မင်းညွှန့်လှိုင်

Min Nyunt Hlaing – Poem

ရှာမှရှားတဲ့ နိုင်ငံသား
မင်းညွှန့်လှိုင်
စက်တင်ဘာ ၈၊ ၂၀၁၃


ဒီရေမြေတောတောင်ရဲ့ရာဇဝင်ကိုလေ့လာရုံနဲ့
ကမ္ဘာကြီးရဲ့
ခေတ်ကာလများ အယူဝါဒများ လူဆိုးလူကောင်းများ
အားလုံးကိုသဘောပေါက်သွားတော့တာပဲ
ဘယ်လောက်ဥာဏ်ကောင်းတဲ့နိုင်ငံသားလဲ။
ငယ်စဉ်တောင်ကျေးကလေးအရွယ်ကစပြီး
အိုမင်းကုန်းကွ တွင်းဆုံးကျတဲ့အထိ
လျှပ်စစ်မီးနဲ့မှဝင်းပတဲ့
ပျော်ရွှင်ခြင်းကိုမရိုးအီအောင်
ထပ်ခါတလဲလဲခံစားရတာလည်း
ဒီနိုင်ငံသားရဲ့
အထူးအခွင့်အရေးတစ်ရပ်ပဲပေါ့။
မီးမလင်းလည်းဘာဖြစ်သေးလဲ
လတွေကြယ်တွေအများကြီးရှိတယ်
ကျည်ဆန်ရထားမရှိတော့
ရှုမျှော်ခင်းတွေကြာကြာကြည့်ရတယ်
မင်းဆိုးမင်းညစ်အုပ်စိုးနေတောင်မှ
ဘယ်တော့မှကျိုးမကျတဲ့ခါးရိုးရှိတယ်
အဖိုးတွေအဖွားတွေမင်းလောင်းမျှော်သလို
အဖေတွေအမေတွေ ရွှေဘမျှော်သလို
ကြွယ်ဝလွန်းတဲ့မျှော်လင့်ခြင်းတွေရှိတယ်
ဒီနိုင်ငံသားရဲ့ ပိုင်ဆိုင်မှုများပေါ့။
(မဟာမှိုင်းနဲ့မဟာတာရာ)
ငြိမ်းချမ်းရေးစာဆိုကြီးတွေ
တစ်ယောက်ပြီးတစ်ယောက်
ထွန်းတောက်ခဲ့တဲ့နိုင်ငံတော်မှာ
လူဖြစ်ခွင့်ရရှိတာကိုက
ရှာမှရှားတဲ့နိုင်ငံသား။             ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts