ရသဆောင်းပါးစုံ မောင်ရင်ငတေ

ရောက်တတ်ရာရာ အတိုအစများ

မိုနာကို တိုင်းပြည်
မောင်ရင်ငတေ
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
 
မြေထဲပင်လယ်ကမ်းခြေက မိုနာကို (Photo Google)
ကမ္ဘာ့ အသေးဆုံး မြို့ပြနိုင်ငံတခုဖြစ်တဲ့ မိုနာကိုဆိုတာ ပြင်သစ်ပြည် အရှေ့တောင်ဒေါင့် အစွန်းက Côte d’Azur လို့ခေါ်ဆိုကြတဲ့ အပြာရောင် မြေထဲပင်လယ်ကမ်းခြေ ဒေသမှာ တည်ရှိတာပါ၊ ပါရီက ရထားနဲ့သွားမယ်ဆိုရင်တော့ တိုက်ရိုက်ရောက်တယ် ပြောလို့မရဘဲ ပါရီ မားဆေးလ်ရထားကိုစီးပြီး Nice ဘူတာကနေ တဆင့် ပြောင်းစီးရတာ များပါတယ်၊ ပါရီ နိ့စ် မိုနာကို ရထားက တနေ့ကို ၁၀ စီး ပြေးဆွဲနေပြီး အမြန်ရထား တီဂျီဗွီနဲ့သွားရင် ရထားစီးချိန် ၇ နာရီခန့်ရှိပါမယ်၊ ရထားခကတော့ ပုံမှန် နှုန်းထားအရ ဆိုခဲ့ရင်တော့ အသွားတကြောင်းကို ယူရိုငွေ တရာကျော် တရာ့သုံးဆယ် အတွင်းမှာ ပေးရပါမယ်၊ အီတလီပြည် ဂျီနိုအာမြို့နဲ့လည်း ရထားလမ်း အဆက်အသွယ်ရှိပြီး Marseille-Saint-Charles ဘူတာက စထွက်တဲ့ရထားက Cannes, Nice, Monaco-Monte-Carlo ဘူတာများကနေ တဆင့် နှစ်နိုင်ငံနယ်စပ် ဘူတာများ ဖြစ်ကြတဲ့ Menton ဘူတာနဲ့ Ventimiglia ဘူတာကိုရောက်ပြီး Genova Piazza Principe ဘူတာကိုဆက်သွားမယ်ဆိုရင် အီတလီရထားကို ပြောင်းစီးသွားရမှာပါ၊ မိုနာကိုကနေ အီတလီနယ်စပ်မြို့ Ventimiglia ကိုရထားစီးသွားရင် ရထားခက ငါးယူရိုသာပေးရမှာ ဖြစ်ပြီး ရထားစီးချိန် မိနစ်နှစ်ဆယ်သာ ကြာပါမယ်၊ ဂျီနိုအာမြို့ထိ သွားချင်တယ် ဆိုရင်တော့ ရထား သုံးနာရီလောက်ကြာအောင် စီးရမှာဖြစ်ပြီး ရထားခကတော့ ယူရို ငါးဆယ်ခန့် ကျသင့်မှာပါ၊ ရထား လမ်းပိုင်းတွေကို မားဆေးလ်မြို့ဘက်ကနေ ၁၈၅၈ ခုနှစ်မှာ စတင်ဖောက်လုပ်ခဲ့ပြီး ၁၈၇၂ ခုနှစ်မှာ Menton-Ventimiglia နယ်စပ်မြို့နှစ်မြို့ ဆက်သွယ်တဲ့ လမ်းပိုင်းကို စတင်အသုံးပြုနိုင်ခဲ့တာဖြစ်လို့ ၁၈၇၇ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်ပြည်ရထားလမ်းထက် ငါးနှစ်တာမျှသာ စောခဲ့ပါတယ်၊ စတင်၍အသုံးပြုခဲ့ပြီးနောက် အနှစ်တရာခန့် ကြာမြင့်တဲ့အချိန် ၁၉၆၉ ခုနှစ်မှာတော့ ဒီရထားလမ်းအပိုင်းကို လျှပ်စစ်ဓါတ်အားသုံး ရထားလမ်းအဖြစ် အဆင့်မြှင့်တင် ပြောင်းလဲအသုံးပြုနိုင်ခဲ့ပါတယ်၊

တောင်တန်းတွေနဲ့ ကမ်းခြေကြားက မိုနာကို (Photo Khincorail)
အမှန်တကယ်ကတော့ မိုနာကိုဆိုတာ သီးခြားရပ်တည် တည်ရှိနေတဲ့ တိုင်းပြည်တပြည်ဆိုတာမျိုး ဘယ်သူကမှ မပြောကြပါဘူး၊ မိုနာကိုသူ မိုနာကိုသားတွေ တော်တော်များများကလည်း ပြောလိုကြ ဟန်မတူပါဘူး၊ သေချာတာ တခုကတော့ သူတို့ကိုယ်သူတို့ မိုနာကိုသူ မိုနာကိုသားတွေဆိုပြီးတော့ ဂုဏ်ယူဝံ့ကြွားလိုစိတ်တော့ ရှိကြမှာပါ၊ မိုနာကိုနယ်ကို တရားဝင်ရုံးစာတွေမှာ သုံးနှုံးကြတာကတော့ Principauté de Monaco ဆိုပြီးပါ၊ မိုနာကိုမြို့ရဲ့အကျယ်က စတုရန်းတမိုင်တောင်မှ မပြည့်ပေမယ့် လူဦးရေလေးသောင်းနီးပါး ရှိနေတာမို့လို့ ကမ္ဘာ့လူဦးရေ ထူထပ်သိပ်သည်းလွန်းလှတဲ့မြို့တွေထဲက တမြို့ပါ၊ မိုနာကိုမြို့ တည်နေရာကတော့ ပြင်သစ်နိုင်ငံတောင်ပိုင်း မြေထဲပင်လယ်ကမ်းခြေမှာရှိပြီး အီတလီနယ်ခြား Menton ဂိတ်နဲ့ ၁၃ ကီလိုမီတာသာ ကွာဝေးပါတယ်၊ မိုနာကိုမြို့နဲ့ ပါရီမြို့တော်က ကီလိုမီတာ ၉၀၀ လောက်ဝေးတာမို့ နယ်မြေချင်းနီးစပ်တဲ့ အီတလီ ယဉ်ကျေးမှုတွေ လွှမ်းမိုးနေတာ မဆန်းပါဘူး၊ မြေထဲပင်လယ် ကမ်းခြေတလျှောက် ဖောက်လုပ်ထားတဲ့ ဒီကမ်းနားလမ်းဟာ လှပတဲ့ ပင်လယ်ရှုမျှော်ခင်းတွေကို ကြည့်ရင်းသွားနိုင်ပြီး Cristoforo Colombo (Christopher Columbus) ကိုလံဘတ် (၁၄၅၁-၁၅၀၆) မွေးဖွားရာဇာတိမြို့၊ မြေထဲပင်လယ်ဒေသနဲ့အီတလီနိုင်ငံရဲ့ အကြီးဆုံး သင်္ဘောဆိပ်မြို့ဖြစ်တဲ့ Genova (Genoa) ဂျီနိုအာမြို့အထိမှ ကီလိုမီတာ ၁၈၀ လောက်ဝေးတာပါ၊

မိုနာကိုမင်းသမီး ဂရေ့ကယ်လီ (Photo Khincorail)
မိုနာကိုအကြောင်း ပြောမယ်ရေးမယ်ဆိုရင် မပြောမဖြစ် မပါမဖြစ် ပါရှိရမှာက မိုနာကိုရဲ့ နယ်စား ပယ်စား မင်းသား မင်းသမီးများ အကြောင်းပါဘဲ၊ မိုနာကိုကို တိုင်းပြည်တပြည်ရယ်လို့ သတ်မှတ်လို့ ထားကြတာကလည်း ဒီအုပ်ချုပ်သူ မင်းသားမင်းသမီးတွေရဲ့ နယ်မြေ ပိုင်ဆိုင်မှုတွေကနေ ဖြစ်ပေါ် လာခဲ့တာမျိုးပါ၊ အေဒီ ၁၂ ရာစု နှောင်းပိုင်းမှာ အီတလီ ဂျီနိုအာနယ်သား Grimaldo Canella ဆိုသူ မှတဆင့် စတင်ပြီး ပေါက်ဖွားလာခဲ့ကြတယ်ဆိုတဲ့ မိုနာကိုနယ်စားတွေရဲ့ မျိုးဆက်ဟာ အခုလက်ရှိ မိုနာကို မင်းသား Albert II de Monaco (Albert Alexandre Louis Pierre Grimaldi) (၁၉၅၈-..) အထိဆိုရင် မျိုးဆက်ပေါင်း ၂၅ ဆက် ရှိခဲ့ပြီလို့ ဆိုကြပါတယ်၊ လက်ရှိမင်းသားရဲ့ ချမ်းသာကြွယ်ဝမှု ဘယ်လောက်ရှိတယ် ဆိုတာကို ဘယ်သူမှ သေချာမပြောနိုင်ပေမယ့် ကမ္ဘာ့ဘီလျံနာတွေရဲ့ စာရင်း မှာတော့ သူတို့က ထိပ်တန်းမှ အမြဲပါရှိနေတာပါ၊ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ အထဲမှာမှ နာမည် အကြီးဆုံး လူသိအများဆုံးလို့ ပြောရမှာကတော့ ယနေ့လက်ရှိနယ်စား မင်းသားကြီးရဲ့အမေဖြစ်သူ အိုင်းရစ်ဂျာမန်နွယ်ဖွား ဖီလာဒဲလ်ဖီးယားမြို့သူ အမေရိကန်လူမျိုး ဟောလီဝုဒ် ရုပ်ရှင် မင်းသမီးကြီး နာမည်ကျော် Grace Patricia Kelly (၁၉၂၉-၁၉၈၂) ဖြစ်ပါတယ်၊ ဗမာလို ပြောရမယ် ဆိုရင်တော့ နှစ်ထပ်ကွမ်း မင်းသမီးဖြစ်ခဲ့သူ ဂရေ့ကယ်လီဟာ ခင်ပွန်းဖြစ်သူ မိုနာကိုနယ်စားကြီး Rainier III de Monaco (၁၉၂၃- ၂၀၀၅) နဲ့ လက်မထပ်ခင် ၁၉၅၀ ခုနှစ်ကနေ ၁၉၅၆ ခုနှစ်အထိ ရုပ်ရှင်ကား ၁၁ ကားရိုက်ကူးခဲ့တယ်ဆိုပါတယ်၊ အကယ်၍ သူမသာ ရုပ်ရှင်ဇာတ်ကားတွေကို ဆက်လက်ရိုက်ခဲ့ မယ်ဆိုပါက ဒီထက်နာမည်ပိုမို ကျော်ကြားလာနိုင်ပါတယ်၊

၆၅ ကြိမ်မြောက် ကန်းရုပ်ရှင်ပွဲတော် (၂၀၁၂) (Photo Khincorail)
ဂရေ့ကယ်လီရဲ့ နာမည်ကြီး ရုပ်ရှင်ကားတကားကတော့ ၁၉၅၄ ခုနှစ်ကုန်ပိုင်းမှာ ရုံတင်ပြသခဲ့တဲ့ အော်စကာ အကယ်ဒမီဆု ရရှိခဲ့တဲ့  The Country Girl ဖြစ်ပါတယ်၊ ဒီရုပ်ရှင်ဇာတ်ကားနဲ့ သူမဟာ ၁၉၅၅ ခုနှစ်မှာ ကျင့်ပတဲ့ ၂၇ ကြိမ်မြောက် အော်စကာပေးပွဲမှာ အကောင်းဆုံး မင်းသမီးဆုကို ရရှိခဲ့ ပြီးနောက် ပြင်သစ်ပြည် Cannes မြို့မှာပြုလုပ်ခဲ့တဲ့ ကန်းရုပ်ရှင်ပွဲတော်ကို တက်ရောက်လာခဲ့ရာက ရုပ်ရှင်လောကကနေ စွန့်ခွာဖို့ ဖြစ်လာခဲ့တာပါ၊ အဲဒီရုပ်ရှင်ပွဲတော်မှာ မိုနာကိုနယ်စားကြီး Rainier III ဟာ သူမနဲ့ တွေ့ဆုံခဲ့ပြီးနောက် တန်းတန်းစွဲဖြစ်ခါ သူမကို အမေရိကန်ထိလိုက်ပြီး တောင်ရမ်း လက်ထပ်ယူခဲ့ပြီးနောက် ရုပ်ရှင်မင်းသမီး ဂရေ့ကယ်လီ ဘဝကနေ မိုနာကိုမင်းသမီး ဂရေ့ကယ်လီ ဘဝသို့ ကူးပြောင်းခဲ့ရတာပါ၊ သူမ အသက် ၂၆ နှစ်အရွယ် နာမည်ကြီး ဟောလီဝုဒ် ရုပ်ရှင်မင်းသမီး ဘဝကနေ အငြိမ်းစားယူခဲ့ပြီး မိုနာကိုမင်းသမီးအဖြစ် ဘဝကိုပြောင်းလဲ တည်ဆောက်ခဲ့ရာမှာလည်း ဆက်လက် လူချစ်လူခင်များခဲ့သူတဦး ဖြစ်ပါတယ်တဲ့၊ ဂရေ့ကယ်လီရဲ့ ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ ဘဝကတော့ မျှော်လင့်ခဲ့သလောက် သိပ်ပြီးတော့ မရှည်လျှားခဲ့ပါဘူး၊ ၁၉၈၂ ခုနှစ် သူမရဲ့အသက် ၅၂ နှစ် အရွယ်မှာ ဂရေ့ကယ်လီဟာ သူမရဲ့ Rover P6 3500 v8 ကားကို ကိုယ်တိုင်မောင်းပြီး နေထိုင်ရာ မိုနာကိုနန်းတော်သို့ အပြန်ခရီးမှာ ရုတ်တရက် ဦးဏှောက်သွေးကြောပြတ်ဝေဒနာ ခံစား လိုက်ရပြီးနောက် ကားက လမ်းဘေးသို့ထိုးကျ တိမ်းမှောက်ခဲ့ရာကနေ နောက်တနေ့မှာ သေဆုံးခဲ့ရ ပါတယ်လို့ ဆိုကြပါတယ်၊ ကားပေါ်မှာ ထိုင်စရာနေရာ မရှိလို့ ကားမောင်းတဲ့သူကို ခေါ်မလာပါဘဲ သူမကိုယ်တိုင် မောင်းလာခဲ့တဲ့ အဲဒီကားပေါ်မှာ သူမနဲ့အတူ ပါရှိလာသူ သူမရဲ့ တတိယမြောက်နဲ့ အငယ်ဆုံးသမီးဖြစ်သူ ပြင်သစ်ရဲ့နာမည်မကြီးခဲ့တဲ့ အဆိုတော် Stéphanie de Monaco (၁၉၆၅-) တယောက်ကတော့ သေကံမရောက် သက်မပျောက်ခဲ့လို့ ဒီကနေ့ထိတိုင် အသက်ရှည်လျှက် ရှိနေ ဆဲပါ၊ ဒီနေရာမှာ မောင်ရင်ငတေအနေနဲ့က မိုနာကို နန်းတော်ကြီးရဲ့ လက်ရှိ မျိုးဆက် မင်းသားကြီး Albert II ဆင်းသက်လာရာ မျိုးနွယ်စဉ်ဆက်ရဲ့လမ်းကြောင်းကို ကြည့်မိတဲ့အခါမှာ မင်းသားကြီးရဲ့ အမေ ဂရေ့ကယ်လီဟာ အိုင်းရစ် ဂျာမန်နွယ်ဖွား အမေရိကန်လူမျိုး ဖြစ်ပြီးတော့ မင်းသားကြီးရဲ့ အဖေဖြစ်သူ Rainier III ကလည်း အီတလီ ပြင်သစ်နွယ်ဖွား မိုနာကိုနယ်စားမျိုးရိုး အဖေဖြစ်သူနဲ့ မက္ကစီကိုပြည်ဖွား အမေဖြစ်သူက မွေးဖွားလာသူပါ၊ မင်းသားကြီးရဲ့ မဟေသီ Charlène Wittstock (၁၉၇၈-) ကတော့ အခုအခါမှာ ဇမ်ဘာဘွေနိုင်ငံဖြစ်နေတဲ့ အင်္ဂလိပ်ကိုလိုနီနယ် Rhodesia နယ်မှာ အင်္ဂလိပ်ဂျာမန်နွယ်ဖွား မိသားစုမှ မွေးဖွားလာခဲ့ပြီး တောင်အာဖရိကနိုင်ငံကို ရွှေ့ပြောင်းအခြေစိုက် နေထိုင်ခဲ့သူ အင်္ဂလန်နိုင်ငံသားပါ၊ အဲဒါကြောင့် သူတို့တွေဟာ လူဖြူမျိုးတော့ လူဖြူမျိုးတွေ ဖြစ်ကြ ပေမယ့် သွေးတွေကတော့ ရောနှောနေသူတွေပါ၊ သူတို့တတွေကနေ နောက်ထပ်ပေါက်ဖွားလာတဲ့ မျိုးဆက်တွေမှာတော့ ပိုမိုပြီးတော့ သွေးအရောအနှော များလို့သာ လာခဲ့ပါပြီ၊ အဲဒါမျိုးတွေကလည်း တကယ်တမ်းတော့ မဆန်းလှတော့တဲ့ ဥရောပရဲ့ ယဉ်ကျေးမှုပါ၊

အိမ်ခြေထူထပ်လူနေများပြားလှတဲ့ မိုနာကို (Photo Khincorail)
မိုနာကိုနယ်မြေဟာ အရင့်အရင်ခေတ် ကာလတွေတုန်းကတော့ နယ်စားပယ်စားတွေ အကြောင်းနဲ့ ဇိမ်ခံစရာတွေကြောင့် နာမည်ကြီး ဈေးကြီးခဲ့ပေမယ့် အခုခေတ်ကာလမှာတော့ မိုနာကိုဆိုတာနဲ့ ပိုမိုနာမည်ကြီးတာကတော့ ကာစီနိုမွန်တီကာလို ကြောင့်ပါ၊ အဲဒီ Casino de Monte-Carlo လို့ခေါ်တဲ့ လောင်းကစားရုံကြီးဟာ မိုနာကိုရဲ့ အဓိကမြို့လယ် ရပ်ကွက်တခုဖြစ်တဲ့ အိမ်ဈေးနှုန်း အလွန်ကြီး လှပါသော မွန်တီကာလို ရပ်ကွက်မှာ တည်ရှိတာပါ၊
မိုနာကိုနဲ့ ကာစီနိုမွန်တီကာလို (Photo Khincorail)
ကာစီနိုမွန်တီကာလို လောင်းကစားရုံနဲ့ ပြဇာတ်ရုံပိုင်ရှင်ကတော့ မိုနာကိုမြို့ရဲ့ပိုင်ရှင် နယ်စားကြီးနဲ့ သူတို့ရဲ့ ဆွေမျိုးများတသိုက်သာ ဖြစ်ကြပြီး အဲဒီလောင်းကစားရုံကနေ ရရှိနေတဲ့ ငွေသန်းပေါင်း များစွာက မိုနာကိုနယ်ရဲ့ အဓိကဝင်ငွေ ဖြစ်ပါတယ်တဲ့၊ ဒီလောင်းကစားရုံကြီးကို ၁၉၅၀ ခုနှစ်များမှာ လွှမ်းမိုးချယ်လှယ်သွားသူကတော့ နာမည်ကျော် အာဂျင်တီးနားနဲ့ ဂရိသင်္ဘောသူဋ္ဌေးကြီး Aristotle Socrates Onassis အိုနာဆစ်ပါ၊ အမေရိကန် သမတကြီး ဂျွန် အက်ဖ် ကနေဒီ (၁၉၁၇-၁၉၆၃) ရဲ့ ဇနီးဖြစ်ခဲ့ဖူးသူ ဂျက်ကလင်း ကနေဒီ အိုနာဆစ် (၁၉၂၉-၁၉၉၄) ရဲ့ နောက်ယောက်ျားပါ၊ အခုအခါ တူရကီနိုင်ငံ İzmir လို့ခေါ်တဲ့ အဲဒီခေတ် အော်တိုမန်အင်ပါယာ ခေတ်က Smyrna နယ်သား ဂရိ သင်္ဘောသူဋ္ဌေး အိုနာဆစ် (၁၉၀၆-၁၉၇၅) ရဲ့ဘဝဟာလည်း ထူးခြားလို့ ဒီနေရာမှာ ကြုံကြိုက်တုန်း နည်းနည်း ရေးချင်မိပါတယ်၊ ၁၉၂၂ ခုနှစ် Smyrna ဒေသမီးလောင်ပျက်စီးပြီးခိုက်မှာ အိုနာဆစ်ဟာ
Nansen passport ခေါ် နိုင်ငံမဲ့လူသား ဒုက္ခသည်ခရီးသွားစာအုပ်ကိုကိုင်ဆောင်ပြီး အာဂျင်တီးနား နိုင်ငံကို ရောက်ရှိသွားခဲ့တာပါတဲ့၊ အိုနာဆစ်ဟာ အဲဒီလိုဘဝမျိုးကနေ ချမ်းသာသူဋ္ဌေး ဖြစ်သွားခဲ့ပြီး နာမည်ကြီး အမေရိကန် သမတကတော်ဟောင်းကို ရအောင်ယူခဲ့သူပါ၊ အဲဒီခေတ်အခါက Nansen ဒုက္ခသည်ခရီးသွားစာအုပ် ကိုင်ဆောင်သူ သန်းချီရှိခဲ့တဲ့ အထဲမှာ အာမေးနီးယန်း ဂရိ တူရကီ ရုရှား လူမျိုးတွေကသာ အများစုဖြစ်ကြပြီး မောင်ရင်ငတေတို့လို အာရှတိုက်သားတွေ အတွက်ကတော့ ဒုက္ခသည်ဆိုတာ ဘာမှန်းမသိကြသေးတဲ့ အချိန်ဖြစ်ပါတယ်၊
၁၈၇၉ ခုနှစ်က တည်ဆောက်ခဲ့တဲ့ ကာစီနိုမွန်တီကာလို (Photo Khincorail)
၁၇၈၉ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ဒီကနေ့လက်ရှိ ကာစီနိုရုံရဲ့ ဗိသုကာပညာရှင်ကတော့ ပါရီမြို့က Palais Garnier ပြဇာတ်ရုံကြီးရဲ့ ပုံစံဒီဇိုင်းကိုလည်း ရေးဆွဲခဲ့သူ Charles Garnier (၁၈၂၅-၁၈၉၈) ဖြစ်ပါတယ်၊ ၁၉၈၃ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ တကြော့ပြန် ဂျိမ်းစဘွန်းမင်းသားကြီး Sean Connery ရှောင်ကွန်နရီ (၁၉၃၀-) Never Say Never Again ရုပ်ရှင်ရိုက်ကူးခဲ့ရာ အဓိကနေရာ တနေရာက မွန်တီကာလိုကာစီနိုနယ်မြေ ဖြစ်ပါတယ်လို့ စာအုပ်တွေထဲမှာ ရေးသားကြကြော်ငြာခဲ့ကြပါတယ်၊ ဒီ ဇာတ်ကားကို ပြန်ကြည့်မိတော့ မိုနာကိုရဲ့ တကယ့်ပုံရိပ်တွေကို ဘာမှသိပ်ထူးထူးခြားခြား မတွေ့ရှိမိ ရပါဘူး၊ ကာစီနိုနယ်မြေ မွန်တီကာလိုကို ၂၀၁၀ ခုနှစ်က စတင်ပြီး ရုရှားရဲ့မြို့တော် မော်စကိုကနေ တိုက်ရိုက် ရထားစီးသွားလို့ ရပါပြီ၊ တိုးတက်များပြားလာတဲ့ ရုရှားက ခေတ်ပေါ်သူဋ္ဌေးတွေ ပြင်သစ် ပင်လယ်ကမ်းခြေတွေမှာ လာပြီးသုံးကြဖြုန်းကြတာ များလာခဲ့လို့ Riviera Express ဆိုတဲ့ ရှစ်နိုင်ငံ ဖြတ်သန်းသွားရတဲ့ ရုရှားပြင်သစ်သွား ရထားကို တပတ်တခါ သောကြာနေ့တွေမှာ ပြေးဆွဲခဲ့တာပါ၊ ဈေးနှုန်းကတော့ ပုံမှန်အားဖြင့် ယူရို လေးရာဝန်းကျင် ကျသင့်မှာဖြစ်သလို ဇိမ်ခံအထူးတန်းတွဲတွေ စီးချင်ရင်လည်း စီးနိုင်ပါတယ်၊ အကွာအဝေး ကီလိုမီတာ သုံးထောင်နှစ်ရာကျော် နာရီ ငါးဆယ်ကြာစီးရမယ့် စိတ်ဝင်စားစရာ ရထားခရီး ဖြစ်ပါတယ်၊ Riviera Express ရထားက ပုံမှန်သွားနေကြလမ်း မိုနာကို ပါရီ ဘက်ကသွားတာ မဟုတ်ပါဘူး၊ နိ့စ်မြို့က စတင်ထွက်ခွာပြီး မိုနာကိုဘူတာမှာ နှစ်မိနစ် ရပ်ပါတယ်၊ အဲဒီနောက် အီတလီပြည် Ventimiglia, Genova, Milano, Verona, Bolzano မြို့များ မှတဆင့် သြစတြီးယားနိုင်ငံ မြို့ကြီးသုံးမြို့ဖြစ်တဲ့ Innsbruck, Linz, Wien (Wenen Meidling) တို့ကို ရောက်ပါတယ်၊ ချက်နိုင်ငံ South Moravian ပြည်နယ်က Břeclav နဲ့ Bohumín မြို့၊ ပိုလန် နယ်စပ်မှ Katowice ပိုလန်မြို့တော် Warsaw (Warszawa Centralna)၊ Belarus ဘီလာရုဇ်နိုင်ငံ Brest (Брэст) မြို့တော် Minsk (Мінск) မြို့များမှတဆင့် ရုရှားနယ်စပ် Smolensk မြို့ကိုရောက်ရှိ ပါတယ်၊ ထိုနောက် ရုရှားနယ်စပ်ကနေ ကီလိုမီတာ ၄၀၀ နီးပါးကွာဝေးတဲ့ မြို့တော် မော်စကိုမြို့က Moskva Beloroesskaja ဂိတ်ဆုံးဘူတာကိုဆိုက်ရောက်မှာပါ၊ မိုနာကိုမြို့ကိုပါ နိုင်ငံတနိုင်ငံအနေနဲ့ ထည့်တွက်ပြီး ရှစ်နိုင်ငံခရီးလို့ပြောကြတဲ့ ဒီရထားခရီးစဉ် ပြေးဆွဲရခြင်းမှာ အကျိုးအမြတ်က အဓိက မဟုတ်ပါဘူး ရုရှား မိုနာကို ချစ်ခင်ရင်းနှီးလိုမှုက အရေးကြီးတာပါလို့ ပြင်သစ် မီးရထားဋ္ဌာန SNCF က ဘယ်လိုပင် ထုတ်ဖော်ပြောကြားပါစေ၊ မွန်တီကာလို ကာစီနိုမှာ လိုအပ်နေတဲ့ ဖောက်သည်သစ် ရှာဖွေရေးမှာ ခေတ်သစ်ရုရှား ပေါ်ပင် ခရိုအနီအပြာအဝါ စီးပွားရေးသမားတွေကို ပစ်မှတ်ထားပြီး ရှာဖွေနေတာကိုတော့ ဘယ်လိုမှ ငြင်းချက်ထုတ်လို့ ရနိုင်မှာ မဟုတ်ပါဘူး၊
မိုနာကိုနန်းတော် (Photo Khincorail)
မိုနာကိုရဲ့ တရားဝင်ရုံးသုံး ဘာသာစကားက ပြင်သစ်စကား ဖြစ်ပေမယ့် သူတို့ဒေသသုံး စာနဲ့စကား
Munegascu (Monégasque dialect) ကိုလည်း အသုံးပြုနေကြဆဲပါ၊ မိုနာကိုစကားအသံထွက်က မြောက်ပိုင်းအီတလီ အသံဘက်ကို ပိုနွယ်ပါတယ်တဲ့၊ မိုနာကို လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းလောက်က ဒီစကားကို ပြောဆိုနေကြဆဲဖြစ်ပြီး အလယ်တန်း ကျောင်းစာသင်ရိုးမှာတော့ ဒီဘာသာစကားကို မသင်မနေရ သင်ကြားရမှာ ဖြစ်ပါတယ်၊ သန်းကောင်စာရင်းအရ သုံးသောင်းခြောက်ထောင်ကျော်ရှိ မိုနာကိုမြို့သားများမှာ နိုင်ငံခြားမှတ်ပုံတင် ကိုင်ဆောင်ထားသူ နှစ်သောင်းကျော်ရှိတာပါ၊ ပြင်သစ် နိုင်ငံသားက ရှစ်ထောင်ရှစ်ရာကျော်ရှိပြီး မိုနာကို နိုင်ငံသား Nationalité monégasque ဆိုသူက ခုနှစ်ထောင်ခြောက်ရာကျော်သာ ရှိပါတယ်၊ Nationalité monégasque ဖြစ်ဖို့ကလည်း မလွယ်လှ ပါဘူး၊ မိုနာကိုမင်းသားရဲ့ အတည်ပြု ထောက်ခံချက်နဲ့မှ ရရှိနိုင်မှာဖြစ်ပြီး ၂၀၁၀ ခုနှစ်က နိုင်ငံသား လျှောက်ထားသူ လေးရာမှာမှ ခုနှစ်ယောက်သာ ရရှိခဲ့ပါတယ် ဆိုတော့ကာ မင်းသားကြီးနဲ့ နီးစပ်သူ သူဋ္ဌေးသူကြွယ်ကြီးများသာ ဖြစ်နိုင်ကြောင်းပါ၊ မောင်ရင်ငတေတော့ ဒီလို ရွှေရောင်တပြောင်ပြောင် ဟန်ဆောင်လောကကြီးနဲ့ နီးစပ်သူတယောက် မဟုတ်ပေမယ့် နာမည်ကြီးလွန်းလှတဲ့ အပြာရောင် မြေထဲပင်လယ်ကမ်းခြေက သူဋ္ဌေးကြီးများရဲ့နယ်မြေကို ရောက်ဖူးတယ်ဆိုရုံ သွားလည်ခဲ့ပါတယ်၊ ဟော်တယ်မတည်း ကာစီနိုမကစားခဲ့ပါဘဲ အာလူးချောင်းကြော်စား လမ်းဘေးလျှောက် ဓါတ်ပုံရိုက် မှတ်တမ်းတင်ရုံသာပါ၊ အဲဒီလို မိုနာကိုနယ်မြေ အပါအဝင် French Riviera ဒေသကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွားများကလည်း တနှစ်ကို ဆယ့်လေးငါးသန်းမျှ ရှိပါတယ်တဲ့၊

အဲလ်တောင်တန်းခြေအောက်က မိုနာကိုမြို့အလှ (Photo Khincorail)
ပြင်သစ်မိုနာကိုတိုင်းပြည် (Photo Google)
ဘယ်လိုဘဲဖြစ်ဖြစ် ပြင်သစ်ပြည်တောင်ပိုင်းက မြေထဲပင်လယ်ကမ်းခြေဒေသကို အလည်တခေါက် ရောက်ရှိလာမယ်ဆိုရင် မိုနာကိုမြို့ကို သွားရောက်လည်ပတ်သင့်ကြောင်းပါ၊ သို့ပေသော်ငြားလည်း အထူးသတိပြုရမှာကတော့ မိုနာကိုနယ်မြေဒေသ တဝိုက်ဟာ ပြင်သစ်ပြည်မှာ ဈေးနှုန်းကြီးမြင့်တဲ့ ဒေသတခု ဖြစ်နေတယ် ဆိုတာကိုပါ၊ သာမန် အစားအစာ အာလူးချောင်းကြော်တွေနဲ့ အသားညှပ် Sandwich Kebab (grec) တခုကို ပါရီမြို့က လမ်းမများပေါ် ဝယ်စားရင် လေးယူရိုခွဲသာ ပေးရမှာ ဖြစ်သော်လည်း မိုနာကိုရဲ့လမ်းမများမှာတော့ ခြောက်ယူရိုခန့် ပေးပြီးဝယ်စားရမှာပါ၊ မိုနာကိုမြို့ဟာ မြို့ကကျဉ်း လူကများတဲ့အပြင် ကမ္ဘာအရပ်ရပ်ကနေ လာရောက်လည်ပတ်တဲ့သူတွေ တနေ့တခြား များများလာတာကြောင့် အိမ်ဈေးမြေဈေးတွေက တက်ဈေးသာ ရှိနေပါတယ်၊ ၂၅ စတုရန်းမီတာခန့် ကျယ်တဲ့ Studio ခေါ် သာမန်အိမ်ခန်း တခန်းရဲ့ တလငှားရမ်းခငွေက ယူရိုငွေ နှစ်ထောင်ဝန်းကျင် ပေးရလို့ ပါရီထက် သုံးဆကျော်လေးဆခန့်ရှိပြီး ရောင်းဈေးကတော့ ၁၀ သိန်းဝန်းကျင် ပေါက်တာမို့ ပါရီထက် ခြောက်ဆကျော်ခန့် ဈေးပိုမိုကြီးနေတာပါ၊ ဈေးအကြီးဆုံး နေရာမှာ တမီတာပတ်လည်ကို ယူရိုသုံးသောင်းခွဲကျော် ပေါက်ဈေးရှိပါတယ်၊ လာရောက်လည်ပတ်သူများအတွက် မိုနာကိုအနီးနား တဝိုက် ဟော်တယ် အကြီးအသေးတွေ အခန်းငှားစားတဲ့ နေရာတွေ များပြားစွာ ရှိနေပါသော်လည်း ကြိုတင်မစီစဉ်ထားရင်တော့ဖြင့် ဈေးကြီးမိမှာက အသေအချာပါဘဲ၊ အချုပ်ပြောရရင်တော့ မိုနာကို ဆိုတာ မြေထဲပင်လယ် ကမ်းခြေဒေသရဲ့ အလွန်တရာမှ လှပသာယာသော မြို့လေးတမြို့ ဖြစ်ပြီး နာမည်ကြီး လောင်းကစားသမားတွေ ကျက်စားရာ ဖြတ်သွားဖြတ်လာ ခရီးသွားသူတွေ ပေါများရာ နိုင်ငံပေါင်း ၁၂၅ နိုင်ငံက နိုင်ငံခြားသားလို့ ခေါ်ဆိုနိုင်သူတွေ အတူတကွ လာရောက်နေထိုင်ပြီး အလုပ်လုပ်ရာနေရာ ကမ္ဘာ့မှာ ဒုတိယအသေးဆုံး နိုင်ငံတနိုင်ငံ ဖြစ်ကြောင်းပါ၊ ဒါပေမယ့် မိုနာကိုရဲ့ အဆိုအရ တယောက်တည်းလာလာ ချစ်အဖော်နဲ့လာလာ မိသားစုလိုက်လာလာ မိုနာကို ရောက်ခဲ့ ရင်တော့ ပျော်ရွှင်စေရမယ်လို့တော့ အင်္ဂလိပ်အခေါ် French Riviera (Côte d’Azur) မိုနာကိုက ကြုံးဝါးထားပါတယ်လို့ ဆိုစကား မှန်မမှန်ကတော့ အမှန်တကယ် ရောက်ရှိခဲ့သူ နေထိုင်သူတွေက ပိုမို မှန်ကန်စွာ အဆုံးအဖြတ် ပေးနိုင်မှာပါ ခင်ဗျာ၊
မောင်ရင်ငတေ ၁၇၀၂၂၀၁၄
Onboard new Moscow to Nice train – November 2010
——————————
http://pollystreaming.com/James-Bond-007-Never-Say-Never-Again-1983_v3147
Never Say Never Again
——————————

Grace Kelly Documentary

——————————

High Society (1956) Best Musical Parts

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts