆိုသော အဖြေကိုရှာရန်သာဖြစ်သည်၊
၂၀၁၀ ခုနှစ်က အမေရိကန်နှင့်အင်ဒိုနီရှားတို့ နားလည်မှု စာချွန်လွှာကိုသမ္မတ နှစ်ဦးလက်မှတ် ထိုးခဲ့ကြဘူးသည်၊ ယခုအခါ အင်ဒိုးနီးရှားနိုင်ငံ သည် ဥရောပနိုင်ငံများနှင့် Free Trade ကုန်သွယ်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ညှိနှိုင်းပြင်ဆင်နေသည်၊ ထိုစာချုပ်ပြီးလျင် နောက်တဆင့်မှာ ပစိဖိတ်နိုင်ငံများ သဘောတူစာချုပ် (TPP-Transpacific Partuership) ကိုလက်မှတ်ထိုးနိုင်ရန်ပင်ဖြစ် သည်။
အင်ဒိုနီးရှားနိုင်ငံ၏ ပြဿနာမှာ ပြည်တွင်းလုပ်ငန်းရှင် စီးပွားရေးသမားများက နိုင်င်ငံခြားများနှင့် သဘောတူ စာချုပ်ချုပ်ဆိုရန် စိတ်အားထက်သန်မှုမရှိ ကြခြင်းပင်ဖြစ်သည်၊ သူတို့က အင်ဒိုနီးရှား၏ ပြည်တွင်းအခြေအနေများမှာ အစစ နိမ့်ကျနေသည်၊ နှစ်ကုန်တွင် ဖြစ်ပေါ်ရန် ရည်မှန်းထားသော အေရှန် ASEAN စီးပွားရေးဇုံတွင်ပါဝင်ရေးအတွက် ပင် အဆင်သင့်မဖြစ်သေးဟု ယူဆနေကြသည်။
အမြဲတစေ အေးအေးဆေးဆေး နေတတ် ပြောတတ်သော သမ္မတကြီးသည် အင်ဒိုနီးရှားနိုင်ငံ၏ ရှုပ်ထွေး ထူပြော လှသောနည်းဥပဒေများကြောင့် အိနြေ္ဒ ပျက်လောက်အောင် ဒေါသ ထွက်ရဖူးသည်၊ နိုင်ငံခြားမှ လာသော ကုမ္ပဏီ လူကြီးတယောက်သည် ဂျကာတာရှိ ကုမ္ပဏီအစည်းအဝေးတက်ရောက်လိုလျင် ယာယီအလုပ် လုပ်ပိုင်ခွင့် ပါမစ် ရှိရမည်ဟု ဥပဒေကဆိုသည်။
လက်တွေ့သမားတယောက်ဖြစ်ပြီး မိမိမြို့တော်ဝန်ဖြစ်စဉ်ကမြို့တော်ကိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ သည့်သမ္မတကြီးမှာ အင်ဒိုနီးရှားနိုင်ငံကြီး ကိုစီးပွားရေးဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်မည် ဟု ယုံကြည်ချက် အပြည့်ရှိသည်။
ပါပူဝါ တွင်ရှိသော အမေရိကန် FreePort Mimoran Copper and Gold ကုမ္ပဏီသည် လုပ်ငန်းတိုးချဲ့ရန် စက်မှုကရိယာ အသစ်တပ်ဆင်ရန်၊လိုင်စင်သက်တမ်းတိုးရန် ကိစ္စကို အကြောင်းအမျိုးမျိုးဖြင့် အချိန် ဆွဲနေခဲ့သည်၊ အမေရိကန်ဒေါ်လာ၁၈ ဘီလီယံတန်ဖိုးရှိသော မိုင်းလုပ်ငန်းတိုးချဲ့လုပ်ကိုင်ရေး စာချုပ်ကို သမ္မတက ဤခရီးစဉ်အတွင်း လက်မှတ်ထိုးနိုင် ရန်မျှော်လင့်နေသည်၊ အင်ဒိုနီးရှားနိုင်ငံ၏ တည်ဆဲဥပဒေများအရ လိုင်စင်သက်တန်းတိုးရန် ကိစ္စကို ၂ နှစ် လိုသောအချိန်ရောက်မှ စတင်ဆွေးနွေး ပိုင်ခွင့်ရှိသည်၊
အမေရိကန်ကုမ္ပဏီများက မွတ်စလင် အများစုဖြစ်ပြီး ကျွန်းစုများ ထောင်ချီ၍ရှိသော ဤ နိုင်ငံတွင် ၂၀၀၄ ခုမှ၂၀၁၃ခုနှစ်အတွင်း ဒေါ်လာ ၆၅ ဘီလီယံမျှ ရင်းနှီးမြုပ်နှံခဲ့ပါသည်၊ ၂၀၁၉ ခု ၀ီဒိုဒို၏ သမ္မတ သက်တမ်းကုန် ဆုံးချိန်တွင်နောက်ထပ် ၆၀ ဘီလီယံမျှ အထိတိုးမြင့်နိုင်မည့် အခြေအနေတွင် ရှိနေပါသည်။
အောင်မြင်သော စီးပွားရေး နိုင်ငံတခုဖြစ်လာစေရန် တတ်ကျွမ်းသောပညာရှင်နည်းပါးခြင်း၊ အခြေခံ အဆောက်အဦး ခိုင်မာမှုမရှိသေးခြင်း၊ အစိုးရ၏ဥပဒေများ ရှုပ်ထွေးများပြားခြင်း၊ စသောအဟန့်အတား များစွာ ရှိနေဆဲဖြစ်ပါသည်၊ ယခင်က အင်ဒိုနီးရှားနိုင်ငံသည် သယံဇာတ ပစ္စည်းများကိုထုတ်ရောင်းသော စီးပွားရေးလုပ်ငန်းများအစား ကုန်ထုတ်လုပ်ရေးကိုဦးစားပေး သည့်စက်မှုနိုင်ငံစီးပွားရေးကိုထူထောင်ရန် သမ္မတကြီးမှာ ဆန္ဒပြင်းပြ လျက်ရှိပါသည်။ သမ္မတ ဆူဟာတိုခေတ် ၁၉၈၀ နှစ်များက ဤနည်းဖြင့် အထည်အလိပ်၊ ဘိနပ်နှင့် လူသုံးကုန် အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖေါ်ခဲ့သော ဥပမာများရှိခဲ့သည်၊
တချို့ကလည်း အင်ဒိုနီးရှားနိုင်ငံသည် ရှေ့နှစ်လှမ်းတက်ရန်နောက်တလှမ်းဆုတ်နေရတယ်ဟု ပြောလေ့ရှိကြသည်၊ ဌာနအသီးသီးဝန်ထမ်းတွေက မဖြစ်သင့်သောအမှားတွေကိုသာ လျှောက်လုပ်နေကြ တယ် ဟုဝေဖန်ကြ သူများလည်းရှိသည်။ သမတကြီးသည် ဟိုလိုလို ဒီလိုလို ၀ိုးတ၀ါး ဆင်ချေများနှင့် အလုပ်နှောင့်နှေး စေခြင်းကို လက်သင့်ခံသူမဟုတ်ပေ၊
(၃)
ဒီမိုကရေစီ နိုင်ငံသစ်ဖြစ်အောင် ကျိုးစားအားထုတ်နေသော ကျွန်တော်တို့နိုင်ငံအဖို့ ဖေါ်ပြခဲ့သော နိုင်ငံကြီး ၃ နိုင်ငံ၏ အတွေ့အကြုံများမှ သင်ခမ်းစာ ယူစရာ အချက်အလက်များ များပြားစွာရှိနေပါသည်၊
ကိုသန်းလွင်