ဆောင်းလူ

Saung Luu – Essay

အင်တါဗြူးခြင်း
ဆောင်းလူ
စက်တင်ဘာ ၈၊ ၂၀၁၃


မေး။ ။ အကို ဘယ်လိုဘယ်ပုံ အမေရိကန်ပြည်ထောင်စုကြီးမှာ အခြေချဖြစ်ပုံလေးကို ပြောပြပါဦး။
ဖြေ။ ။ အများသူငါလို လက်သီးလက်မောင်းတန်းပြီး ဓာတ်ပုံအရိုက်ခံလိုက်မိတာက စတာပါပဲ …။ 
မေး။ ။ အော် ..ဒါနဲ့ … အခု ဘယ်လိုစီးပွားတွေများ လုပ်ဆောင်နေပါသလဲ …။ 
ဖြေ။ ။ အော် .. ဒါလား … ဗမာပြည်က ကိုရာစနိုးတို့ … ရွှေပြည်နန်းတို့ … ဒညင်းသီးတို့ …ကြောင်ရှာသီးတို့ .. ကွမ်းသီးတို့ တင်သွင်းတဲ့ လုပ်ငန်းကို လုပ်နေပါတယ်။ တချို့က နိုင်ငံဂျားဖြစ်တွေကို မကြိုက်ဘူးဗျ …။ 
မေး။ ။ အော် .. အော် .. အကွက်မြင်တယ်နော် …။ ဒါနဲ့ … နောက်တခု အရင်ကတော့ ဗမာပြည်အရေးကို တက်တက်ကြွကြွ လုပ်ဆောင် ခဲ့ဖူးတယ်နော်။ ခုရော ဆက်လက်ပြီး လုပ်ဆောင်နေတုန်းလားခင်ဗျ …။
ဖြေ။ ။ အော် .ဒါလား … အဆိုင်လန် မရခင်တုန်းကတော့ ဟိုသံရုံးရှေ့ ဒီသံရုံးရှေ့ သွားပြီး လက်သီးလက်မောင်းတန်းတဲ့အလုပ်လေးတော့ လုပ်ပါတယ်။ 
မေး။ ။ အော် ..အော် ..ဒါနဲ့ ခုတလော အိုဗားမားကြီးက ဆီးရီးယားကို ဆော်မယ်ပြောနေတယ် …။ အဲ့ဒီအပေါ်မှာရော …ဘယ်လိုမြင်လဲ …။ 
ဖြေ။ ။ သမတဆိုတာ စစ်ရေးအမြင်ရှိရမယ်လေဗျာ …။
မေး။ ။ ဟုတ်ပါပီ ..ဟုတ်ပါပီ … လွှတ်တော်ထဲမှာ မက်ကိန်းကြီး ပိုကာဖဲကစားနေတာရော .. ဘယ်လိုအရေးယူမှုတွေလုပ်ခဲ့ပြီလဲဗျ …။ ဆရာတို့က နိုင်ငံဂျားမှာနေတော့ အင်္ဂလိပ်စာကို ဘလွတ်တဲ့ ရွှတ်ရှက် ဖတ်နိုင်ကြတာဆိုတော့ ပိုသိမယ်ထင်လို့ပါ …။
ဖြေ။ ။ လွှတ်တော်ထဲ ပုတီးစိတ်မနေ ပြီးတာပါပဲဗျာ …။ 
မေး။ ။ ခုပေါ့နော် .. ဆီးရီးယားကို ခြေလျင်တပ်မပါပဲ … ရက်ပေါင်း (၆၀) တိုက်ခွင့်ရမယ်ဆိုတဲ့အပေါ်လေးမှာရော …
ဖြေ။ ။ အာဖဂန်သင်ခန်းစာပေါ့ဗျာ …။ ခြေပြတ်လက်ပြတ် စစ်သားဟောင်းတွေလည်း အတော်များနေပြီကိုး …။ 
မေး။ ။ ခုလို ဆီးရီးယားကို အမေရိကန်က ဆော်မယ်။ ပြင်သစ်ကလည်း ၀ိုင်းပြီး ဆွမ်းကြီးလောင်းမယ် …။ ရွတ်ရှားနဲ့ တရုတ်ကြီးက သဘော မတူဘူးဆိုတဲ့အပေါ်မှာရော ….
ဖြေ။ ။ အမေရိကန်နဲ့ ရွတ်ရှားက ကာတွန်းကားထဲတောင် ထည့်တာမဟုတ်ဘူး။ 
မေး။ ။ ဒီလို စစ်ပွဲတွေ ဖန်တီးပီးတိုက်မှာကို သဘောတူလားခင်ဗျ။
ဖြေ။ ။ မတူပါဘူး ..။
မေး။ ။ ဘာဖြစ်လို့များလဲခင်ဗျ။
ဖြေ။ ။ စစ်မှုထမ်းရမှာစိုးလို့ …။ ကံမကောင်း အကြောင်းမလှရင် ဒုက္ခသည်ဘ၀ကနေ .. ဒုက္ခိတ ဘ၀ကိုရောက်မှာစိုးလို့ ..။
မေး။ ။ အော် ..ဒါနဲ့ .. ကမ္ဘာ့ကုလသမဂ္ဂလိုအဖွဲ့ကြီးကို အမေရိကန် အဲန်အက်စ်အေက ထောက်လှမ်းရေးလုပ်တာကို ကုလက အကြီးအကျယ် ဒေါပွနေတယ်ပြောတယ်ဗျ .. ဘာလျှို့ဝှက်ချက်တွေများ ရလိုက်တယ်လို့ ကြားမိပါသလဲ …။
ဖြေ။ ။ နားစွန်နားဖျားကြာလိုက်တာတော့ .. ဘန်ကီမွန်းရဲ့.. အထူးစိုးရိမ်မိပါတယ်ဆိုတဲ့ စကားလုံးရဲ့ ရင်းမြစ် ဘယ်ကလာတယ်ဆိုတာကို ရလိုက်တယ် ကြားတာပဲ။ 
မေး။ ။ ခုတလော ဟော့နေတဲ့ မြန်မာ့ဂုဏ်ဆောင် ဘီကနီမယ်လေးအကြောင်းရော …
ဖြေ။ ။ ဒီကစ္စအတွက် မိုက်ကရိုဆော့ခ်နဲ့ တခြား ဟာ့ဝဲကန်ပနီတွေကို တခြားနိုင်ငံတွေက ဆန္ဒပြမယ်လုပ်နေပါတယ်။
မေး။ ။ အင် … ဘာဖြစ်လို့များလဲခင်ဗျ။
ဖြေ။ ။ အော် … ဗမာပြည်ကို မော့က်ခ်တွေ ထပ်မံမတင်သွင်းဖို့အတွက်ပါ။
မေး။ ။ အော် .. အော် .. နောက်ဆုံးတခုအနေနဲ့… အကို မူရင်းနိုင်ငံရဲ့ ယနေ့ပြောင်းလဲမှုလမ်းကြောင်းပေါ်မှာ ဘာတိုးတက်မှုတွေများ မျက် ၀ါးထင်ထင် တွေ့မြင်လိုက်ရပီလဲခင်ဗျ။ 

ဖြေ။ ။ မြစ်အသစ်တွေ ထပ်တိုးလာတာတော့ တွေ့ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts