ကဗျာ ဆောင်းယွန်းလ

အလွမ်းများကို ရုပ်သိမ်းခြင်း

ဆောင်းယွန်းလ
ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄

 

 

မသောက်ပဲရောက်နေတဲ့ နေ့တွေနဲ့
မရှုပဲ ယူနေတဲ့ ညတွေထဲမှာ
အတိတ်ကို တိတ်တဆိတ်ဖွာရှိုက်ရင်းက
လွင့်စဉ်ကျသွားတဲ့ ပြာမှုန်ပြာစတွေဟာ
ငါ့ အလွမ်းတွေပဲဖြစ်တယ်….

 

သမိုင်းဝင်အဖြစ်အပျက်တွေထဲက
ဗိုလ်အောင်ကျော်အကြောင်း လှန်ဖတ်မိရင်
ကလေးဘ၀က မှတ်မှတ်ရရနေထိုင်ခဲ့ဖူးရာ နေရာ
နှစ်ပေါင်းသုံးဆယ်နီးပါး ပြန်မရောက်ဖြစ်ခဲ့တဲ့
ဗိုလ်အောင်ကျော်လမ်းကို လွမ်းတယ်….

 

၄၃လမ်းထိပ်က
ပိတောက်ပင်ရိပ်ကို လွမ်းပေမယ့်
အသက် ၄၃နှစ်တုန်းကလည်း
၄၃လမ်းထိပ်ကို ပြန်မရောက်ဖြစ်ခဲ့ဘူး…..

 

ဘ၀ရဲ့ အပူငွေ့တချို့ကို
လူမတွေ့အောင် မှုတ်ထုတ်လိုက်မိတိုင်း
အမေ့မေတ္တာငွေ့လှုံပြီး လုံခြူံခဲ့ဖူးတဲ့
တချိန်က အိမ်ရှိရာအရပ်
ပုသိမ်မြို့ကိုလည်း လွမ်းတယ်…..

 

အလွမ်းဆိုတဲ့မီးကို ရဲနေအောင်ဖွာနေမိရင်း
ငါပြန်မရောက်ဖြစ်တဲ့ နေရာတွေမှာ
လောကစည်းမျဉ်းတွေက
တဖြေးဖြေး ဘောင်ကျဉ်းလာတာကို တွေ့မိတော့
လွမ်းမိတဲ့ အလွမ်းတွေကို မလွမ်းလောက်တော့ဘူး….

 

ငါလွမ်းတတ်တဲ့ နေရာတွေကို
ငါ ပြန်ရောက်ရင်
သေချာတာတခုက
အားအားရှိ ပါးရိုက်ခံရဖို့များသလို
ဖယောင်းတိုင်မီးအောက် ဗိုက်မှောက်ပြီး
နွားနို့သောက်နေရဖို့ကများတယ်….

 

ဆိုတော့ကာ…
ဆင်းရဲမွဲတေမှုပပျောက်ရေးလုပ်သလိုမျိုး
ငါ့အလွမ်းတွေကိုလည်း ပပျောက်အောင်
ဖျောက်ပစ်ရမယ်…

 

ကုလားကို စကားပြောခွင့်မပြုတဲ့ နယ်မြေ
တရားကို တရားဟောခွင့်မရှိတဲ့ နယ်မြေ
ဘုရားသားက ဘုရားစကားမပြောပဲ
ပစ် ထောက် မှောက် လှိမ့်နဲ့
မဟားဒယားအမိန့်တွေထုတ်နေတဲ့ နယ်မြေကို
ဘယ်ပုံဘယ်နည်းနဲ့ ငါ..လွမ်းရပါ့…….။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts