ရသဆောင်းပါးစုံ မောင်ရင်ငတေ

မောင်ရင်ငတေ – ဘဝထဲကလူသား (လှေစီးခရီးနှင်ကြသူများ)

မောင်ရင်ငတေ – ဘဝထဲကလူသား (လှေစီးခရီးနှင်ကြသူများ)
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၅
 လှေစီးခရီးနှင်ကြသူများ Boat People လက်သစ်လက်ဟောင်းများ      (Photo Google MKN)

Boat People . . ….. .…. Boat People ဘုတ်ပီးပဲလ်ဆိုပြီး ကမ္ဘာတလွှားမှာ အသုံးများလာကြတာခေါ်ဝေါ်လာကြတာက ၁၉၇၅ ခုနှစ်များဆီကပါ။ တောင် မြောက် ဗီယက်နမ် စစ်ပွဲအပြီးမှာ ရရာလှေတွေနဲ့ ဒေသဆိုင်ရာ ပင်လယ်တွေ ထိုမှတဆင့် ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းလို့ လှေဦးတည့်ရာအရပ်ကို ထွက်ပြေးလာကြသူ စစ်ရှုံး တောင်ဗီယက်နမ်လူမျိုးတွေ သန်းနဲ့ချီ ပြီး ရှိခဲ့ပါတယ်။

ဗီယက်နမ်ပြည်ရဲ့ ပထဝီ အနေအထားအရကော သူတို့ လူမျိုးတွေရဲ့ ဘဝရှင်သန်မှု အလေ့အကျင့်တွေ အရကော သူတို့ဟာ လှေစီး ခရီးနှင်ကြသူများ ဖြစ်လာကြဟန် တူပါတယ်။ ရေလမ်းနဲ့ ဝေးကွာသူ လှေစီးဖြတ်ကျော်ရဖို့ မလိုအပ်သူများကတော့ နီးစပ်ရာ တောတွေတောင်တွေကို အလွယ်တကူ ဖြတ်ကျော်လာတာပါ။ အလွယ်တကူလို့ ဒီနေရာမှာပြောရခြင်း အကြောင်း ကတော့ ရေလမ်းထက်စာရင် အသက်အန္တရာယ် နည်းပါးတာကို ဆိုလိုရင်းပါ။

အဲဒီ Boat People ဘုတ်ပီးပဲလ်တွေကို မောင်ရင်ငတေကတော့ ** လှေစီးခရီးနှင်ကြသူများ ** * လို့သာ ခေါ်ချင်မိတာပါ။ သူတို့တတွေလည်း တနယ်မကောင်းလို့ တနယ်ပြောင်းကြတဲ့ ရှေးသမိုင်း မတင်မီခေတ်က လူသားတွေကို အားကျလို့ ပြောင်းရွှေ့ကြသူများသာပါ။

အရင် ၁၄ ရာစု ၁၅ ရာစု ၁၆ ရာစုကာလ ကိုလံဘတ်တို့ ဗတ်စကိုဒဂါးမားတို့ခေတ်က အမေရိကတို့ သြစတြေးလျှားတို့ ရောက်ရှိသွားခဲ့ကြသူ ဥရောပတိုက်သား လူဖြူအများစုကတော့ တရွာပြောင်းပြီး သူကောင်း ဖြစ်သွားကြပါတယ်။ အဲဒီအချိန် ၁၆ ရာစုက လူဖြူတွေသာမက ၁၉၇၀ ခုနှစ်လွန်ကာလများက အနောက်တိုင်းကုန်းမြေကြီးများကို နင်းခွင့်ရခဲ့ကြသူ ဗီယက် နမ်က လှေစီးခရီးသည်များသာမက လာအိုတွေ ကမ္ဘောဒီးယားတွေ အဲဒီအချိန်က အနယ်နယ်အရပ်ရပ်က ရောယောင် ရောက်လာ သူတွေလည်း အိမ်ပိုင် ယာပိုင် ဆိုင်ပိုင် ခြံပိုင် ဖြစ်နေကြပါပြီ၊ ပါရီမြို့ပေါ်က အာဆီယံတရုတ်တန်း ဒီလောက် တောင် ဖွင့်ဖြိုးတိုးတက်နေတာကိုကြည့်ရင် သိသာလှပါတယ်။

 Boat People (Photo Google MKN)

နောက်ပိုင်းနှစ် ကာလများမှာတော့ Boat People အများစုဟာ အာရှအရှေ့ခြမ်းကနေ အာဖရိက မြောက်ပိုင်းကို ရောက်ရှိ လာပါတယ်။ အာရှက Boat People တွေက အာဖရိကကို ရောက်လာတာ မဟုတ်ပါဘူး။ အာဖရိကက လူတွေလည်း အာရှက Boat People တွေကိုအားကျပြီး ဘုတ်တွေစီးလာကြလို့ပါ။ သူတို့ကတော့ သူတို့နေရပ်တွေနဲ့နီးရာ မြေထဲပင်လယ်ကို ဖြတ်သန်းပြီး ဥရောပမြေကို အရောက်လာကြသူတွေပါ။ တကယ်တော့ ဥရောပ ကုန်းမြေကြီးမှာ ရှေးအရင် ခေတ်အဆက် ဆက် နှစ်ပေါင်းများစွာကတည်း ရောက်နေကြသူ အာဖရိကသားတွေ များလှပါပြီ၊ ဘယ်လောက်များမများဆိုတာကတော့ ဒီနေ့ ပြင်သစ်လက်ရွေးစင် ဘောလုံးသမား အားကစားသမားများကိုသာ ကြည့်ပါ။ ဒါပေမယ့်လည်း အာဖရိကတတိုက်လုံးက အာဖရိကန် လူမျိုးစုံတွေဟာ အာဖရိကမြောက်ပိုင်းဒေသဆီကို အရင်ရောက်အောင်လာကြပြီး ထိုမှတဆင့် မြေထဲပင်လယ်ကို သေမထူး နေမထူး ဇာတ်ခင်း ဖြတ်သန်းလို့ ဥရောပကုန်မြေကြီးကို နင်းချင်ကြသူများသာပါ။

ဘယ်လောက်တောင်မှ များပြားလှတဲ့ ** လှေစီးခရီးနှင်ကြသူများ ** အရေအတွက် ရှိနိုင်တယ်လို့ ထင်ကြပါသလဲ၊ ဒီ လောက် ဒီလောက်ရှိမယ် ပြောရင် အများကတော့ ယုံနိုင်ကြမှာ မဟုတ်ပါဘူး။

၂၀၁၅ ခုနှစ် ဂျန်နဝါရီကနေ သြဂတ်စ်လထိ ရှစ်လအတွင်းမှာ စုစုပေါင်း သုံးသိန်းခွဲလောက် ဥရောပမြေကြီးရှိရာကို ရောက်ရှိ လာကြပါတယ်တဲ့။ အများစုကတော့ ဝင်လို့ လွယ်ကူရာ ဂရိတို့ မော်တာတို့ တူရကီတို့မှာပါ။ သူတို့ရဲ့ အဓိကလှေလမ်း ကြောင်းကျရာ အီတလီမှာလည်း အရေအတွက်က သိန်းဂဏန်းကျော်ပါတယ်တဲ့။ ဥရောပမြေကြီးကို နင်းခွင့်မရကြပါဘဲ မြေထဲပင်လယ်ရေပြင်ထဲမှာ ထာဝရ အိပ်စက်ကျန်ခဲ့သူတွေကတော့ နှစ်ထောင်ကျော် သုံးထောင်လို့ ခန့်မှန်းကြပေမယ့်လည်း အဲဒီထက် အဆပေါင်းများစွာ များပြားနိုင်မှာကတော့ အသေအချာပါ။

ရွှေအိုရောင်အိပ်မက်တွေ တလှေကြီးနဲ့ လှေစီးခရီးနှင်ခဲ့ကြသူများ (ဓါတ်ပုံ မရငတ)

ဒီကနေ့ ၆၆ သန်းသော ပြင်သစ်လူဦးရေ လေးပုံတပုံက သူတို့ကိုယ်တိုင်သော်လည်းကောင်း သူတို့ အဖိုးအဖွားများသော် လည်းကောင်း နိုင်ငံရပ်ခြားတိုင်းပြည်များမှာ မွေးဖွားခဲ့ကြသူများပါတဲ့။ မောင်ရင်ငတေရဲ့အမြင်ကတော့ အဲဒီထက်မက ပိုမို နိုင်ဖွယ်မြင်မိပါတယ်။ နိစ္စဓူဝ ပါရီလမ်းမများမှာ မမြင်ချင်အဆုံး မြင်တွေ့နေရတဲ့ လူတွေလူတွေထဲမှာ မောင်ရင်ငတေတို့လို ကောင်မျိုးတွေ အာရပ် နွယ်ဖွားတွေ အမည်းတွေသာပါ။ အဲဒီထဲမှာမှ မောင်ရင်ငတေတို့လို စကောစက ကောင်မျိုးတွေရယ် ဘာစာရွက်တရွက်တလေမှ မရှိတဲ့ကောင်မျိုးတွေရယ်ကလည်း ဘယ်လောက်တောင်မှ များလှမယ်ဆိုတာ ဘယ်သူမှ ပြော နိုင်မယ် မထင်ပါဘူး။

 ရွှေအိုရောင်အိပ်မက်တွေ တလှေကြီးနဲ့ လှေစီးခရီးနှင်ခဲ့ကြသူများ (ဓါတ်ပုံ မရငတ)

အဲဒီလို ရောက်ရှိနေပြီးသား နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့် ရှိသူတွေ မရှိသူတွေရဲ့ နေ့စဉ်လူမှုဘဝ ဖြတ်သန်းရတာကတော့ အလွယ်တကူ မဖြစ်နိုင်တာက သေချာလှပါတယ်။ မကြာခဏဆိုသလိုကို ကြားရလွန်းတဲ့ စီးပွားရေးကျဆင်းမှု ဆိုတာကြီး ကိုလည်း အဲဒီလိုလူမျိုးတွေက ဒို့ကတော့ ရိုးနေပေါ့ စိတ်တွေနဲ့ လမ်းမလမ်းဆုံ ဘူတာရုံ လူစည်ကားရာ နေရာတွေမှာ လမ်းဘေးဈေးပွဲတော်ကြီးသဖွယ် ခင်းကြကျင်းကြ ဈေးရောင်းချကြပြီး အူမတောင့်နိုင်ဖို့အတွက် စားဝတ်နေရေးတွေကို ဖြစ်သလိုသာ ဖြေရှင်းနေကြရသူတွေ များသထက် များလာပါတယ်။ မောင်ရင်ငတေတောင်မှ အတော်ကံကောင်းလွန်း လှလို့သာ အခုလို ခပ်တည်တည်နေနေရင်း ဘဝဆိုတာကြီးကို ဖြတ်သန်းနေတာပါ။ အဲဒီလို အကြပ်အတည်းတွေကြားက နေနေကြသူတွေ များပြားလှတဲ့ ပါရီမြို့တော်ကြီးအပါအဝင် ဥရောပနိုင်ငံကြီးတွေက မြို့ကြီးပြကြီးတွေကို ရွှေရောင်အိပ်မက် တွေ တလှေကြီးနဲ့ လှေစီးခရီးနှင်ကြသူများ နောက်ကျသားများ တနည်းအားဖြင့်တော့ လှေစီး ဒုက္ခသည်များရဲ့ အိပ်မက်တွေ ကတော့ ရွှေရောင် ဖြစ်နိုင်မဖြစ်နိုင် ဆိုတာထက် ဒီလိုဘဝဆိုးတွေက လွတ်လမ်းရယ် ဘယ်မမြင်တဲ့ တောပြောင်းသော ကျားနာများ မဖြစ်ကြပါစေနဲ့လို့ ဘဝတူချင်း ရင်ဘတ်တူချင်း ….. . … ကိုယ်ချင်းစာ နာတတ်သူချင်း ဆုတောင်းချင်း များစွာ များစွာနဲ့ . . . … . .. ပါ။

Capitaine Abandonné (Single de Gold)
« Ils ont quitté leurs terres, Leurs champs de fleurs,
Et leurs livres sacrés, Traversé les rizières, Jusqu’au grand fleuve salé . . … .  . …… »

၁၉၈၀ ခုနှစ်လွန် နှစ်များက ပြင်သစ်ရဲ့ တေးဂီတ အဖွဲ့တဖွဲ့ ဖြစ်တဲ့ နာမည်ကျော် Gold ဂီတ အဖွဲ့က လှေစီးခရီးနှင်ကြသူများရဲ့ အကြောင်းကို ရေးစပ်သီဆိုခဲ့တဲ့ သီချင်းတပုဒ်ရှိပါတယ်။ အဲဒီသီချင်းက အဲဒီအချိန်တုန်းက ပြင်သစ်ပြည်မှာသာမက ဥရောပ တခွင် Top Ten စာရင်းရဲ့ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်တဲ့။ Capitaine Abandonné အမည်ရပါတယ်။ နားထောင်ချင်သူများ နားဆင်ကြည့်ကြပါ။

Memorial Stone with Thanksgiving of Vietnamese Boat People Refugees.
Cap Anamur Gedankstätte on Johannisbollwer, Hamburg, Germany.


မောင်ရင်ငတေ ၀၂၀၉၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts