မောင်ရင်ငတေ

Maung Yin Nga Tay – Articles

ရောက်တတ်ရာရာအတိုအစများ
မောင်ရင်ငတေ
မေ ၆၊ ၂၀၁၃

● အောက်စ်ဘုခ်ရှေးဟောင်းမြို့တော်သို့ (နှစ်)
မိုဇာ့တ်နှစ် ၂၅၀ အထိမ်းအမှတ် သြစတြီးယားရထား OBB 2006
အောက်စ်ဘုခ်မြို့အကြောင်းကို အရင်တပတ်က ရေးနေရင်းနဲ့ ပေရှည်သွားလို့ နှစ်ပိုင်းမပိုင်းချင်ဘဲနဲ့ ပိုင်းရေးလိုက်ရပါတယ်၊ အပိုင်းတွေခွဲရေးတယ်ဆိုတာ ရေးတဲ့သူအတွက်ကော ဖတ်တဲ့သူအတွက်ပါ ကောင်းလှတာမဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် ဖတ်တဲ့အခါတွေများမှာလည်း မကြိုက်နှစ်သက်ပါဘူး၊ အပိုင်းတစ်မှာ အောက်စ်ဘုခ်မြို့သား ကမ္ဘာကျော်မိုဇာ့တ်တို့ မိသားစုအကြောင်းကို ကြားဖူးဖတ်ဖူး သမျှရေးခဲ့ပါတယ်၊ မိုဇာ့တ်တို့လို နာမည်ကြီးတွေရဲ့အကြောင်းက သေသေချာချာရေးမယ်ဆိုရင် စာမျက်နှာ ထောင်ဂဏန်းနဲ့တောင် လုံလောက်နိုင်မှာမဟုတ်ပါဘူး၊ မောင်ရင်ငတေ ရေးလိုရင်းက ဒီနေရာဒီဒေသမှာ ဒီမြို့ဒီနိုင်ငံမှာ ဒီလူတွေနဲ့ ဒီသမိုင်းတွေရှိတယ် ရှိခဲ့ဘူးတယ် ဆိုရုံလောက်ပါဘဲ၊ ပထဝီအကြောင်းတွေ သမိုင်းကြောင်းတွေအာလုံးကို အသေးစိတ် မောင်ရင်ငတေအဆင့်လောက်နဲ့ ရေးဖို့မလွယ်ပါဘူး၊ အဲလောက်လည်း မတတ်ပါဘူး၊ ခပ်ငယ်ငယ် ကျောင်းသားဘဝတုန်းကလည်း သမိုင်းတို့ ပထဝီတို့ ဂုဏ်ထူးပါဖို့ မပြောပါနဲ့ အောင်မှတ်လေးဆယ်ရအောင် နံကြားထောက် ဖြေခဲ့ရ တာပါ၊ ခုတော့ ကိုယ်သွားခဲ့လာခဲ့တဲ့ အကြောင်းလေးတွေကို အချိန်အားရတုန်း အချက်အလက် ရှာလို့လွယ်တဲ့ အင်တာနက်ခေတ်ကြီးမှာ ဖြတ်ညှပ်ကပ်လုပ်ပြီး မွေးရာပါ ဝါသနာကို ရနိုင်သမျှလေး အကောင်ထည် ဖော်ဖြစ်ရတာပါ၊ ဒါကြောင့်အများကြီးရေးမယ်ဆို ဆက်ရေးလို့ရနိုင်သေးတဲ့ မိုဇာ့တ် မိသားစုအကြောင်းကို ဒီမှာဘဲဖြတ်ပြီး နောက်အောက်စ်ဘုခ်မြို့သားတယောက် အကြောင်းကို ရေးချင်ပါတယ်၊ သူကတော့ မြန်မာပြည်က ကဗျာလောက စာလောကမှာ ထင်ထင်ရှားရှားရှိခဲ့တဲ့သူပါ၊
အင်တာနက်မှာ ဘားတော့ဘရက်လို့ ရိုက်ပြီးရှာလိုက်တာနဲ့ တွေ့မြင်ရမှာကတော့ အကုန်ရရင်ရ မရရင်ဘာမှမလိုချင်ဘူးဆိုတဲ့ မောင်ရင်ငတေတို့ သံကုန်ဟစ်အော်ခဲ့ဖူးတဲ့ ခိုင်ထူးသီဆိုခဲ့တဲ့ သီချင်း စာသားရယ် ၁၉၇၀ ခုနှစ်ကထုတ်ဝေခဲ့ပြီး နောက်ပိုင်းမှာ ဆင်ဆာအပိတ်ခံခဲ့ရတဲ့ တင်မောင်အေး ဘာသာပြန်ခဲ့သော အနာဂတ်အတွက်ကဗျာ ဆိုတာတွေကို ရှာဖွေတွေ့ရှိမှာ ဖြစ်ပါတယ်၊
Bertolt Brecht ဘားတော့ဘရက်
အဲဒီ အနာဂတ်အတွက်ကဗျာစာအုပ်မှာ မြန်မာကဗျာဆရာကြီးဦးတင်မိုးရဲ့ အမှာစာမှာတော့ ဒီလို ရေးထားတာကို ဖတ်ရပါတယ်၊ “ဗားတော့ဗရက်၏ ကဗျာများကို ဖတ်ကြည့်ရသောအခါ စစ်မောင်း သံကို ကြားလိုက်ရဘိသကဲ့သို့ ကြက်သီးမွေးညှင်းထလာပါသည်၊ ဆံပင်မွေးထောင်လာပါသည်၊ ကဗျာများ၏အသံမှာ ဟိန်းလှပါသည်၊ ကဗျာတေးသံမှ ဟုတ်ကဲ့လား၊ ကျည်ဆံတွေများလား၊ ဤသို့ ခံစားမိပါသည်၊ ကျနော်သာနာဇီဖက်ဆစ် ဖြစ်ပါသမင့် ဤနေရာတွင်ပင် ပွဲချင်းပြီး ကျဆုံးဖွယ် ရှိပါ သည်၊ ဤကဗျာများသည်ကဗျာများမဟုတ်၊ လူများပါပေတကား၊ ပြည်သူသိန်းသန်းပါပေတကား၊ ဤသို့ မှတ်ချက်ချမိ ပါတော့သည်၊” ဦးတင်မိုးရဲ့အမှာစာနဲ့အတူ ဂျာမန်ဘာသာကနေ အင်္ဂလိပ် ဘာသာသို့ ပထမဆုံးပြန်ဆိုခဲ့တဲ့ အမေရိကန်လူမျိုး စာရေးဆရာကဗျာဆရာ Hoffman Reynolds (H.R.) Hays (၁၉၀၄-၁၉၈၀) ကတော့ ဘရက်ကို ဒီလိုအမွှန်းတင်ထားပါတယ်၊ “ဂျာမန်စာပေ လောကရဲ့ ဘုရားတဆူဖြစ်တဲ့ စာဆိုကြီး ဗားတော့ဗရက်ကတော့ တသီးပုဂ္ဂလ၀ါဒကို ဆန့်ကျင်ပြီး လူထုခံစားမှုဘက်က ကျယ်ပြန့်စွာတိုင်းတာရှုမြင်ပါတယ်၊ ပုံစံအားဖြင့်လည်း လူထုကအသိအမှတ် ပြုပြီးလို့ လူထုထဲတိုးဝင်နိုင်တဲ့ ဂီတဆန်တဲ့ကဗျာပုံစံများနဲ့ စပ်ဆိုခဲ့တယ်၊ ဗားတော့ဗရက်ဟာ ဟော ဒီခေတ်ရဲ့ တဦးတည်းသော လူထုရှုထောင့်ကဗျာဆရာ ပုံစံအရရောအကြောင်းအရာမှာပါ လူထုနဲ့ အတူအစဉ် ရပ်တည်တဲ့ကဗျာဆရာ တဦးတည်းသော နိုင်ငံရေးကဗျာဆရာရယ်လို့ ဆိုလိုက်ချင်ပါ တယ်၊” ဒါ့အပြင် “ဗရက်ခေတ် ဂျာမဏီမှာ အခြေခံလူတန်းစားတွေအတွက် အခွင့်အရေး အပြည့် ပေးမယ့် ဆိုရှယ်လစ် တော်လှန်ရေး လှိုင်းတံပိုးဟာ ပထမပိုင်းမှာ အလွန်ပဲ အားကောင်းခဲ့တယ်၊ တဖြည်းဖြည်းနဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာ ယိုယွင်းလာပြီး အချောင်သမားတွေ နေရာတကာမှာ အခွင့်ထူးရပြီး ဇိမ်ခံနိုင်ကြတယ်၊ ငွေစက္ကူ ဝယ်လိုအား တန်ဖိုးလျော့လာတယ် စီးပွားရေးကြပ်တည်း လာတယ် လူထုကြီးရဲ့ ဆင်းရဲခံနေရတာနဲ့ လူတစု ဇိမ်ခံရတာ သိသိသာသာ ခြားနားလာတယ်၊   အပေါ်စီးသမားတွေက အခြေအနေမှန်ကို မခံစားတက်ပေမဲ့ ဗရက်အနေနဲ့တော့ လူထုအများစုဟာ ငရဲဘုံထဲမှာလိုပဲ စားဝတ်နေရေး ဒုက္ခပင်လယ်ဝေတာ တွေ့မြင်ခဲ့ပါတယ်၊ တော်လှန်ရေးအသွင်က နေပြီး အခြေအနေ ကြပ်တည်းရှုပ်ထွေးမှုများကို အခွင့်ကောင်းယူ အမြတ်ထုတ်လိုသူတို့ကြောင့် တန်ပြန်တော်လှန်ရေး အန္တရာယ်တွေက အနိုင်ရနေတဲ့ အခြေအနေ ဖြစ်ပါတယ်။” H.R.Hays ရဲ့ ဘားတော့ဘရက်အပေါ် မြင်တဲ့အမြင်တွေပါ၊
http://www.poemhunter.com/i/ebooks/pdf/bertolt_brecht_2012_3.pdf
ဘားတော့ဘရက်၏ ပြဇာတ်များ  
ဂျာမန်လူမျိုး ကဗျာဆရာ ပြဇာတ်ရေးသူ ပြဇာတ်ဒါရိုက်တာ Eugen Berthold Friedrich Brecht ဘားတော့ဘရက် (၁၈၉၈-၁၉၅၆) ကိုဘိုင်ယန်ပြည်နယ် အောက်စ်ဘုခ်မြို့မှာ မွေးဖွားခဲ့ပြီး အသက် ၅၈ နှစ်အရွယ် အရှေ့ဂျာမဏီနိုင်ငံ အရှေ့ဘာလင်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်၊ ဂျာမန်အင်ပါယာ ခေတ်မှာမွေးဖွားခဲ့ပြီး ကမ္ဘာစစ်နှစ်ခုစလုံးကို အချိန်အရွယ်ကောင်းမှာ ဖြတ်သန်းကြီးပြင်းခဲ့ရသူတဦး ဖြစ်ပါတယ်၊ ပထမကမ္ဘာစစ်အပြီး ၁၉၂၀ ကာလများမှာတော့ ဘရက်ဟာ မြူးနစ်မြို့နဲ့ဘာလင်မြို့မှာ အနေများခဲ့ပါတယ်၊ ဘာလင်မှာနေထိုင်စဉ် အနုပညာ စာပေပညာရှင်များစွာနဲ့ သူတွေ့ဆုံခဲ့ရသလို ပြဇာတ်ပေါင်းများစွာကိုလည်း ကိုယ်တိုင်ရေးသား တင်ဆက်နိုင်ခဲ့ပါတယ်၊ သူ့ရဲ့အထင်ရှားဆုံးထဲက အဓိကတခုဖြစ်တဲ့ Aufstieg und Fall der Stadt Mahagonny (Rise and Fall of the City of Mahagonny) ပြဇာတ်ကို အရှေ့ဂျာမဏီရဲ့ မြို့ကြီးတမြို့ဖြစ်တဲ့ Leipzig လိုက်ပဇစ်ရှ်မြို့မှာ ၁၉၃၀ ခုနှစ်တွင် ဦးစွာပထမ ကပြတင်ဆက်နိုင်ခဲ့ပါတယ်၊ နောက်ပိုင်းတော့ဘာလင်နဲ့ အခြားမြို့တွေမှာ ဆက်လက်ပြသအောင်မြင်ခဲ့ပါတယ်၊ Mahagonny အပါအဝင် အခြားဘရက်ရဲ့ ပြဇာတ်အများစုမှာ လက်တွဲခဲ့သူကတော့ ဂျာမန်လူမျိုး ဂျူးမျိုးနွယ်ဝင် တေးရေးစာဆို Kurt Julian Weill (၁၉၀၀-၁၉၅၀) ဖြစ်ပါတယ်၊ ဒီပြဇာတ်ဟာ ၁၉၃၃ နောက်ပိုင်းမှာတော့ နာဇီတွေရဲ့ ပိတ်ပင်တားမြစ်ခံရတဲ့ ပြဇာတ် ဖြစ်ပါတယ်၊ The Doors တေးဂီတအဖွဲ့နဲ့ David Bowie တို့သီဆိုခဲ့ဖူးတဲ့ Alabama Song (Whisky Bar) တေးသီချင်းကတော့ ဒီပြဇာတ်နဲ့အတူ ထင်ပေါ်ကျော်ကြားခဲ့တဲ့ ဘားတော့ဘရက် ရေးသားခဲ့တဲ့ စာသားဘဲ ဖြစ်ပါတယ်၊ http://www.youtube.com/watch?v=vEqrPuhAb1s
ဘားတော့ဘရက်၏ စာအုပ်များ
၁၉၂၆ နောက်ပိုင်းမှာ ဘားတော့ဘရက်ဟာ လက်ဝဲစာပေများကို စတင်လေ့လာခဲ့ပါတယ်၊ သူဟာ လက်ဝဲစာပေ လက်ဝဲအယူအဆများ မာ့စ်ဝါဒစာတွေကို လေ့လာလိုက်စားခဲ့ပြီး သူရေးသားသော ကဗျာများစာများမှာလည်း ပစ္စည်းမဲ့လူတန်းစား အဖိနှိပ်ခံအများပြည်သူ လူထုဘက်မှ အမြဲပြင်းပြင်း ထန်ထန် ရပ်တည်ရေးသားပါတယ်၊ ဒါပေမဲ့သူဟာ ဘယ်သောဘယ်အခါကမှ KPD ကွန်မြူနစ်ပါတီ လက်ဝဲပါတီတွေကို မဝင်ခဲ့ပါဘူးတဲ့၊ သူ့ကိုယ်သူလည်း နိုင်ငံရေးသမားလို့ ယူဆခဲ့ဟန် မတူပါဘူး၊ Adolf Hitler အဒေါ့ဖ်ဟစ်တလာ (၁၈၈၉-၁၉၄၅) တို့ဦးစီးဦးဆောင်ပြုတဲ့ National Socialist German Workers’ Party (Nationalsozialistische Deutsche Arbeiterpartei, NSDAP) Nazi Party လက်ယာအစွန်းရောက် အမျိုးသားရေးဝါဒီ နာဇီပါတီ ခေတ်မှာတော့ သူတို့ရဲ့ပြဇာတ်တွေ ကဗျာတွေစာတွေ ပိတ်ပင်ခံရတာတင်မကဘဲ သူတို့ပါ ဂျာမန်မြေကနေ ပြေးရပါတော့တယ်၊ ပထမ ဦးဆုံး ပြေးကြရတဲ့မြေတွေကတော့ နီးစပ်ရာဥရောပမြို့တွေ ပရာဟာ ဗီယာနာ ပါရီ ဇူးရစ် တို့ပါဘဲ၊ ၁၉၃၃ မှာတော့ ဒိန်းမတ် ကိုပင်ဟေဂင်မြို့ကို ရောက်ရှိသွားပြန်ပြီး ခြောက်နှစ်ကျော်ကြာနေခဲ့ရာက ၁၉၃၉ ခုမှာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ နောက်တော့ ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီမြို့ နောက်ဆုံး ဟစ်တလာရဲ့ နာဇီတပ်တွေ အဲဒီနယ်ကို ရောက်လာတဲ့ ၁၉၄၁ မှာတော့ ဥရောပမှာ ပြေးစရာမြေ ကုန်သွားခဲ့လို့ အမေရိကန်ထိရောက်အောင် ထွက်ပြေးရပါတော့တယ်၊ အဲဒီလိုနာဇီတပ်တွေကြောင့် ထွက်ပြေးခဲ့ရတဲ့ဂျာမန်များရဲ့ German Exilliteratur စာရေးသူတွေထဲမှာတော့ ဘရက်ရဲ့အမည်က ထိပ်ဆုံးကနေပြီး အထူးပင် ထင်ပေါ်ကျော်ကြား ခဲ့ပါတယ်၊

ပြည်ပြေးဘဝ ၁၉၃၉ ခုနှစ် ဇူးရစ်မြို့မှာ ရေးခဲ့တဲ့ပြဇာတ် Mutter Courage und ihre Kinder

 

Brechthaus နေအိမ်ပြတိုက် Auf dem Rain 7 Augsburg, Bayern, Deutschland

နာမည်ကျော်ကြား ထင်ရှားခဲ့တဲ့ သူတွေရဲ့ မွေးဖွားခဲ့ရာ သာမန်နေအိမ်တွေကို ပြတိုက်အဖြစ် အသွင်ပြောင်း ဖွင့်လှစ်တဲ့နေရာမှာ ဂျာမန်တွေကို ဘယ်လူမျိုးမှ လိုက်လို့မှီမယ်မထင်ပါဘူး၊ Trier ထရီယာမြို့က ကားလ်မာ့စ်ရဲ့ Karl Marx-Haus၊ မိုဇာ့တ်ရဲ့ Augsburg အောက်စ်ဘုခ်နဲ့ Salzburg ဆားလ်ဘုခ်မြို့က Mozarthaus၊ ဘားတော့ဘရက်ရဲ့ အောက်စ်ဘုခ်နဲ့ ဘာလင်က Brechthaus၊ ဘီသိုဗင်ရဲ့ Bonn ဘွန်းမြို့က Beethoven-Haus၊ အိုင်းစတိုင်းရဲ့ Ulm အွမ်မြို့နဲ့ Potsdam ပေါ့စဒမ်မြို့က Einsteinhaus၊ စတဲ့နေအိမ်တွေအပြင် အခြားလည်း မောင်ရင်ငတေ မသိသေးတာ ရှိအုံးမှာပါ၊ ဂျာမန်အင်ပါယာခေတ် Bourgeoise ဘူဇွာ လူလတ်တန်းစား မိဘများက မွေးဖွားခဲ့တဲ့ ဘရက်ရဲ့ မွေးဖွားခဲ့ရာ နေအိမ်ကလည်း သာမန်အိမ် တအိမ်ပါဘဲ၊ ဂျာမဏီမှာ Brechthaus ဆိုပြီး ဘရက်အမှတ်တရအဖြစ် နေအိမ်ကိုအသွင်ပြောင်းပြီး ပြတိုက်အဖြစ် ဖန်တီးထားတာ နှစ်အိမ်ရှိပါ တယ်၊ တအိမ်ကတော့ ဘရက်ရဲ့ နောက်ဆုံးကာလများမှာ နေထိုင်ခဲ့တဲ့ GDR ခေတ် Deutsche Demokratische Republik ဂျာမန်ဒီမိုကရက်တစ်သမတနိုင်ငံသစ်ရဲ့မြို့တော် အရှေ့ဘာလင်မြို့ Chausseestraße လမ်းပေါ်က အိမ်နံပတ် ၁၅ ပါ၊ ၁၈၄၀ ခုနှစ်များက ဆောက်လုပ်ခဲ့တယ်ဆိုတဲ့ အဲဒီအိမ်မှာ ပြည်ပြေးဘဝက ပြည်တော်ပြန်ခဲ့ပြီး ၁၉၅၃ ခုကနေ သူသေဆုံးခဲ့တဲ့ ၁၉၅၆ သြဂုတ်လ ၁၄ရက် နေ့ထိတိုင် နေထိုင်ခဲ့ပြီး ဇနီးဖြစ်သူ မင်းသမီး Helene Weigel ကတော့ သူမကွယ်လွန်တဲ့ ၁၉၇၁ ထိ နေထိုင်ခဲ့တာပါ၊ အောက်စ်ဘုခ်ကအိမ်ကတော့ သူမွေးဖွားခဲ့တဲ့အိမ်ပါ၊ ဒီအိမ်ကို ဝင်ပြီး ကြည့်မယ်ဆိုရင်တော့ သုံးယူရိုပေးရမှာ ဖြစ်ပါတယ်၊
Maison natale de Rudolf Diesel, 38 Rue Notre-Dame de Nazareth,Paris
ဘားတော့ဘရက်ပြီးရင် အောက်စ်ဘုခ်မြို့ရဲ့ နာမည်ကျော်နောက်တဦးကတော့ ရူးဒေါ့ဖ်ဒီဇယ်ပါဘဲ၊ ယနေ့ခေတ်မှာ မရှိမဖြစ်တဲ့နေရာမှာ ရောက်နေတဲ့ အင်ဂျင်စက်ဆိုတဲ့အရာကို တီထွင်ခဲ့တာဖြစ်လို့ သူအမည်ကို အစွဲပြုပြီးတော့ အဲဒီစက်များကို ဒီဇယ်အင်ဂျင်စက်ဆိုပြီး ခေါ်ခဲ့ကြတာပါ၊ Rudolf Christian Karl Diesel ရူးဒေါ့ဖ်ဒီဇယ် (၁၈၅၈-၁၉၁၃) ကို အောက်စ်ဘုခ်မြို့သားစစ်စစ်လို့ မပြော ချင်ရင်လည်း ရနိုင်ပါတယ်၊ ဘာလို့လည်းဆိုတော့ကာ သူမွေးဖွားခဲ့တာကော သေဆုံးခဲ့တဲ့နေရာပါ အောက်စ်ဘုခ်မြို့မှာ မဟုတ်ခဲ့ပါဘူး၊ သူ့ရဲ့မိဘနှစ်ပါးစလုံးက ဂျာမန်လူမျိုး ဘိုင်ယန်ပြည်နယ်က အောက်စ်ဘုခ် Nürnberg နူရင်ဘာ့ခ်မြို့နယ်သားများ ဖြစ်ကြပြီး ပါရီမြို့ကို ပြောင်းရွှေ့အခြေစိုက် နေထိုင်ကြသူများ ဖြစ်ကြပါတယ်၊ ဖခင်ဖြစ်သူဟာ စာအုပ်ချုပ်လုပ်ငန်း သားရေပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းများကို လုပ်ကိုင်သူ ဖြစ်ပါတယ်၊ ရူးဒေါ့ဖ်ဒီဇယ်ကို ၁၈၅၈ ခုနှစ် ပါရီမြို့လယ်ခေါင် အမှတ် ၃ ရပ်ကွက်မှာ မွေးဖွားခဲ့ပြီး အသက် ၅၅ အရွယ်သာရှိသေးတဲ့ ၁၉၁၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက် နေ့မှာ ပြင်သစ်လို La Manche အင်္ဂလိပ်လို English Channel လို့အမည်တွင်တဲ့ ရေလက်ကြားကို ကူးတဲ့ SS Dresden သင်္ဘောနဲ့ လန်ဒန်ကိုအသွားမှာ ပျောက်ချင်မလှ ပျေက်ဆုံးသွားခဲ့တာပါ၊ ည ၁၀ နာရီ ထမင်းစားခန်းထဲကနေ သူအိပ်ခန်းကို ပြန်ဝင်သွားခဲ့တာကို နောက်ဆုံးတွေ့မြင်လိုက်ရပြီး နောက်တနေ့ မနက်မှာတော့ သူ့ကိုမတွေ့ရတော့ပါဘူးတဲ့၊ သူတီထွင်နေတဲ့ အင်ဂျင်စက် ပေါက်ကွဲ စဉ်တုန်းက သေလုမျောပါး ဒဏ်ယာတွေရပြီး မသေခဲ့ပေမဲ့ သူပျောက်ဆုံးသွားတာက သူများသတ် လို့ဘဲသေသလား ကိုယ့်ဘာသာကို ရေထဲခုန်ချ သွားခဲ့လေသလားကတော့ အဖြေမပေါ်နိုင်ခဲ့တဲ့ ဇာတ်လမ်းတပုဒ် ဖြစ်ခဲ့ရတာပါဘဲ၊ သူ့ရဲ့အစွမ်းထက်လှတဲ့ ဒီဇယ်အင်ဂျင်စက် ပိုင်ဆိုင်မှုကဘဲ သူ့ကို လူ့လောကက ကွယ်ပျောက်စေခဲ့ရသလား ဆိုတာကလည်း အဖြေမရှိတဲ့ မေးခွန်းပါဘဲ၊
Rudolf Christian Karl Diesel
Marshall Brain လို့ တင်စားခေါ်ဝေါ်ကြတဲ့ ရူးဒေါ့ဖ်ဒီဇယ်ရဲ့ ငယ်ဘဝဟာ ပါရီမြို့မှာစခဲ့ပေမဲ့ ၁၈၇၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Franco–Prussian War ခေါ် Franco–German War တနှစ်ကျော်ကြာ ပြင်သစ်ဂျာမန်စစ်ပွဲရဲ့ ဂယက်လှိုင်းကြောင့် သူ့မိဘများက သူ့ကိုအောက်စ်ဘုခ်မြို့သို့ ပြန်ပို့လိုက်ပြီး ကျောင်းနေစေတာကြောင့် သူဟာအောက်စ်ဘုခ်မြို့သား ပြန်ဖြစ်ခဲ့ရတာပါ၊ ဒီနောက်တော့ သူဟာ မြူးနစ်မြို့မှာ တည်ရှိတဲ့ Technische Universität München စက်မှုတက္ကသိုလ်ကနေ ဂုဏ်ထူး များစွာနဲ့ ဘွဲ့ရခဲ့ပြီး ၁၈၈၀ ခုမှာ ပါရီကို ပြန်ရောက်လာပြီး အလုပ်လုပ်ပါတယ်၊ ၁၈၈၃ ခုမှာ Martha Flasche နှင့်အိမ်ထောင်ပြုခဲ့ပြီး ၁၈၈၉ မှာတော့ ဘာလင်မြို့ကို သူတို့နှစ်ယောက် ပြောင်းရွှေ့ပြီး အခြေချနေပါတယ်၊ သူဟာပါရီမြို့မှာ မွေးဖွားခဲ့ပြီး ၁၂ ကျော်နေထိုင်ခဲ့ပေမဲ့ ပြင်သစ်နိုင်ငံသားတော့ မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်၊ သူ့အကြောင်း မှတ်တမ်းတွေထဲမှာလည်း ဂျာမန်လူမျိုး ဂျာမန်နိုင်ငံသား လို့သာ ရေးကြတာကို တွေ့ရပါတယ်၊ ၁၈၉၃ ခုကနေ ၁၈၉၇ ကြားထဲမှာတော့ ဒီဇယ်အင်ဂျင်လို့ ခေါ်တွင်လာမယ့် အင်ဂျင်စက်တမျိုးကို တီထွင်ဖို့ လုံးပမ်းပါတော့တယ်၊ ငွေကြေးအကူညီကိုတော့ Die MAN SE (Maschinenfabrik Augsburg-Nürnberg) ကုမ္ပဏီကြီးရဲ့ အောက်စ်ဘုခ်စက်ရုံခွဲ ဒါရိုက်တာဆီကနေ ရခဲ့ပါတယ်၊
ရူးဒေါ့ဖ်ဒီဇယ်ရဲ့ ပထမဒီဇယ်အင်ဂျင် ၁၈၉၇ Erster Dieselmotor
Die MAN SE (Maschinenfabrik Augsburg-Nürnberg, Societas Europaea)
၁၉၀၀ ပြည့်နှစ် ပါရီမြို့မှာ ပြုလုပ်တဲ့ L’Exposition universelle de Paris ပွဲကြီးမှာတော့ သူ့ရဲ့ ဒီဇယ်အင်ဂျင်ကို ဈေးကွက်တင် ရောင်းချနိုင်ဖို့အတွက် ဝင်ရောက်ပြသနိုင်ခဲ့ပါတယ်၊ သူသေဆုံးပြီး နှစ်ပေါင်းတရာပြည့်သော ယနေ့ကာလမှာတော့ တခြားတခြားသော နည်းပညာသစ်တွေ တီထွင် လာနိုင်သော်လည်းဘဲ ရူးဒေါ့ဖ်ဒီဇယ် တီထွင်ခဲ့တဲ့ ဒီဇယ်အင်ဂျင်ရဲ့ အရေးပါအရာရောက်မှုကတော့ လျော့ပါးသွားခြင်း မရှိသေးပါဘူး၊ ဒီဇယ်အင်ဂျင်ကို သူတီထွင်နေစဉ် သူ့ကိုအကူအညီပေးခဲ့တဲ့ သူ အလုပ်လုပ်ကိုင်ခဲ့တဲ့ Maschinenfabrik Augsburg-Nürnberg MAN ကုမ္ပဏီအုပ်စုကြီးကလည်း ကြီးထွားမြဲကြီးထွားလျှက်ပါဘဲ၊ ၁၇၅၈ ခုနှစ်ကတည်းက သံထည်လုပ်ငန်းတွေနဲ့ စတင်လုပ်ကိုင် တည်ထောင်ခဲ့တဲ့ MAN ကုမ္ပဏီအုပ်စုကြီးရဲ့ ပင်မဋ္ဌာနရုံးချုပ်ကတော့ မြူးနစ်မြို့တော်မှာ တည်ရှိပြီး အောက်စ်ဘုခ်စက်ရုံကတော့ ၁၈၄၀ ခုနှစ်မှာ စတင်ခဲ့ပြီး MAN အမည်ကတော့ ၁၉၀၈ ခုမှာမှစတင် ပြောင်းလည်း အသုံးပြုခဲ့တာပါတဲ့၊ ၂၀၁၁ မှာ Volkswagen AG ကုမ္ပဏီက မန်းရဲ့အစုရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပါတယ်၊ အဓိကသူတို့ ထုတ်လုပ်တာကတော့ ဒီဇယ်အင်ဂျင် တာဘိုအင်ဂျင် များအပြင် ကုန်တင်ထရပ်ကား ဘတ်စ်ကားအမျိုးမျိုးကို ထုတ်လုပ်နေပါတယ်၊
ပါရီမြို့မှာ ပြေးဆွဲနေတဲ့ MAN Lion’s City ဘတ်စ်ကားတစင်း
မြောက်များလှစွာသော နာမည်ကြီး ဂျာမန်လူမျိုး တီထွင်သူတွေ ပညာရှင်တွေ စာရင်းထဲမှာတော့ ရူးဒေါ့ဖ်ဒီဇယ်ဆိုတဲ့ အမည်ကလည်း သူကွယ်လွန်ပြီး နှစ် ၁၀၀ ပြည့်ခဲ့သည့်တိုင်အောင် အမြဲတမ်း အရေးပါတဲ့ ထိပ်တန်းနေရာ တနေရာမှာ ရှိနေမှာကတော့ အမှန်အကန် အသေအချာပါဘဲ၊
Augsburger Plärrer Volksfeste
အဲဒီလို အောက်စ်ဘုခ်မြို့တော်ဟာ သူမြို့မှာမွေးဖွားကြီးပြင်း ဖြတ်သန်းသွားခဲ့တဲ့သူတွေနဲ့ ဂုဏ်ယူ နေခဲ့သလို မြို့ရဲ့ရိုးရာ အစဉ်အလာပွဲတော်တွေ ပြုလုပ်ကြတဲ့ အခါမှာလည်း မပါမဖြစ် ပါဝင်ကြတာ တခုကတော့ ဘီယာသောက်ပွဲတွေပါဘဲ၊ အောက်စ်ဘုခ်မြို့တည်ရှိရာ Swabia ခေါ် Schwaben Bayern ဒေသရဲ့ရိုးရာပွဲ Schwabens Volksfest တွေထဲမှာတော့ Augsburger Plärrer ပွဲကတော့ အကြီးဆုံးတခုပါဘဲ၊ ဂျာမဏီတနိုင်ငံလုံးမှာတော့ မြူနစ်မြို့မှာ ပြုလုပ်တဲ့ Oktoberfest München အောက်တိုဘာပွဲတော်ကြီးက ဘီယာပွဲတော်များထဲမှာတော့ အကြီးကျယ်ဆုံး အထင်ရှားဆုံး လူသိ အများဆုံးပွဲတော်ဖြစ်သလို လာရောက်သူများပြားလွန်းလို့ တိုးမပေါက်နိုင်ဘဲ ဘီယာတခွက်ရဲ့ ဈေး နှုန်းကိုလည်း ပိုမြှင့်ထားပါတယ်၊ ဒါကြောင့်ဒီအကြောင်းကို သိရှိပြီးသူတွေက အောက်တိုဘာပွဲကို ရှောင်ကြပြီး တခြားပွဲကလေးတွေရှိရာကို ခြေဦးလှည့်ကြတာပါ၊ တခြားပြည်နယ်အသီးသီးမှာလည်း သူ့နည်းသူ့ဟန် သူ့အတိုင်းအတာနဲ့သူ ပြုလုပ်ကြပါတယ်၊ ဂျာမဏီရဲ့လုပ်သမျှ ပွဲတော်များထဲမှာ ဒီ အောက်စ်ဘုခ်မြို့မှာ လုပ်တဲ့ပွဲကလည်း အဆင့်မနိမ့်လှတဲ့ ပွဲတပွဲပါဘဲ၊ ခုတော့ဒီပွဲမှာလည်း လူတွေ များပြားစွာ လာရောက်နေပါပြီ၊ ပွဲတော်ကျင့်ပရာ မြေကွက်လပ်ကျယ်ကြီးမှာ မောင်ရင်ငတေတို့ ရွာ ကဘုရားပွဲလိုပါဘဲ၊ ရိုးရာဒေသထွက်ပစ္စည်းများ ရိုးရာဒေသထွက်အစားအစာများ ရောင်းတဲ့ဆိုင် အများအပြားရှိသလို ကြည့်ချင်ပွဲတွေ ချားတို့ရဟတ်တို့ စီးစရာတွေ ကစားပွဲတွေ အားလုံးလိုလိုဟာ ရွာကဘုရားပွဲတွေနဲ့ သိပ်မခြားနားလှပါဘူး၊ ပုံစံသစ်နဲ့အဟောင်း ကွာသလောက်တော့ ရှိပါတယ်၊ အဓိက ကွာခြားတာတခုကတော့ ရွာကဘုရားပွဲတွေမှာ ဇာတ်တွေ စတိတ်ရှိုးတွေကို ရုံသွင်းသလို သူတို့ကတော့ ရုံကြီးတွေဆောက်ပြီး ဘီယာကို အကြိုက်သောက်ကြတာပါဘဲ၊
အောက်စ်ဘုခ်ဘီယာရုံတော်ကြီး
ရုံသွင်းပြီး အမှန်အကန်သောက်ကြတဲ့ ဂျာမန်ဘီယာပွဲ
ရုံတွေကလည်းကြီးသလို လာကြတဲ့သူတွေကလည်း ရုံလျှံထွက်ပါတယ်၊ မောင်ရင်ငတေတို့တောင် အရောက်နောက်ကျသွားလို့ နေရာမရတော့ ရုံအပြင်ခုံတန်းမှာဘဲ ထိုင်ရပါတော့တယ်၊ ရုံထဲမှာက ဘီယာသောက်ရင်း လိုက်ဖက်လှတဲ့ ရိုးရာအစာကိုမြည်းရင်း ရှေ့ကဝုန်းဒိုင်းကြဲ သီဆိုတီးခတ်နေတဲ့ စတိတ်ရှိုးကိုကြည့်ရင်း ဝါသနာကြီးသူတွေဆိုရင်လည်း ကိုယ့်ရှေ့ရှိတဲ့ စားပွဲပေါ်မှာ တက်ကကြရင်း ပေါ့ စိတ်အပန်းဖြေကြတာမျိုးပါ၊ ပြဿနာတွေ ရှိခဲ့ဖူးပေမဲ့ ကြီးကြီးမားမားဖြစ်တာမျိုး မရှိပါဘူးတဲ့၊
ရိုးရာအစားအစာ Bretzel ရယ် ငါးကင်ရယ် တလီတာဘီယာမတ်ခွက်
အောက်စ်ဘုခ်မြို့ ဇာတ်လမ်းတိုကို ဘီယာပွဲတော်မှာ ဘီယာသောက်ရင်း ရပ်နားလိုက်ပါတော့မယ်၊ သူတို့လူမျိုးတွေဟာ ဘီယာဘယ်လောက်ဘဲသောက်သောက် မူးတဲ့အခါမူးရင်း ရူးတဲ့အခါရူးကြရင်း တဘက်ကလည်းရိုးရာယဉ်ကျေးမှုတွေကို မြတ်နိုးစွာဖက်တွယ်ထားရင်း ခေတ်ရေစီးကြောင်းတွေရဲ့ အပြောင်းတွေ အရွေ့တွေမှာလည်း လိုက်ပါလို့မျောပါကြရင်း မိမိတို့နဲ့ သက်ဆိုင်ရာ ဒေသတွေကို တိုးတက်ရာတိုးတက်ကြောင်း လုပ်ပိုင်ခွင့်များရရင်း လက်တွေ့မှာလည်း ကမ္ဘာမှာရော ဥရောပမှာပါအဖွင့်ဖြိုးဆုံး အတိုးတက်ဆုံး နေထိုင်လို့အကောင်းဆုံး အလုပ်အကိုင်အပေါများဆုံး နိုင်ငံတနိုင်ငံ အဖြစ်ရပ်တည်နေပါပြီ၊ အလုပ်အကိုင်တွေ ပေါများလှတာက ပညာရှင်တွေရော ပညာမရှင်တွေပါ တရားဝင်တွေရော တရားမဝင်တွေပါ ပေါများတာပါ၊ အဲဒါတွေက အခုဆယ်စုနှစ်ပိုင်းအတွင်း တရွာ မပြောင်းလို့ သူကောင်းမဖြစ် စနစ်သစ်နဲ့အတူ ဒီဂျာမဏီနိုင်ငံကို ရောက်ရှိအခြေချနေထိုင်ကြတဲ့သူ မောင်ရင်ငတေတို့လို ရွှေလူမျိုးတွေရဲ့ အရေအတွက် စုစုပေါင်းဟာ များပြားသထက် များပြားလာခဲ့ တာက သက်သေထူနေပါတယ်၊ ရွှေလူမျိုးတွေဟာ အင်္ဂလိပ်စကားပြောတဲ့ တိုင်းပြည်ကြီးတွေကို ဦးစားပေး ရွေးသွားကြတာ များပါတယ်၊ ဒီလို အင်္ဂလိပ်စကားကို သုံးစွဲလို့မရတဲ့ ဥရောပနိုင်ငံတွေကို ရောက်လာကြသူတွေက ဘယ်အစီစဉ်တွေ ဘယ်အဖွဲ့တွေရဲ့ အကူအညီမပါဘဲ အိမ်ပေါင်ခြံပေါင် နွားပေါင်ပြီး ရောက်လာတဲ့သူတွေက အများစုပါ၊ နောက်ပြီးတော့ ဒီဥရောပမြေကို မပြောပါနဲ့ အာရှ မြေမှာတောင်မှ ဘာအလုပ်မှ ရွာပြင်ထွက်ပြီး ကောင်းကောင်းမလုပ်ဖူးကြတဲ့ ရွှေကိုယ်တော် ပွဲစား ကြီးတွေရဲ့ အစီမံအောက်မှာ လေဆိပ်ရောက် ခုန်ချဗီဇာနဲ့ ရောက်ရှိလာကြသူများဟာ ဂျာမဏီမှာ ထောင်ဂဏန်း တော်တော်များများကို ရှိလို့နေပါပြီ၊ မောင်ရင်ငတေတို့ရဲ့ ပြင်သစ်ပြည်ရောက် ရွှေ ကိုယ်တော်တွေရဲ့ အရေအတွက်ဟာ စက်နဲ့တွက်စရာမလိုတဲ့ ရာဂဏန်းအောက်မှာဘဲ ရှိနေသေး တာနဲ့သာ နှိုင်းယှဉ်စဉ်းစား ကြည့်ကြပါတော့၊ ဂျာမဏီဟာ ဘယ်လိုအစဉ်ပြေသလဲ ဆိုတာကိုပါ၊
တကယ်ကို အမှန်အကန်သောက်ကြတဲ့ ဂျာမန်မမများ
သူတို့တတွေရဲ့ ရှေးဟောင်းမြို့တော်တွေဟာ ရှေးဟောင်းအထိမ်းအမှတ်တွေဟာ ခေတ်သစ်မြို့ပြ အဆောက်ဦတွေအကြား ရထားသံကားသံ လူသံတွေအကြား ဟိုနေရာကျဲကျဲမှာ ဒီနေရာကျဲကျဲမှာ အများအားဖြင့် တည်ရှိနေတာပါ၊ မောင်ရင်ငတေတို့ ရွှေတိုင်းပြည်ကြီးမှာ တည်ရှိနေတဲ့ လွန်ခဲ့သော နှစ်ပေါင်းတထောင်ကာလက အနော်ရထာ ကျန်စစ်သားတို့ရဲ့ ပုဂံမြို့ဆိုတဲ့ ရှေးဟောင်းမြို့တော်မှာလက်ရှိထိ ရှိနေဆဲ မူလလက်ဟောင်း အော်ရဂျင်နယ် အဆောက်အဦတွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်ပါဘူး၊ သူတို့ရဲ့ တခုစနှစ်ခုစ ဟိုတစဒီတစ ကျန်ရှိနေခဲ့တဲ့ဟာတွေကို စိတ်ဝင်စားသူများ ပိုမို ပြီးများပြားလာအောင် ရောက်ရှိလည်ပတ်လာအောင် အဖက်ဖက်ကနေ စဉ်းစားပြင်ဆင် လုပ်ကိုင် ထားတာတွေကတော့ အတုယူဖို့ကောင်းတာတွေ အများအပြားရှိနေပါတယ်၊ အဟောင်းပြင်တယ် ဆိုတာက အသစ်တွေဆောက်သလို ကိုယ့်စိတ်ကူးနဲ့ကိုယ် ကွန့်ညွှန့်ပြီး စိတ်ကြိုက်လုပ်လို့ မရနိုင် သလို ငွေမရှိ ပညာမရှိဘဲနဲ့လည်း လုပ်လို့မရနိုင်ပါဘူး၊ ဘာမှမဟုတ်တဲ့ နှစ်ထပ်ဘူတာရုံ အဟောင်း တခုကို အသစ်ပြန်လည်ပြင်ဆင် တည်ဆောက်ဖို့ ဆွေးနွေးငြင်းခုံနေကြတာ လေးငါးနှစ်ကျော်မက ကြာပါတယ်၊ လူတိုင်းဝင်ရောက်ဆွေးနွေးနိုင်ဖို့ လမ်းစတွေဖွင့်ပေးထားပါတယ်၊ ဝါသနာပါသူတွေက ဝင်ပြီးငြင်းခုံနိုင်ပါတယ်၊ ငွေရှင်တွေကလည်းငွေထုပ်ပိုက်ပြီး အသစ်တွေ တည်ဆောက်ချင်ကြသလို အသစ်ဆိုတဲ့ အရာတိုင်းကလည်း ကောင်းလှတာ မဟုတ်ကြောင်းကို အခုခေတ်မှာ ပိုမိုပြီးနားလည် လာသူတွေလည်း များလာပါပြီ၊ အဲ ဒါပေမဲ့ ဘူတာရုံအသေးလေးတရုံလုံးကို စားသောက်ဆိုင်အဖြစ် ပြောင်းလည်း ဖွင့်လှစ်ထားတာကိုလည်း ဂျာမဏီမြေ တနေရာမှာ တွေ့ရှိခဲ့ရကြောင်းပါ၊ ခရီးသွား လာသူတွေက ဘူတာရုံမှတ်ပြီး ဝင်သွားတဲ့အခါမှာ စားသောက်ဆိုင်တခု ဖြစ်နေတာကို အံ့သြဘွယ် တွေ့ရတာမျိုးပါဘဲ၊ အကောင်းတွေကို ရှာပြောခဲ့သလို ဂျာမဏီမှာ ဆိုးတာလေး နောက်တကွက် မြင်ခဲ့ရတာကို ပြောရရင်တော့ ပွဲတော်တခုအပြီး နောက်တနေ့မနက် တွေ့မြင်လိုက်ခဲ့ရတဲ့ မြင်ကွင်း တခုပါဘဲ၊ လော်ကယ်ရထားတစီးပေါ်က မြင်ကွင်းတခုပါ၊ တညလုံး သောင်းကျန်းထားတာတွေကို မနက်စောစော သိမ်းသူမရှိတဲ့ အမှိုက်ဗလပွနဲ့ ရထားပေါ်က မြင်ကွင်းပါ၊ တာဝန်ရှိသူတွေကတော့ ခရီးသွားတွေကို လိုက်တောင်ပန်တာကိုတော့ ကျေနပ်မိခဲ့ပါရဲ့၊ သူတို့မှာလည်း ရှိတော့ရှိပါတယ်၊ ရှားတော့ရှားတယ်ပေါ့ ခင်ဗျား၊

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts