မောင်ရင်ငတေ

Maung Yin Nga Tay – Articles

ရောက်တတ်ရာရာအတိုအစများ
ကမ္ဘာတလွှား အီဖယ်များ (ဒုတိယပိုင်း)
မောင်ရင်ငတေ
စက်တင်ဘာ ၈၊ ၂၀၁၃
၁၂၄ နှစ်အရွယ် နုပျိုနေဆဲ ပါရီအီဖယ်ရဲ့ သြဂတ်စ်ညတညအလှ
ကမ္ဘာတလွှားမှာရှိတဲ့ အီဖယ်မျှော်စင်ပုံစံတူ မူပွားတွေရှိရာဒေသတွေအကြောင်းကို အရင်တပတ်က ရေးဖြစ်ခဲ့ပါတယ်။ အဲဒီပထမပိုင်းမှာ (တစ်) အမေရိကန်နဲ့ ကနေဒါနယ်စပ် Michigan မှာရှိတဲ့ Paris မြို့လေးက မျှော်စင်အသေးလေး၊ (နှစ်) ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိ København Zoo tårn မျှော်စင်၊ (သုံး) တရုတ်ပြည် ဟောင်ကောင်မြို့အနီး Shenzhen မြို့က ပါရီနဲ့ပုံစံတူမျှော်စင်၊ (လေး) တရုတ်ပြည် ရှန်ဟဲမြို့နဲ့ ကီလိုမီတာ ၂၀၀ အကွာမှာရှိတဲ့ Hangzhou မြို့ ပါရီရပ်ကွက်က မျှော်စင်၊(ငါး) အင်္ဂလန်နိုင်ငံ Blackpool မြို့က Blackpool Tower စတဲ့ ပါရီအီဖယ်ဆောက်လုပ်ပြီးကာလနောက်ပိုင်းမှာ ပုံစံတူလိုက်ပြီး ဆောက်ခဲ့ကြတာတွေကို ရေးခဲ့ပါတယ်။ စုစုပေါင်း အီဖယ်ပုံစံ တူတွေ အခုပေါင်း သုံးဆယ်ကျော်ရှိတယ်လို့ ဆိုပါတယ်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ  တရုတ်ပြည်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာတဲ့ ဒေသ တွေမှာ ကမ္ဘာ့အထင်ကရ အဆောက်အဦ ပုံစံတူတွေကို အားကျမခံ အပြိုင်းအရိုင်း သူထက်ငါ တည်ဆောက်လာကြတာက မြို့ပြဖွင့်ဖြိုးရေး နဲ့အတူ ကပ်ပါလာတဲ့ ရောဂါတမျိုးလို ဖြစ်နေတာပါ။ သက်ဆိုင်ရာ တာဝန်ကျ မြို့တော်ဝန် ဖြစ်လာတဲ့သူတွေကလည်း လုပ်စရာ ရှာမရတော့ ကြံဖန်လုပ်ကြရသလိုတောင် ဖြစ်နေပါပြီ။ အီဖယ်မျှော်စင်ကိုတုပပြီး ဘာကြောင့်များ အခုလို မူပွားတွေ တည်ဆောက်ကြလဲဆိုတာကို ထိုတည်ဆောက်ကြသူများ ဘယ်လိုရှင်းပြကြမလဲဆိုတာ မောင်ရင်ငတေ သေချာမသိနိုင်ပေမဲ့ မောင်ရင်ငတေ ကိုယ်တွေ့အရရယ် လေ့လာကြည့်မိ သလောက်ရယ် ပြောချင်ပါတယ်။ မောင်ရင်ငတေ ပါရီမြို့တော်ကို ခြေချခဲ့ပြီးနောက် အီဖယ်မျှော်စင် အောက်သို့သွားမယ် ဆိုခဲ့ရင် မငြင်းစတမ်း လိုက်ဖြစ်ခဲ့ပါတယ်။ အလည်လာရောက်သူတွေကိုလည်း ကြိမ်ဖန်များစွာ လိုက်ပို့ခဲ့ဖူးပါတယ်။ အဲလိုမျိုး ပထမဦးဆုံး အကြိမ် အီဖယ်ရဲ့အောက် ရောက်ဖူးခဲ့တဲ့အခါကရော ဒီကနေ့အထိ ရောက်ခဲ့တဲ့အကြိမ်တိုင်းမှာ အီဖယ်အောက် မြက်ခင်းပြင်ကနေ အမြဲလို မော့ကြည့်ဖြစ်ပါတယ်။ ကောင်းကင်အဆုံး ထိုးထွက်နေသယောင် ထငမြင်ရတဲ့ နီညိုရောင် သံမဏိချောင်းတွေနဲ့ ရာဇမတ်ကွက်လို့ ခေါ်ရမ လား မှန်ကူကွက်လို့ခေါ်ရမလား ယက်ဖောက်ထားတဲ့ ဒီမျှော်စင်ကြီးရဲ့ လှပခံညားမှုဟာ ဘယ်အဆောက်အဦးနဲ့မှ မတူပါဘူး။ နောက်တချက် က ကမ္ဘာ့မှာ ရှေးအကျဆုံး မျှော်စင်တခုဖြစ်ပြီး အမြင့်ဆုံးမျှော်စင် စာရင်းထဲမှာလည်း ပါဝင်ပါတယ်။ နောက်ပြီး တချိန်တည်း တပြိုင်နက် တည်းမှာ လူလေးထောင်ကျော် တက်ရောက်နိုင်တဲ့ ဒီလိုမျှော်စင်ကြီးမျိုးက တခြားသော အရပ်ဒေသများမှာ ရှိမယ်မထင်ပါဘူး။ အဲဒီလို လှပခံညားမှု ဗိသုကာပညာ မြင့်မားမှု ခိုင်ခံမှု ရှေးဟောင်းတန်ဖိုးကြီးမားမှုတွေနဲ့ ပြည့်စုံနေတာပါ။ ဒါကြောင့်လည်းဘဲ နာမည်ကျော်ကြား လူကြိုက်များနေတာဖြစ်မယ် ထင်မိကြောင်းပါခင်ဗျာ။
 ညမီးရောင်နဲ့ ပရာဟာအီဖယ် Petřín Tower
ဒုတိယပိုင်းအနေနဲ့ အရင်တလောတုန်းက ချက်နိုင်ငံပရာဟာမြို့အကြောင်း ရေးခဲ့စဉ်က ထည့်သွင်း ရေးခဲ့တဲ့ ချက်အီဖယ်ကို ပြန်ပွားပြီးရေး လိုက်ပါတယ်။ ကမ္ဘာအရပ်ရပ်မှာ ပါရီကအီဖယ်မျှော်စင် ပုံစံနဲ့ ခပ်ဆင်ဆင်တူအောင် တည်ဆောက်ခဲ့ကြတဲ့ မူပွားမျှော်စင်အခုပေါင်း သုံး ဆယ်ကျော်ရှိတဲ့အထဲက တခုဖြစ်တဲ့ Petřínská rozhledna ခေါ် Petřín Tower ကို ၁၈၈၉ ခုနှစ် ပါရီအီဖယ်ဖွင့်ပွဲမှာ လာပြီး လေ့လာ ကြည့်ရှုသွားခဲ့တဲ့ ချက်တိုးရစ်ကလပ်တခုကနေ ဦးစီးဦးဆောင်ပြုပြီး ၁၈၉၁ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ကြတာပါ။ အမြင့် ၆၃ မီတာခွဲရှိတဲ့ ဒီမျှော်စင်ကို တည်ဆောက်ချိန် လေးလကျော်သာ ကြာမြင့်ခဲ့ပါတယ်။ အဲဒီ ပရာဟာအီဖယ်တည်ရှိရာ Petřín hill တောင်က ပင်လယ် ရေမျက်နှာထက် အမြင့်မီတာ ၃၂၄ မီတာ မြင့်တယ်လို့ ဆိုကြတဲ့အတွက် ပါရီအီဖယ်ရဲ့ အမြင့်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ထူးထူးခြားခြား သွားတူ နေပါတယ်။
တိုကျိုအီဖယ် Tokyo Tower
တိုကျိုသားတွေ သူတို့မြို့ကိုသူတို့ ဂုဏ်ယူကြတဲ့အထဲမှာ တိုကျိုအီဖယ်လည်း ပါပါတယ်တဲ့။ တချို့ တိုကျိုသူ တိုကျိုသားတွေကတော့ လက်ခံချင်မှ လက်ခံနိုင်မှာပါ။ ပါရီအီဖယ်တည်ဆောက်ခဲ့ပြီးလို့ နောက်ထပ်နှစ်ပေါင်း ၇၀ ခန့်အကြာ ၁၉၅၈ မှာမှ တိုကျိုအီဖယ်ကို တည် ဆောက်ခဲ့တာပါ။ အမြင့်ပေ ၁၀၉၃ ပေရှိပြီး ပါရီအီဖယ်ထက် ပေနှစ်ဆယ်ကျော် ပိုမိုမြင့်မားပါတယ်။ တည်ဆောက်ထားတဲ့ ပုံစံကတော့ အတော်ဆင်တူတာတွေ့ရှိရပြီး မီတာ ၂၅၀ အမြင့် ဒုတိယထပ်ထိ တက်ရောက်လေ့လာလို့ ရပါတယ်။ တနှစ်ကို တက်ရောက်လေ့လာသူ သုံးသန်းခန့်ရှိပြီး စုစုပေါင်း လူဦးရေ သန်း ၁၅၀ ကျော် ရောက်ရှိလေ့လာပြီးခဲ့ပါပြီ။ ပါရီအီဖယ်ကိုတော့ ၂၀၁၂ ခုနှစ်က ခရီးသွားဧည့်သည်ပေါင်း ၈ သန်းခန့်လာရောက် လေ့လာခဲ့ပါတယ်။ ထူးခြားတာကတော့ ဦးဆောင်တည်ဆောက်သူ ဗိသုကာပညာရှင် မြေငလျှင်ဒဏ်ခံ အဆောက် အဦ ဒီဇိုင်းပညာရှင်ကြီး အင်ဂျင်နီယာ Tachū Naitō (၁၈၈၆-၁၉၇၀) က အမေရိကန်ပြန် တဦးပါ။ ပြင်သစ်ပြည်ကို ရောက်ဖူးခဲ့တယ်လို့ မှတ်တမ်းများမှာ မတွေ့ရှိရပါဘူး။ အင်ဂျင်နီယာ Tachū Naitō အဓိကအားသန်တဲ့ မြေငလျှင်လှုပ်ခြင်းက ပါရီမြို့မှာ တခါဖူးမျှ မလှုပ်ဖူးဘူး တော့ကာ သူအနေနဲ့ ပါရီအီဖယ်ကိုလေ့လာဖို့ စိတ်ဝင်စားခဲ့ဟန် မတူခဲ့ပါဘူး။
 Adolf Hitler in Paris June 23,1940, accompanied by Albert Speer, Hitler’s chief architect, left, and Arno Breker, Hitler’s favorite sculptor, right.
ပါရီအီဖယ်ကို စိတ်ဝင်စားခဲ့သူတဦးကတော့ နာဇီဂျာမဏီရဲ့အဓိပတိကြီးဖြစ်သူ ဟစ်တလာပါ။ ပါရီမြို့တည်ရာနေရာက သဘာဝရဲ့ဘေး ဒဏ်တွေ ရန်သူမျိုးငါးပါးရဲ့ရန်တွေက တော်တော်ကြီးကို ကင်းဝေးရာနေရာဖြစ်ပါတယ်။ မောင်ရင်ငတေ ကြားဖူးသလောက်တော့ ပါရီမြို့ တဝိုက်မှာ လေဘေး ရေဘေး မီးဘေး မင်းဘေး ကင်းဝေးတဲ့အပြင် မြေငလျှင်ဘေးရန်ကိုလည်း ကြီးကြီးမားမား မခံစားဖူးပါဘူး။ ကမ္ဘာကျော် နာဇီဟစ်တလာ (၁၈၈၉-၁၉၄၅) ခေတ်ကောင်းစဉ်ကတောင်မှ ပါရီအီဖယ်ကို မဖျက်စီးခဲ့တဲ့အပြင် ပါရီအီဖယ်ကို ရောက်ရှိလေ့လာစဉ်က သူရဲ့ စစ်ဗိုလ်ချုပ်ကြီးတွေအပြင် ဂျာမန် ဗိသုကာပညာရှင်များလည်း ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ အကယ်၍များသာ ဟစ်တလာရဲ့ ပါဝါတွေ အာဏာတွေ ဆက်လက်ရှိနေခဲ့မယ်ဆိုရင် ဂျာမဏီပြည်မှာ ဟစ်တလာအီဖယ် မျှော်စင်ရယ်လို့များ ဖြစ်ပေါ်လာလေမလား ဒါမှမဟုတ် ပါရီအီဖယ်ကြီးကို ဘာလင်မြို့သို့ ပြောင်းရွှေ့ သယ်ယူသွားလေမလားဆိုတာကတော့ စစ်နိုင်သူတွေလုပ်ခဲ့တဲ့ လုပ်ရပ်တွေက သက်သေပြခဲ့ တာ ရှိနေပါတယ်။
 ဘာလင်အီဖယ် Berliner Funkturm
ဟစ်တလာရဲ့ ဂျာမဏီမှာ ဟစ်တလာခေတ် မရောက်ခင်ကပင် ဘာလင်မြို့မှာ မျှော်စင်တခု တည်ရှိပြီးပါပြီ။ ၁၅၀ မီတာမြင့်တဲ့ Berliner Funkturm မျှော်စင်ကို ၁၉၂၆ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီး ပါရီအီဖယ်နဲ့ ထပ်တူညီပုံစံ မဟုတ်ပေမဲ့ အခြေခံနည်းစနစ်ကတော့ အတူ တူပါဘဲ။ မျှော်စင်ထိပ်ဖျား ဒုတိယထပ် ၁၂၅ မီတာအမြင့်ထိ အများပြည်သူတွေ တက်ရောက်လေ့လာနိုင်ပါတယ်။ ဂျာမဏီက ဘိုင်ယန် ပြည်နယ်မှာ ဘာလင်အီဖယ်ထက် ပိုမြင့်တဲ့ သစ်သားမျှော်စင်ကြီး တခုရှိခဲ့ဖူးပါသေးတယ်။ ၁၆၃ မီတာမြင့် အဲဒီသစ်သား Ismaning Radio Tower ခေါ် Bavarian Eiffel Tower မျှော်စင်ကြီး ကို ၁၉၃၂ မှာဆောက်လုပ်ခဲ့ပြီး ၁၉၈၃ ခုမှာ ဖျက်စီးပစ်ခဲ့လို့ အခုတော့ ကျောက်ဖိနပ် တိုင်တွေသာ ကျန်ခဲ့ပါတော့တယ်။ ဒီလို အဲဒီခေတ်က တည်ဆောက်ခဲ့ကြတဲ့ မျှော်စင်မြင့်မြင့်တွေဟာ ရေဒီယိုနဲ့ ကြေးနန်းဆက်သွယ်ရေး အတွက် အဓိကရည်ရွယ်ပြီး ဆောက်လုပ်ခဲ့ကြတာဖြစ်ကြပါတယ်။ ဒီကနေ့ခေတ်မှာတော့ ဆက်သွယ်ရေးအတွက်သာမက ကမ္ဘာလှည့်ခရီး သွားကဏ္ဍအတွက်ပါရည်ရွယ်ပြီး မြို့ကြီးတိုင်းမှာလိုလို သူထက်ငါ မြင့်သထက်မြင့်မားပြီး အမြင့်တကာ အမြင့်မားဆုံးဖြစ်အောင် အပြိုင် အဆိုင် ဆောက်လုပ်နေကြဆဲပါ။ ဒီနေရာမှာတော့ ပါရီအီဖယ်ပုံစံကို အခြေခံထားတဲ့ မျှော်စင်တွေကိုသာ  ရေးသားရခြင်းဖြစ်လို့ အမြင့်မား ဆုံး မျှော်စင်ကြီးတွေအကြောင်း မပါရှိပါဘူး။
ပါရီလာဗီးဂါ့စ်အီဖယ် Paris Las Vegas est un complexe hôtel-casino à Las Vegas.
အမေရိကရဲ့ လောင်းကစားမြို့တော် လာဗီးဂါ့စ်မြို့မှာလည်း အီဖယ်တခု ရှိပါတယ်။ အဲဒီနေရာကို အမည်ပေးထားတာကိုက ပါရီလာဗီးဂါ့စ်ပါ။ အဲဒီ လာဗီးဂါ့စ်အီဖယ်က ပါရီမြို့မှာဘဲရှိကြတဲ့ Louvre နန်းတော်ရယ် Opéra Garnier ကဇာတ်ရုံကြီးရယ်ကို ခွပြီးတည်ဆောက်ထားတာပါ။ အချိုးအစား ကတော့ မူရင်းရဲ့ထက်ဝက်အချိုးပါ။ နဘေးနားမှာ သုံးချိုးနှစ်ချိုးအရွယ် Arc de Triomphe မုဒ်ဦးနဲ့ La place de la Concorde ကျောက်တိုင်တို့ကိုလည်း ဆောက်ထားပါသေးတယ်။ ၁၇၈၃ ခုနှစ်က ပြင်သစ်လူမျိုး Les frères Montgolfier ညီအကိုနှစ်ဦး စတင် တီထွင်ခဲ့လို့ L’aérostat des frères Montgolfier ဆိုပြီးအမည်တွင်တဲ့ မိုးပျံလေဘူဘောင်းကြီးကိုလည်း အဲဒီမှာ တွေ့ရှိနိုင်ပါသေးတယ်။ ပါရီမြို့ အသေးစားလေးပုံစံ ဖန်တီးထားတာပါ။ လာဗီးဂါ့စ်အီဖယ်က ၁၆၅ မီတာမြင့်ပြီး ခြေထောက်သုံးချောင်းက ကာစီနိုခန်းမ အဆောက်ဦး ကြီးပေါ်မှာရှိနေပြီး ခြေတချောင်းကသာ အဆောက်ဦးရှေ့ မြေကြီးပေါ်မှာ ထောက်ပြီးတည်ဆောက်ထားတဲ့ ပုံစံပါ။ ပါရီ လာဗီးဂါ့စ်အီဖယ် ဟော်တယ် ကာစီနို ပျော်ပွဲစားကြတဲ့ နေရာကြီးကို ၁၉၉၉ ခုနှစ်ကမှ စတင်ဖွင့်လှစ်ခဲ့ကြပြီး တနှစ်တနှစ်ကို လာရောက်လည်ပတ်ကြသူပေါင်း ၁၀ သန်းကျော် ရှိပါတယ်တဲ့၊ ဒီနေရာတည်ရာက ပင်လယ်ကမ်းစပ်မြို့ဖြစ်တဲ့ နာမည်ကျော် လော့အိန်ဂျယ်လိစ်နဲ့ မိုင်ပေါင်း ၂၆၀ ကျော်မှာရှိပြီး ကုန်းခေါင်ခေါင်အရပ်မှာ ရှိတာပါ။ လာဗီးဂါ့စ်အီဖယ်တည်ရှိရာ နီဗားဒါးပြည်နယ် Las Vegas Strip ဒေသမှာ ကမ္ဘာ့အိပ်ခန်းအများဆုံး စာရင်းဝင် ဟော်တယ်ကြီး ၁၅ လုံးရှိပြီး အိပ်ခန်းပေါင်း ခြောက်သောင်းခွဲလောက် ရှိပါတယ်။
လာဗီးဂါ့စ်အီဖယ်လမ်းမကြီး
ကြယ်ငါးပွင့်ဟော်တယ်တွေ စားသောက်ဆိုင်တွေ ရှော့ပင်စန်တာတွေ လောင်းကစားခန်းမကြီးတွေပျော်ရွင်စရာ သုံးဖြုန်းစရာ အစုံအလင်ရှိ တဲ့ လာဗီးဂါ့စ်လမ်းမကြီးတွေတလျှောက် လမ်းသလားရင်း ပါလာတဲ့ငွေစလေးတွေကို ပွတ်ကြည့်ရင်း ပါရီလာဗီးဂါ့စ် အီဖယ်မျှော်စင်ကြီးကို နောက်ခံထားပြီး မောင်ရင်ငတေလည်း ဓါတ်ပုံလေးတပုံလောက် ရိုက်ကူးခွင့်ကြုံချင်ပါသေးတယ်။ ဒါပေမဲ့ အမေရိက ပြည်ဝင်ခွင့်ဗီဇာ ဆို တာကလည်း မောင်ရင်ငတေရဲ့ မူလပထမလက်ဟောင်း အနီရောင်ခရီးသွားလက်မှတ်နဲ့ရော အခုလက်ရှိကိုင်ဆောင်ထားတဲ့ နိုင်ငံမဲ့ လူ သားတယောက်ရဲ့ ခရီးသွားလက်မှတ်ကလေးနဲ့ရော မိုးနဲ့မြေလို အလှမ်းကွာဝေး လွန်းလှပါတယ်။ နောင်များမှာတော့ မောင်ရင်ငတေကို စရိတ်စက အကုန်ခံ တာဝန်ယူ စပွန်စာပေးနိုင်မယ့်အဖွဲ့အစည်းဆိုတာမျိုးတွေ ရှိများရှိလာခဲ့ရင် သော်လည်းကောင်း မရွှေ့မ ပြောင်းနိုင်တဲ့ပစ္စည်းများ ပိုင်ဆိုင်မှုတွေရှိလာခဲ့ရင် သော်လည်းကောင်း တခါတခေါက်လောက်တော့ ဗီဇာတောင်းပြီး လာရောက်လည်ပတ်ပါ အုံးမယ် ဟော်တယ်ကာစီနို ပါရီလာဗီးဂါ့စ်ရေ ..။
ပါရီတက္ကဆပ်အီဖယ် Paris, Texas, Eiffel Tower With Big Cowboy Hat
ကမ္ဘာပေါ်မှာ ပါရီအမည်ရမြို့ပေါင်း ၃၀ ကျော်ရှိတာမှာ ဒုတိယအကြီးဆုံး ပါရီမြို့လို့ သတ်မှတ်ထားကြတဲ့ ပါရီမြို့ဆိုတာက အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ်မှာ ရှိပါတယ်။ အမေရိကန်ပြည်မှာဘဲ ပါရီမြို့ပေါင်း ၂၀ ကျော်ရှိနေတာပါ။ အဲဒီ Paris,Texas မြို့မှာလည်း ၆၅ ပေမြင့် တက္ကဆပ်အီဖယ် မျှော်စင်တခုရှိပါတယ်။ ၁၉၉၃ ခုနှစ်က သံထည်တွေနဲ့အသစ်ထပ်မံ တည်ဆောက်ခဲ့တာဖြစ်ပြီး ဟိုးအရင်ကတော့ သစ်သား ထည်မျှော်စင်တခုပါတဲ့။ ဒီမျှော်စင်ရဲ့ ထူးခြားချက်တခုကတော့ အနီရောင် နွားကျောင်းသား ဦးထုပ်တလုံးကို တက္ကဆပ်ပြည်နယ် ကိုယ်စားပြု ဆောင်းပေးထားခြင်းပါ။ အဲဒီအီဖယ်နဲ့ အချိုးအစားတူညီတဲ့ မျှော်စင်တခုကတော့ Tennessee ပြည်နယ်က ပါရီမြို့မှာ ၁၉၉၃ ခု နှစ်မှာဘဲ တပြိုင်နက်တည်း တည်ဆောက်ခဲ့တာပါ။ နောက်တခုကတော့ Ohio ပြည်နယ် Mason မြို့မှာရှိတဲ့ ၁၉၇၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ Kings Island အပန်းဖြေဥယျာဉ်ကြီးထဲမှာ ရှိတာပါ။ မူရင်း ပါရီအီဖယ်ရဲ့ သုံးချိုးတချိုးအရွယ် အမြင့်ပေ ၃၃၂ ပေရှိတဲ့ အိုဟိုင်းအိုးအီဖယ် မျှော်စင်ကိုပါ ဥယျာဉ် နဲ့အတူ ထည့်သွင်း တည်ဆောက်ခဲ့တာပါ။ နောက်ထပ်တခုကတော့ ၁၉၇၅ ခုနှစ်မှာ ဖွင့်ခဲ့တဲ့ Kings Dominion အပန်းဖြေဥယျာဉ်ကြီးထဲမှာရှိပြီး ၃၃၂ ပေ အမြင့်တူ အချိုးအစားတူပါတယ်။ ဝါရှင်တန် ဒီစီမြို့ရဲ့ တောင်ဘက် ၇၅ မိုင် အကွာခန့်မှာရှိတဲ့ ဗာဂျီးနီးယားပြည်နယ် Doswell မြို့ မှာရှိပါတယ်။
တရုတ်အီဖယ် Long Ta, Dragon Tower
နောက်ဆုံးအနေနဲ့ ရေးချင်တာကတော့ တရုတ်ပြည် Heilongjiang ပြည်နယ် Harbin မြို့မှာရှိတဲ့ Dragon Tower လို့ခေါ်ဆိုကြတဲ့ မျှော်စင်ပါ။ ပါရီအီဖယ်ထက် အနည်းငယ်ခန့် ပိုမြင့်ပြီး ၃၃၆ မီတာ ရှိပါတယ်။ ဒီမျှော်စင်က ပါရီအီဖယ်နဲ့ ပုံစံတူစာရင်းထဲမှာ ထိပ်ဆုံးကပါဝင် နေပြီး ဆိုက်တူဂိုက်တူပေမဲ့ မောင်ရင်ငတေ တဦးချင်းအနေနဲ့ပြောရရင်တော့ ပါရီအီဖယ်နဲ့ လုံးဝနီးပါးပုံစံတူညီမှု မရှိတဲ့မျှော်စင်တခုသာဖြစ် တာကြောင့် တည်ဆောက်ပုံ နည်းစနစ်အရ တူညီကောင်း တူညီနိုင်နေပေမဲ့ ပါရီအီဖယ်စာရင်းမှာတော့ မထည့်သွင်းချင်ပါဘူး။ ဒီသံမျှော် စင်ကြီး ကို ၂၀၀၀ ပြည့်နှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး တရုတ်ပြည်မကြီးရဲ့ အရှေ့မြောက်ဒေါင့်အစွန်း ကိုးရီးယားကျွန်းဆွယ် အပေါ်နားက Harbin မြို့မှာရှိပါတယ်။ အခြားသော အလားတူ ပါရီအီဖယ်ရဲ့ တည်ဆောက်မှု နည်းပညာကိုသာ အခြေပြု ထားကြပြီး ပုံစံအနေအထားကတော့ ပါရီအီဖယ်ပုံ လုံးလုံးမပေါက်တဲ့ မျှော်စင်အကြီးအသေးများစွာ ရှိကြပါသေးတယ်။ အဲဒီမှာမှ ပါရီအီဖယ်မူပွားစာရင်းမှာ ပါဝင်နေတဲ့ မျှော်စင် များကတော့ အောက်ပါ စာရင်းအတိုင်းဘဲဖြစ်ပါတယ်။ ဒီစာရင်းမှာမပါဝင်ဘဲ အခြားသော ဒေသများမြို့များမှာ ပုံစံတူအီဖယ် မျှော်စင် အသေးစာလေးများ မြောက်များစွာ ရှိနေနိုင်ပါသေးတယ်။
Nagoya TV Tower Nagoya, Japan, 1954.180 m (591 ft) 1:2 scale
Tour métallique de Fourvière Lyon, France, 1892. 85.9 m. 1:4 scale
Torre del Reformador Guatemala City, Guatemala. 1935 75 m (246 ft) 1:5 scale
Turnul Eiffel Slobozia, Romania.1:6 scale
Parizh, Russia, 2005. 1:6 scale
AWA Tower Sydney, Australia 46 m (151 ft) 1:6 scale
Bordeaux Tower Fayetteville, North Carolina. 45 m (148 ft) 1:6 scale
Gomez-Palacio Eiffel Tower, Durango, Mexico. 2007 1:6 scale
Golden Sands Eiffel Tower Varna, Bulgaria. 32.4 m (106 ft)) 1:10 scale
Eiffel Tower Parque Europa, Torrejon, Spain. 30.4 m (100 ft) 1:10 scale
Eiffel Tower EPCOT theme park, Lake Buena Vista, Florida. 23 m (76 ft) 1:14 scale
Filiatra Eiffel Tower Filiatra, Messinia, Greece.18 m. 1:18 scale
ပါရီ လေဘာတီ အီဖယ်

(တချို့သော ပုံများကို အင်တာနက်ဂူဂဲလ်မှ ရယူပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts