ကဗျာ

ခက်ဦး – သားသား ဘာမှ လုပ်ဖူးနော်

 ခက်ဦး – သားသား ဘာမှ လုပ်ဖူးနော်
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၅
သားနှုတ်ခမ်းလေးပဲ သားကိုက်ထားတာ
သားတကိုယ်လုံးတုန်နေတော့တာ
ဘာကြောင့်လဲ သားသိဘူးလေ
သားဘာလုပ်မိလို့လဲ
သားမျက်ရည်တွေ
ကျလာတော့မယ်

ဦးဦးခုပြောတဲ့
အာဆတ်ဆိုလား အိုင်အက်စ်ဆိုလား
အပါတို့ အမာတို့ ပြောပြောနေတာ
သားကြားဖူးပါတယ်
အာဆတ်နဲ့ အိုင်အက်စ်
ဘယ်သူသမဒမှန်း သားလည်းသိဘူးခင်ဗျ

သားသားသိတာ
သားသားလည်း ဘာမှလုပ်ပဲနဲ့
ငယ်ငယ်ကတည်းက
အုံးအုံးဆိုပြီး ကျကွဲတယ်

သားလည်း ဘာမှလုပ်ပဲနဲ့
ဒိုင်းဒိုင်းအသံတွေထဲ
ပြေးလိုက်လွှားလိုက်
သားတို့ အမာတို့ ဦးတို့အရွယ်တွေ
သွေးတွေရွှဲလို့ သားမြင်ရတယ်

သားလည်း ဘာမှလုပ်ပဲနဲ့
ဘယ်သူတွေပဲ သေနတ်ကိုင်လာလာ
သားတို့ ခဏ ခဏ ပြေးရတယ်

သားလည်း ဘာမှလုပ်ပဲနဲ့
သားအရုပ်တွေနဲ့ သားမကစားရဘူး
သားလည်း ဘာမှလုပ်ပဲနဲ့
အပါတို့ အမာတို့နဲ့ အတူမနေရဘူး

သားဘာမှလုပ်ပါဘူးခင်ဗျ
ဂျိမ်းခနဲ အုန်းခနဲကြားတိုင်း
ပြားနေအောင်ဝပ်ရတယ်
သားဘာလုပ်လို့လဲခင်ဗျ
တဒိုင်းဒိုင်းအသံကြားရင်
ဟိုနားပုန်းရ ဒီနားပုန်းရ

သားဘာမှမလုပ်ဖူးနော်
ခြေသံတွေ
သားနားထဲ ကြားနေရတယ်
သားဘာမှမလုပ်ဖူးနော်
မီးခိုးတွေ သားသက်ရှူကြပ်တယ်
သားဘာမှမလုပ်ဖူးနော်
သွေးတွေလူတွေ သားတွေ့ရတယ်

အမလေး
သားသားကြောက်ပါတယ်ဗျ
သားသားကိုဘာမှလုပ်ပါနဲ့
သားသားကိုလုပ်ပါနဲ့ဗျ

ခင်ဗျာ
အဲဒါကင်မရာ ဟုတ်လား
သားသားကို ဓာတ်ပုံရိုက်ပေးမလို့ ဟုတ်လား
ရယ်လည်းရယ်နဲ့
ငိုလည်းငိုပါနဲ့
ဘယ်သိပါ့မလဲဦးဦးရာ
ကင်မရာနဲ့ပဲ ချိန်ချိန်
သေနတ်ကြီးနဲ့ပဲ ချိန်ချိန်
သားသိတာ သားလက်မြှောက်ဖို့
သားရှေ့မှာ သားကိုလာချိန်ထားရင်
သားသားလက်ကို
မြှောက်ထားဖို့ပဲလေ
သားမှ ဘာမှမလုပ်တာကို

ခက်ဦး
၎ . ၉ . ၂၀၁၅

(ထူးဆန်းထွေလာဤကမ္ဘာ page မှ ကင်မရာဖြင့် ဓာတ်ပုံရိုက်ရန်ချဉ်းကပ်လာသူကို သေနတ်အမှတ်ဖြင့်လက်မြှောက်တုန့်ပြန်သော ဆီးရီးယားစစ်သင့်နယ်မြေမှ ၄နှစ်အရွယ် ရင်သွေးငယ်လေး၏ပုံကို ခံစားရေးဖွဲ့မိပါသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts