ပုဂံမြို့ဟောင်း မြို့ရိုးအတွင်း၊ သဗ္ဗညု ဂူဘုရားကြီးရဲ့ အနောက်ဘက် မနီးမဝေးမှာ ပုထိုးသားများဂူဘုရား၊ ဘုရားအမှတ် (၁၆၀၅/၉၁၃) တည်ရှိပါတယ်။ ပုံစံထူးခြားတဲ့ ထူပါပေါက် ဂူဘုရားတစ်ဆူ ဖြစ်ပါတယ်။
မှန်းဆချက်တွေအရဆိုရင် ဂူဘုရားကို တည်ထားတဲ့နှစ်ကာလအနေနဲ့ စောလူမင်းနဲ့ ထိလိုင်ရှင်မင်းတို့ လက်ထက်လောက် မှာ တည်ဆောက်ထားတာ ဖြစ်နိုင်တယ်လို့ပညာရှင်တွေက ခန့်မှန်းကြပါတယ်။ သေသေချာချာ ပြောနိုင်တာတစ်ခုကတော့ ပုဂံခေတ် စောစောပိုင်းမှာတည်ထားတဲ့ ပုဂံခေတ်ဦး မွန်ပုံဂူဘုရားဂူဘုရားတစ်ဆူရဲ့ အင်္ဂါရပ်တွေကို တွေ့ရှိရကြောင်းပါပဲ။
ပုဂံမြို့ဟောင်းက စေတီပုထိုး၊ ဂူကျောင်းတွေ တည်ထားတဲ့နှစ်ကာလကို မူလကျောက်စာ၊ မင်စာတွေအထဲမှာ တွေ့ရတဲ့ ခုနှစ်သက္ကရာဇ်တွေက သိရတာရှိသလိုပဲ ခေတ်ပြိုင် ကျောက်စာ၊ မင်စာတွေအထဲမှာ တွေ့ရတာတွေလည်း ရှိပါတယ်။ အများအားဖြင့် သိပ်ပြီးရှေးကျတဲ့ ဂူဘုရားတွေမှာ မှတ်တမ်းမတွေ့ရသလောက်ပါ။ ပုံစံနဲ့ လက်မှုပညာ အလုပ်အဆောင်တွေ အရပဲ မှန်းဆကြရပါတယ်။
ပုဂံခေတ်ဦး မွန်ပုံဂူဘုရားတွေမှာ တွေ့ရလေ့ရှိတာတွေကတော့ ပုံစံရိုးရိုးတစ်ထပ်ဂူ၊ မုခ်ပေါက်တစ်ခု၊ ဂူအထက်မှာ ပစ္စယံ အဆင့်မပါတဲ့ တစ်ဘက်လျှော အမိုးခုံး၊ ထုထည်ကြီးမားတဲ့နံရံ၊ နံရံအောက်ခြေကစပြီး တက်လာတဲ့ခုံးပုံစံ၊ ရှေးဟောင်း ပဓာနအုတ်ရိုး ဆင်းတုတော်ပုံစံ၊ ဂူအတွင်းမှာ အလင်းရောင်နည်းတဲ့ မှုန်မှုန်မွှားမွှား မှောင်ပတ်လမ်း၊ ကျောက်ထွင်းဇာပြူ တင်းပေါက် နဲ့ ရှေးမွန်စာ ကမ္ပည်းစာတမ်းထိုး နံရံပန်းချီတွေပါ။ ဒီပုထိုးသားများ ဂူဘုရားမှာဆိုခဲ့တဲ့ အချက်တွေအားလုံးနဲ့ ညီညွတ်နေပါတယ်။
ဂူဘုရားမှာ ရှေ့ပိုင်း အဆောင်နဲ့ နောက်ပိုင်း အတွင်းခန်းမ ပါရှိပါတယ်။ ဂူဘုရား ရှေ့ပိုင်း အဆောင်အ၀င်စကတည်းက ခပ်မှောင်မှောင်ရှိနေပြီး အပေါ်ပိုင်း ၀င်ပေါက်တစ်ခုတည်းက အလင်းရောင်ကို နောက်ပိုင်းခန်းမထဲမှာရှိတဲ့ ပဓာနဆင်းတု တော်ကြီးအပေါ် ကျရောက်နေစေတဲ့ ဗိသုကာလက်ရာက အလွန်တရာ ပြောင်မြောက်ပါတယ်။ ပဓာန ဆင်းတုတော်ကိုသာ သဘာဝအလင်းရောင် ကျရောက်နေစေတာကြောင့် အလွန်သပ္ပါယ်လှသလိုပဲ ဖူးမျှော်သူတွေရဲ့ အာရုံတွေကိုလည်း စုစည်း ပေး ထားရာရောက်နေပါတယ်။
နံရံ လေးဘက် တစ်ဘက်တစ်ချက်စီမှာ ကျောက်ဇာပြတင်းပေါက် ၅ ပေါက်စီ ရှိပါတယ်။ မြောက်ဘက် အတွင်းနံရံထဲမှာ အ ပေါ်ထပ်ကိုတက်နိုင်တဲ့ ကြောင်လိမ်လှေခါးပါရှိပါတယ်။ အခုအချိန်မှာ အလွတ်တွေဖြစ်နေကြတဲ့ အတွင်းနံရံ အချိုင့် ဂူငယ် ကလေးတွေအထဲမှာတော့ ရှေးမူလလက်ရာ ဗုဒ္ဓရုပ်ပွားတော် ၅ ဆူ ကျန်ရှိနေပါသေးတယ်။ မြောက်ဘက်နံရံမှာရှိတဲ့ ဗုဒ္ဓရုပ် ပွားတော်တစ်ဆူက မူလလက်ရာအတော်များများ ကျန်ရှိနေသေးကြောင်းကို လေ့လာနိုင်ကြပါတယ်။
ပုထိုးသားများဂူဘုရား ဆွဲပုံကြမ်း နှင့် ပန္နက်ပုံ |
လေ့လာသင့်တဲ့ ထူးခြားချက်တစ်ခုက ဇာပြတင်းပေါက်တွေအပေါ်က ရှေးမူလလက်ရာ သစ်သားထုပ်လျှောက်တွေပါ။ နှစ် ကာလတွေ ကြာရှည်ခဲ့ပေမယ့် ပကတိအတိုင်း တွေ့ကြရမှာ ဖြစ်ပါတယ်။
ခေတ်ကာလ ကြာမြင့်တာကြောင့် အာရုံခံ နောက်ပိုင်း ခန်းမ လိုဏ်ပတ်လည် နံရံတွေမှာ နံရံဆေးရေးပန်းချီကွက်ကြီးတွေက မှေးမှိန်နေကြပေမယ့် ဖွားတော်မူခန်း၊ လက္ခဏာဖတ်ခန်း၊ တောထွက်ခန်း၊ ဆံတော်ပယ်ခန်းတွေကို ရှေးမွန်ဘာသာနဲ့ ကမ္ပည်းစာတွေရေးထိုးထားတာ တွေ့ရှိနိုင်ပါသေးတယ်။ အတွင်းခန်းမထဲက ပဓာနဆင်းတုတော်ကြီးရဲ့ဘေး နံရံ အမြင့် ပိုင်းမှာ ၀ိနည်းဒေသနာတော်လာ ကမ္ပည်းစာတွေကို ရှေးမွန်ဘာသာနဲ့ပဲ ရေးထိုးထားပါတယ်။
အာရုံခံခန်းမရဲ့ နောက်ပိုင်းမှာရှိတဲ့ ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူကလည်း ပုဂံခေတ်လက်ရာ ပြောင်မြောက်ပုံကို ပြသနေကြတဲ့ ရှေးမူလလက်ရာတွေ ဖြစ်ကြပါတယ်။ ပဓာန ဗုဒ္ဓရုပ်ပွားတော်ကြီးကို နောက်ပိုင်းခေတ်တွေမှာ ပြုပြင်ထားပေမယ့် ဘေး နှစ် ဘက် ကိုယ်တော်တွေကတော့ ရှေးမူလ လက်ရာပါ။ ပုဂံခေတ်လက်ရာ ပုံစံကို နမူနာယူဖို့အတွက် လေ့လာသိရှိနိုင်ပါတယ်။
အပေါ်ပိုင်း အလယ်ခေါင် ပဓာနပုထိုးကြီးရဲ့ပုံစံက သပိတ်မှောက်ပုံစံ၊ ခေါင်းလောင်းပုံစံ ခပ်ပုပုမှာ ထောင့်ချိုး ၁၂ ခု ပါရှိပါ တယ်။ အဲဒီထောင့်ချိုးတွေရဲ့ အောက်ပိုင်းအဆုံးသတ်တွေက ခေါင်းထောင်နေကြတဲ့ နဂါးခေါင်းပုံစံတွေဖြစ်ကြောင်းကို စိတ်ဝင်စားစရာ တွေ့ရှိကြရပါမယ်။
ပုထိုးကြီးရှိတဲ့ တိုက်မကြီးရဲ့ အပေါ်ပိုင်း ထောင့် ၄ထောင့်မှာ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူစီရှိတဲ့ သီးခြားအဆောင်ငယ်တွေ ပါရှိ ပါတယ်။ အဲဒီအဆောင်ငယ်တွေမှာ စီပြီးကပ်ထားတဲ့ ပုထိုးငယ်တွေရှိပါတယ်။ အဲဒီပုထိုးငယ်တွေရှိတာကြောင့် ပုထိုးသားများ ဘွဲ့တော်ကို ရစေနိုင်တဲ့အချက်တစ်ခု ဖြစ်နိုင်ပါတယ်။
ပဓာန ပုထိုးကြီးရဲ့ အပေါ်ဆုံးအထွတ်ပုံစံက ဆန်းကျယ်လှသလို အင်မတန်မှ သပ်ယပ်လှပပါတယ်။ မပြုပြင်ခင်ကတော့ အထွတ်ထိပ်ဖျားက ကျိုးပဲ့ပြီး ပြတ်ထွက်နေပါတယ်။ မူလပုံစံဖြစ်နိုင်ခြေရှိတာက အဆောင်ငယ်တွေမှာ ကပ်ထားတဲ့ ပုထိုးပုံစံ တွေနဲ့ ဆင်တူနိုင်စရာအကြောင်း ရှိပါတယ်။ ဒီကနေ့ အသစ်ဖြည့်ဆွက်ထားသလိုတော့လည်း ဟုတ်ချင်မှ ဟုတ်ပေလိမ့်မယ်။
စိတ်ဝင်စားကြသူတွေ ဆက်လက် လေ့လာနိုင်ကြဖို့အတွက် အခုတင်ပြထားတဲ့ စာစုကလေးကတော့ အညွှန်းလောက်သာပဲ ဖြစ်ပါလိမ့်မယ်။
အညွှန်း။
ပုဂံသုတေသနလမ်းညွှန်၊ ဦးဗိုကေ၊ ပထမအကြိမ်၊ ၁၉၈၁
Pagan, Art and Architecture of Old Burma: Paul Strachan 2nd Edn. 1996
Google Search: Bagan pagodas and Flickr.com
To the author and the editors,
It is very good.
We expect more postings of the same or similar topics and cultural documentary , history.
Best regards.
WZMR