Memories Portraits

Aryu (1958-2013) – Nyein Chan Aye

မောင်… အလွမ်းပြေ

ငြိမ်းချမ်းအေး၊ မေ ၁၁၊ ၂၀၁၃

အာယု (၁၉၅၈-၂၀၁၃) ၊ ဓာတ်ပုံမျှဝေသူ – ဧရာဝတီ

စာရေးဆရာ/ဒါရိုက်တာ (ဦး) သာဓု ရဲ့ မျိုးဆက် ထဲက အငယ်ဆုံးသား (ရုပ်ရှင်မင်းသမီး (ဒေါ်) မြတ်မွန် ၏ သားအကြီးဆုံး) (ဦး) အာယု (၁၉၅၈-၂၀၁၃) (၂၀၁၃ မေလ ၉၊ ညနေ ၆ နာရီ ၅၀ မိနစ် ကွယ်လွန်) နာရေး သတင်းကြားရတော့ စိတ်မကောင်း ဖြစ်ရတယ်။  ကျနော်က စတီရီယို သီချင်းကြိုက်တော့ တခြား နိုင်ငံကျော်တဲ့ သူ့အကိုတွေ နည်းတူ သူ့ကိုလည်း ကောင်းကောင်း အမှတ်တရ ရှိခဲ့တယ်။

အာယု က ဆရာ သာဓု ရဲ့ အနုပညာ မျိုးဆက် “သဘာဝ အုပ်စု” လို့ လူသိများကြတဲ့ စာရေးဆရာ/ဒါရိုက်တာ မောင်ဝဏ္ဏ၊ စာရေးဆရာ/အဆိုကျော်/ရုပ်ရှင်မင်းသား သုမောင် (ဗလ)၊ ရုပ်ရှင်မင်းသား ရူပ (“ချစ်တဲ့သူငယ်လေး”၊ မေဝင်းမောင် နဲ့ တွဲ)၊ ကဗျာဆရာ/စာရေးဆရာ မင်းလူ တို့ထဲမှာ အငယ်ဆုံးဖြစ်ပြီး နာမည်လည်း သူ့ အကိုတွေလောက် သိပ်မထွက်ခဲ့ဘူးလို့ ထင်တယ်။  ဒါပေမယ့် အာယု ဟာ သူ့ ဖခင် နဲ့ အကိုတွေ လုပ်သမျှ အလုပ်အားလုံးကို စွယ်စုံ လုပ်ခဲ့ပြီး အနုပညာ အရ အသိအမှတ် အပြုခံရသလို အထိုက်အလျောက် အောင်မြင်မှုလည်း ရခဲ့တယ်။  သူ အနုပညာလောက စ ဝင်တာတော့ စာရေးဆရာ မျိုးဆက် အနေနဲ့ အကိုတွေလိုပဲ စာရေးပြီး ဝင်ခဲ့တယ်။  နောက် သီချင်းရေး ဆရာ နဲ့ လူသိများ အောင်မြင်လာတယ်။  နောက်တော့ ရုပ်ရှင် ဇာတ်ညွှန်းတွေ ရေး၊ ဗွီဒီယို ဒါရိုက်တာ လုပ်တယ်။  နောက်ပိုင်းမှာ ဒါရိုက်တာ အလုပ်ပဲ ပို လုပ်ဖြစ်ခဲ့တယ် ထင်တယ်။

မင်းလူ က သူ့ညီ အာယု အကြောင်းကို “စွယ်စုံ လုပ်တတ်တယ်..၊ လုပ်နိုင်စွမ်းလည်း ရှိတယ်..၊ ဒါပေမယ့် စွဲစွဲမြဲမြဲ ဇောက်ချ လုပ်တဲ့ အကျင့်တော့ မရှိဘူး..” လို့ စာတပုဒ်မှာ ထည့်ရေးဖူးတာ အမှတ်ရတယ်။  သူရေးတဲ့ ကိုယ်ပိုင်သံစဉ် စတီရီယိုတေး “မောင်” သီချင်း မေဆွိ ဆိုပြီး ၁၉၈၀ ခုနှစ် အလယ်များမှာ လျှမ်းလျှမ်းတောက်တောက် အောင်မြင်တော့ သူ့ကို သီချင်းပရိုဂျူဆာတွေက သီချင်းတွေ ဝိုင်းအပ်ကြတယ်။  ဒါပေမယ့် သူက “ကျနော် ဝတ္ထုပဲ ရေးတော့မယ်..” ဆိုပြီး ပြန်ပြောတယ်လို့ ဖတ်ဖူးတယ်။

သူ့ကို တနိုင်ငံလုံး အတိုင်းအတာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူစသိစေခဲ့တဲ့ တေးရေးဆရာ ဘဝ ကို သူ ကြိုးကြားကြိုးကြားတော့ ဆက်လုပ်ဖြစ်ခဲ့တယ်။  မေဆွိ “မောင်” အပြင် တခြား အဆိုတော်တွေ အတွက် အောင်မြင်တဲ့ တခြား စတီရီယိုသီချင်းတွေလည်း ရှိခဲ့တယ်။  သူကိုယ်တိုင်လည်း ကိုယ်တိုင်ရေး အများစုပါတဲ့ တေးစု တခု နောက်ပိုင်း ထွက်ခဲ့သေးတယ်။ 

ဆရာ သာဓု (၁၉၁၈-၁၉၉၁) မျိုးဆက်ထဲက ပထမဆုံး ထွက်သွားတာက ဒုတိယ သားအကြီး သုမောင် (၁၉၅၁-၂၀၁၀).. ။  ပြီးတော့ ရှေ့ဆင့်နောက်ဆင့် ဆိုသလို တနှစ်တောင် မခြားဘဲ သားအကြီး မောင်ဝဏ္ဏ (၁၉၄၇-၂၀၁၁) ဆုံးပြန်တယ်။  အခုတော့ ၂၀၁၂ တနှစ်ခြားပြီး ၂၀၁၃ အရောက်မှာ အဖေ နဲ့ အကိုတွေ ခြေရာ အကုန် လိုက်နင်းနိုင်ခဲ့တဲ့ အငယ်ဆုံး သား အာယု လည်း ဖခင် နဲ့ အကိုအကြီး နှစ်ယောက် နောက် လိုက်သွားရှာတယ်။  “သဘာဝ အုပ်စု” သားတွေထဲမှာ လက်ကျန် ရုပ်ရှင်မင်းသား ရူပ နဲ့ စာရေးဆရာ မင်းလူ ပဲ ကျန်တော့တယ်။  ရူပကလည်း နောက်ပိုင်း ရုပ်ရှင် နဲ့ ဗွီဒီယိုတွေ မရိုက်သလောက်ပဲ။  သူ့ ရိုက်ပေးမယ် အကိုကြီးကလည်း မရှိတော့ဘူးကိုး။  အခု ညီ ဒါရိုက်တာ ကပါ ဆုံးပြန်ပြီ။  ဆရာ မင်းလူ ရဲ့ စာတွေတော့ မပြတ်ဆိုသလိုပဲ တွေ့နေရသေးတယ်။  နှစ်ယောက်လုံး သက်ရှည် ကျန်းမား အနုပညာအလုပ်တွေ လုပ်နိုင်ပါစေဗျာ။

            ကျနော် က သူတို့ “သဘာဝ အုပ်စု” ကို “သဘာဝကျ” လို့ ကို အလေးဂရုပြုတယ်။  ပြီးတော့ ငွေနောက် မလိုက် ပေါက်လွှတ်ပဲစား အနုပညာ အလုပ်တွေ မလုပ်သလောက် ဆိုတော့ အသိအမှတ်ပြုရတယ်။  အာယု ရဲ့ ကားတွေတော့ ဗမာ ဗွီဒီယို မကြည့်တော့ ဘယ်လိုအဆင့်မှန်း မသိဘူး။  သူ့သီချင်းတွေကတော့ ငယ်ငယ်က တော်တော်ကို ကြိုက်ခဲ့ရတယ်။  “သဘာဝ အုပ်စု” ပေမယ့် သူ့အကိုတွေ (စာရေးတဲ့) အတိုင်း စကားလုံး အနု၊ အရွတွေနဲ့ သီထားတဲ့ အချစ်၊ အလွမ်း၊ အဆွေး သီချင်းလေးတွေကို စွဲခဲ့ဖူးတယ်။  အခု သူ့နောက်ဆုံး ခရီးမှာ အဆင်သင့် လက်လှမ်းမီ ရှိနေတဲ့ သူ့ သီချင်းကောင်း နှစ်ပုဒ်ကို မိုးမခ ပရိသတ် အတွက် မျှဝေရင်း သူ့ကို နှုတ်ဆက်လိုက်ပါတယ်။  “မောင်.. အလွမ်းပြ” နှုတ်ဆက်ခြင်းပေါ့..။

မောင် ၊ သံစဉ်/စာသား – အာယု ၊ တေးဆို – မေဆွိ ၊ အီသီယိုးပီးယား (ကိုယ်ပိုင်သံစဉ်တေးသစ်များ) တေးစု ၊ ၁၉၈၅

အလွမ်းပြေ ၊ သံစဉ်/စာသား – အာယု ၊ တေးဆို – ကိုင်ဇာ ၊ ချမ်းလည်းချမ်းတယ် လွမ်းလည်းလွမ်းတယ် တေးစု ၊ ၁၉၈၆

(ဦး) အာယု တယောက် ကောင်းရာ သုဂတိ လားပါစေ။

ငြိမ်းချမ်းအေး

၁၁ ၊ မေ ၊ ၂၀၁၃ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts