၁၁နှစ် ခရီးမှာ ၁၁မီး မငြိမ်းကြသူများ
ကိုရာဇာ၊ အောက်တိုဘာ ၁၇၊ ၂၀၁၃
ပူတယ် လောင်တယ် မြိုက်တယ်။ ဒီရာသီဥတုက ကျွမ်းဖို့ရာရှိတယ်။ အပူခို နေညိုကို လွမ်းဆိုသလို အပူမရှာ အတိတ်ပါ မေ့လို့ပြောရမလား။ ဗမာစကားပုံ ရှိမဟုတ်လား အနူမကူး၊ အပူကူးတယ် ဆိုတာလေ။ အခုဗမာတပြည်လုံး လောင်မီးကျနေမှတော့ သူ့အပူကိုယ့်အပူ ကူးပြီပေါ့။ ကျနော်တို့ပူပြင်းလောင်မြိုက်ခဲ့တာများ နှစ်ဆယ့်ငါးနှစ်သား ရှိပြီဗျ။ ဒီမိုကရေစီရရှိရေး ဒို့အရေး ကြွေးကြော်သံနဲ့ အဖွဲ့ချုပ်ကြီး ပေါ်ခဲ့တယ်မဟုတ်လား။ လူထုခေါင်းဆောင် ဒီမိုကရေစီ မိခင်ကြီးဒေါ်အောင်ဆန်းစုကြည် ပေါ်ခဲ့တယ်မဟုတ်လား။
ဒီအဖွဲ့ချုပ်ကြီး… ဒီမိခင်ကြီးအောက်ဖျားမှာ အဖွဲ့ချုပ်သားပေါက်ကလေးတွေ ဖွားခဲ့တယ်ဗျာ။ ဒီထဲမှာမှ ကျနော်နဲ့အဆက်အစပ်ပြုလို့ ကျနော်တို့ ၀ိုင်းဝန်းခဲ့တာလေးတစ်ခု ပြောချင်တယ်ဗျာ။ ခုခံအား ကျဆင်းမှုရောဂါ ကာကွယ်တားဆီးရေးနဲ့ ပြုစုစောင့်ရှောက်ရေးဌာန … တဲ့ ။ လူတွေ အလွယ်ပြောတော့ HIV Section ပေါ့။ မနှစ်က ဆယ်နှစ်ပြည့်မှာ “အများခန္ဓာနဲ့ နာဖျားနေတဲ့ကိစ္စ ” ဆိုပြီး ကဗျာဆန်ဆန်ခေါင်းစဉ်လုပ် စာတအုပ်ထုတ်ဖူးတယ်။ သိပ်တော့လည်း အသိမှတ်ပြုတာ မခံရပါဘူး။ ဒီိကိစ္စကြီး စတင်ခဲ့သူ မိခင်ကြီးဒေါ်အောင်ဆန်းစုကြည်တောင် ဝေနေယျသ၀ဏ်လွှာလေးပဲ ပေးပို့တာ ခံရတယ်။
ဘာဖြစ်သလဲ…သညာအသစ်ပဲ ပေါ့။ မှတ်သားသင်ယူစရာတွေ များသထက်များလာနေပေါ့ တောင် ခံစားရတယ်။ သို့ပေမယ့် အဖွဲ့ချုပ်နာယကကြီး ဘဘဦးတင်ဦးကတော့ အခမ်းအနားတက်ရောက် ပေါက်မြောက် အောင် ဂရုဏာစကားပြောကြားပေးတယ်။ သဘာပတိအဖွဲ့ဝင် ဘဘဦးဝင်းတင်က သိမှတ်ပြုစာနာမှုတွေပြတဲ့ အနေနဲ့ အခမ်းအနားတက်ရောက် အားပေးတယ်။ တော်ရောပေါ့… ဒီလောက် အသိမှတ်ပြုပေးတာ … ဒီခေါင်းဆောင် ကြီးနှစ်ပါးက ခုမှမဟုတ်ဘူး၊ အယင် နှစ်ထောင့်ကိုးလောက်ကတည်းက ဒေါ်ဖြူဖြူသင်းဦးစီးတည်ထောင်ပြီး အဖွဲ့ ချုပ်လူငယ်တွေ ၀ိုင်းဝန်းနေတဲ့ လူနာဂေဟာကို အလာသား။ အားပေးထားပြီးသား။ လူနာများနဲ့ လက်ရည်တပြင် တည်း စားသောက် သွားတာများ…၊ အချို့ဝေဒနာရှင်တွေ ချုံးပွဲချငိုတာလား။
ဒီခေါင်းဆောင်နှစ်ပါးအပြင် လူထုခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်လွတ်ချင်း အပြေးအလွှား လာတယ်ဗျ။ လူတွေအပျော်မျက်ရည်ဆိုတာ အဲ့တော့မှ မြင်ဖူးတယ်။ တချို့လူနာများ ဘာစကားပြော သလဲ ဆိုရင် … ကျနော်၊ ကျမတို့ ကံကောင်းလေစွ၊ ဒီခုခံအားကျရောဂါသာမဖြစ်ခဲ့ရင် အမေစုကို ခုလိုမြင်ရမှာ မဟုတ်ဘူးတောင် ခံယူတယ် … မဟုတ်လား။
ဒီလိုကိစ္စရပ်တွေ မင်းချည်းတတ် မင်းချည်းပြော မဟုတ်ရပေါင်ဗျာ။ ရှိသပါ့….ဒေါ်ဖြူဖြူသင်းနဲ့ သူ့မိသားတစ်စုလုံး၊ မခင်ထားရီနဲ့ အမကြီးမခင်ထားဦးတို့၊ ကမာရွတ်ကိုအောင်ထွေးတို့၊ လှိုင်သာယာအောင် သိုက်နဲ့ လက်ရှိ လှိုင်သာယာအမေ့အိမ်က အေးငြိမ်းလင်းခေါ်ကိုရဲ၊ အမေ့အိမ်ပိုင်ရှင် ဒေါ်မြအုန်း၊ ကျနော်တို့ဒဏ် အသေခံရတဲ့ မသန့်ကြည်ဖြူခေါ် မဖြူတို့၊ အမေစုခြံထဲမြဲနေတဲ့ ကိုအောင်ထူး၊ ကိုသန်းထိုက်အောင်၊ ကိုအေးနိုင်၊ ကိုရွှေဂျိုး၊ ကိုသန်းထွဋ်၊ ကိုမုန်းနိုင် (အခုအမေရိကား)၊ တောင်တွင်းဖက်တလွှား သွားရင် ကိုပါလေး၊ ကိုအောင်ကို၊ ကိုသန်းနိုင်၊ ဗိုလ်စတီး၊ မာမာစိမ်း၊ ပခုက္ကူဖက်က ကိုကျော်ကျော်နိုင်၊ ကျော်သူ၊ တင်ကို၊ မိတ္ထီလာဖက်က ကိုတင်ကိုစုံတွဲ။ ၀မ်းတွင်းက ကိုအောင်သူ၊ အောင်လံဖက်ခြမ်းဆို ကမ်းကုန်ပါရော့လား … အန်တီတာ တို့အုပ်စု၊ ကျောက်ပန်းတောင်းဆို ကိုဇော်ဝင်း၊ ကိုအေးခိုင်၊ မကွေးဘက်က ကိုရဲတင့်။ ရေနံချောင်းက ကိုမြင့်ငွေ (အန်ဒီအက်ဖ်ကူးပြောင်း) အောင်စိုးညွန့်၊ ကိုသြကြီးခေါ် ကိုဝင်းလှိုင် အစရှိတာတွေ ချိတ်ဆက် မိတ်ဖက်ပြု လူထုကို ကောင်းကျိုးပြုခဲ့တာပေါ့။ (နာမည်တွေမေ့ကျန်ရင်တော့ ဆဲပေါ့ဗျာ။ ကျနော့်မလည်း မနည်းမှတ်ညဏ်တထွာတမိုက်သာရှိလို့ မေ့ကောင်း မေ့နေပါလိမ့်မယ်)။ ခုနောက်ပိုင်းတော့ ရှမ်းပြည်၊ မွန်၊ ရခိုင်၊ ဧရာဝတီ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အစရှိ တိုင်းနဲ့ပြည်နယ်က လူကြီးလူငယ်တွေ ဒီအလုပ်တွေ ကူညီညာဝိုင်းလို့ မှိုင်းကြပေတယ်။
ပြောချင်တာတွေလွဲ ဘေးတွဲလို ဖြစ်နေရင် သည်းခံပေတော့။ ကျနော်တို့မယ် ဆယ့်တစ်နှစ် ခံစားမှုရှိ တယ်။ ဆယ့်တစ်နှစ်သား ခံစားမှုက ကလေးကလားဖြစ်နေသလား။ ဝေဖန်းစမ်း…. ဆန်းစစ်ကြည့်စမ်း… လားလားမှ မဟုတ်ဘူး။ ကျနော်တို့ တည်ငြိမ်လာနေပြီ၊ ရင့်ကျက်လာနေပြီ။ လောကဓံအဆိုးတရားရဲ့ တွန်းတိုက်မှုတွေကြောင့် ကျနော်တို့ ကိုယ့်အနာကိုယ်ပြန်လျက် တတ်ခဲ့ပါပြီ။ အနာကျက်မကျက်ကတော့ အနာဂတ်နဲ့ဆက်သွယ်ရမယ်။
ဒီHIV Sectionပေါ်လာတာ မေးအုံး။ ဒါလည်း လူထုခေါင်းဆောင်ရဲ့ အမြော်အမြင်ထဲက တစ်ခု။ မှတ်မှတ် ရရပြော ကျနော်တို့ လူထုခေါင်းဆောင်ကြီး ဒုတိယအကြိမ်နေအိမ်အကျယ်ချုပ်ကလွတ်တော့ ၂၀၀၂ ခုနှစ် မေလ၆ ရက် စနေနေ့ဗျ။ သူလုပ်စရာရှိ တန်းလုပ်တယ်။ ကျန်းမာရေးအတွက်။ ကမ္ဘာမှာ ဒီခုခံအားကျရောဂါ ဘယ်လောက် နှိပ်စက်တော့မယ်၊ ဗမာပြည်အတွက် ဘယ်လောက်အန္တရာယ်များတော့မယ် သူသိတယ်။ UNDP နဲ့ ချိတ်ဆက်ပြီး သင်တန်းသားတွေ လွှတ်တယ်။ အားလုံးပေါင်း ဆယ့်ကိုးယောက်။ တကယ်ပြောရင် နှစ်ဆယ်။ ကမာရွတ်လူငယ် တစ်ယောက်ကတော့ ကြံ့ခိုင်ရေးကလာခြိမ်းချောက်လို့ဆိုလား မတက်ဖြစ်ဘူး။ (အဲ့တုန်းကကြံ့ခိုင်ရေးဆိုတာ ပါတီမဟုတ်သေးဘူး။ အသင်းပဲရှိသေးတယ်) HIV Section အစ ဒီဆယ့်ကိုးယောက်က ပြောပါတော့။ သင်တန်း စတက်ခိုင်းတဲ့ရက်က ၂၆.၈.၂၀၀၂ က ဗျာ။ ရုံးချုပ်မှာ ဒီဌာနေဌာန အစပြုတာက ၂၈. ၁၀. ၂၀၀၂ပေါ့ဗျာ။ အမေရိကန်နိုင်ငံသား ခုခံအားကျဆင်းမှုရောဂါ ခံစားနေရသူတစ်ယောက်နဲ့ အဖွဲ့ချုပ်ဥက္ကဌအပါအ၀င် ဒီသင်တန်းဆင်းလူငယ် တွေ ရုံးချုပ်ဟောပြောပွဲတစ်ခု လုပ်တယ်။ နောက်သာကေတ၊ တောင်ဥက္ကလာလူငယ်ဟောပြောပွဲ နှစ်ပွဲလုပ်တယ် … ဒီလောက်ပဲ။
နောက်တော့ လူငါးယောက်ထက် မပိုရဆိုသလား ၊ မတရားအမိန့်က တည်တယ်၊ ထပ်လုပ်မရဘူး။ ဒီတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဖွဲ့ချုပ်ကလုပ်တဲ့ အခမ်းအနားတွေမှာ တီးတိုးသင်တန်း ပေးရတယ်။ ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးအတွက် သင်တန်းပေးတာ မကောင်းဘူးလား… မေးစားရှိတယ်။ သာမာန်အားဖြင့် ကောင်း တယ်။ စစ်ဘီလူး အရူးတွေအတွက်တော့ မကောင်းဘူး။ အလကားနေ သူတို့အာဏာထိပါးလာမှာ စိုးတယ်။ ဒီတော့ ကျနော်တို့အဖွဲ့ချုပ်လူငယ်တွေ အိမ်တိုင်ရာရောက် အကူညီပေးဖို့ဖြစ်လာတယ်။ သွားတယ်… ခုခံအားကျဆင်းမှု ရောဂါစွဲကပ်နေတဲ့လူနာတွေ အိမ်သွားတယ်။ လျှော်တယ်ဖွပ်တယ်။ ချက်တယ်ပြုတ်တယ်။ အတူနေပေးတယ်။
အချို့ အချင်းချင်း မေးငေါ့တယ်။ နိုင်ငံရေးလုပ်မှာလား လူမှုရေး လုပ်မှာလားတဲ့…..။ တဟားဟားတောင် ရယ်လိုက်ချင်သေးတယ်ဗျာ။ အခက်အခဲတွေ အနှောင့်အယှက်တွေ တပုံတပင်ဟာ လူမှုရေးသမား ကြုံစရာမရှိဘူး။ လူမှုရေးဆိုတာ နိုင်ငံရေးအနုပ်စားမဟုတ်လား။ မင်းတို့က နိုင်ငံရေးဆို ဘာတွေဖြစ်ခဲ့လဲ မေးစမ်း…ထပ်ထပ်ကာ ဖြတ်ဖြတ်မေးစမ်း ပါ။ လုပ်ခဲ့တာ အများသားပေါ့ဗျာ။
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ပေါင်းပြီး အဖြူရောင်ကမ်ပိန်း၊ လက်မှတ်ထိုးကမ်ပိန်း၊ ဘုရားဝတ်ပြုကမ်ပိန်းတွေ လုပ်ခဲ့သားပေါ့ဗျာ။ သူများဘာမှ မလုပ်ရဲသေးတဲ့အချိန်၊ အာဏာပိုင်သွေးတိုးစမ်းလမ်းလျှောက်ပွဲတွေ လုပ်တယ်။ လူထုခေါင်းဆောင်လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲတွေလုပ်တယ်။ ရွှေဝါရောင်အစပြု ဆရာတော်တွေ အံတုပွဲတွေ ပါတယ်။ လာမချစ်နဲ့ နာဂစ်အကူညီပေး၊ နာဠာဂီရိတေးဆိုပွဲတွေ ပါတယ်။ အဆိုတော်တွေ သီချင်းရေးဆရာတွေနဲ့ ပေါင်းတီး ၀ိုင်းတွေနဲ့ ပေါင်းအခွေ ထုတ်ခဲ့တယ်ဗျာ။ ကဗျာဆရာအစုအပေါင်းနဲ့ ခညောင်းတဲ့ကဗျာစာအုပ်တွေ ထုတ်တယ်ဗျာဒီလိုလုပ်ခဲ့တယ်။ ဘယ်သူခိုင်းသလဲ၊ ဘာကိုအကျိုးပြုနေတာလဲ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အခိုင်းသားပေါ့၊ ဘယ်သူ့ကိုအကျိုးပြုဆိုတော့ လူထုအကျိုးပြုတာပေါ့ဗျာ။ ဆိုလိုတာက အဖွဲ့ချုပ်ဝင်လူငယ်တွေမှာ နိုင်ငံရေးအမြင်ရင့်သန်ပြီးသား။
ရှိရင်းစွဲအားတွေကို လူမှုအကျိုးပြုလက်နက် တပ်ဆင် တိုက်ပွဲဝင်ခဲ့တယ်။ အခုလည်း လုပ်နေဆဲ၊ နောင်လည်း လုပ်နေမြဲပဲ။ အခုဆိုရင် ပါတီတွေအပြိုင်းအရိုင်းနဲ့ မဲဆွယ်ကြပြုကြ။ ကျနော်တို့အဖွဲ့ချုပ်လူငယ်တွေကတော့ ရယ် ချင်ပက်ကျိရယ်ဗျ။ စည်းရုံးရေး မဲပြားမြင်၊ လူထုအကျိုးပြုမ လုပ်ချင်တဲ့လူတွေ…။ သူများပါတီ မျက်စောင်းခဲ အတပ်စွဲ နေတာမဟုတ်ဘူး၊ အဖွဲ့ချုပ်က အချို့လူသစ်တွေရဲ့ မဖြစ်ညစ်ကျယ် အတွေးခေါ်တွေကိုလည်း တိုက်ဖျက်ချင်တယ်။ ဒီSectionအကြောင်းပြောချင်တာမှာ အဓိကကတော့ တိုင်းပြည်ကောင်းအောင် ကျိုးစားခွင့်ရပြီလား၊ တိုင်းပြည် ကောင်းအောင် လုပ်ပေးချင်တယ်။ လူတွေကောင်းအောင် လုပ်ပေးခွင့်ရပလား၊ လူတွေ ကောင်းအောင် လုပ်ဆောင် ကြ။ ကိစ္စရပ်တိုင်းဟာ မဲလိုချင်လို့မဟုတ်ဘူး ဆိုတာ သဘောပေါက်သင့်တယ်။ အာဏာပိုင်တွေခြောက်တိုင်း ကြောက်စရာမလိုဘူး ဆိုတာ သိစေ့ချင်တယ်။ ကန့်သတ်နေမှာပဲ… ချုပ်ချယ်နေကြမှာပဲ။ အတိုက်အခိုက်တွေကလည်း ရှိနေမှာပဲ။ ကိုယ့်အချင်းချင်းအမနာပတွေလည်း ပြောကြမှာပဲ။ ကိုယ့်လိပ်ပြာခုံရုံးမှာ ကိုယ့်ကိုယ်ကို ရုံးတင်စစ်ရဲရင် လူမှုရေးဟာ လုပ်ပျော်ပါတယ်။
ဒါပေမယ့် တစ်ခုသတိချပ်၊ သိမှတ်စေချင်တာကတော့ ကိုယ်အာဏာရဖို့ ကိုယ့်လုပ် ပိုင်ခွင့်ရဖို့ ကိုယ်အကောင်ဖြစ်ဖို့၊ ကိုယ့်ကိုခေါင်းဆောင်တွေ အသိမှတ်ပြုဖို့ဆိုရင်တော့ အကျဲသားကလား။ ဘာမှ မလုပ်တာ ကောင်းတယ်။ ကျနော်တို့လုပ်ဆောင်ခဲ့တဲ့ကိစ္စရပ်တွေမှာ ကမ္ဘာကသတိထားမိသွားတာ ကလေးကလားအာဏာပိုင်များကြောင့် ဗျ။ ကျနော်တို့ကိုယ့်ဂုဏ် ကိုယ်မဖော်ဖူးဘူး။ လက်ရှိလူငယ်ညီလာခံကျင်းပရေးတွေ ဖြစ်လာနေတယ်။ လူငယ်အားသစ်တွေ အများကြီးလာတော့မယ်။ ဒီအားတွေ အလကားလုပ်ပစ်လို့မဖြစ်ဘူး။ သုံးရမယ် လူမှုကိစ္စရပ်တွေမှာ အသုံးပြုဖို့လိုတယ်။ လူငယ်တွေကို နေရာပေးကြရလိမ့်မယ်။ ဘယ်လိုနေရာပေးမလဲ ဆိုတာက လက်ရှိလုပ်ဆောင်နေတဲ့လူကြီးတွေပေါ် တည်တယ်။ သူပါ ငါမလုပ်….သူလုပ် ငါမပါ… နိုင်ငံရေးအောက်တန်းစားတွေ မဖြစ်အောင် သွန်သင်ပေးရလိမ့်မယ်။
အဖွဲ့ချုပ်မှာ အလုပ်တွေ များသထက် များလာပြီ။ အမေ့အိမ်ကျောင်းတွေ၊ သွေးကူညီမှုအဖွဲ့တွေ တပုံတပင် ပေါ့ဗျာ။ သူတို့ကွန်ယက်တွေ ဘယ်လိုချိတ်ဆက်နေသလည်း ကျနော်သဘောမပေါက်ဘူး၊ သိစရာလည်းမလိုအပ်ဘူး။ ကျနော်တို့ NLD/HIV AIDS Section Prevention and Care Center ကတော့ လွန်ခဲ့တဲ့ ဆယ့်တစ်နှစ် က အားနဲ့ အများအကျိုးလုပ်နေတုန်း၊ ဆက်လုပ်နေအုံးမှာပဲ။ အကျပ်အတည်းကာလတစ်လျှောက်လုံး လက်တွဲခဲ့ သူတွေ လက်တွဲမပျက် မြဲလျက်ပဲ။ အခုချိန်ထိ ကိုယ့်ကိစ္စလို့ ခံယူ၊ အများအပူတွေနဲ့ အပူသည်ဖြစ်တုန်းပဲ။
ကျနော်တို့ စိတ်ဒုန်းဒုန်းမချနိုင်သေးဘူး။ တိုင်းပြည်မှာ ဒီမိုကရေစီမရသေးဘူး။ စစ်အာဏာအမြစ်လှန်ဖို့လို နေတုန်း။ အရာရာပိတ်ဆို့တဲ့ အခြေခံဥပဒေဆိုတာ စုတေအောင်လုပ်ရအုံးမယ်။ နိုင်ငံရေးအရ အရေးတကြီးလုပ် ရမှာတွေ တပုံတပင်မှာ ကိုယ်စွမ်းတဲ့ လူမှုရေးဆိုတာလေးတွေ လုပ်ကြရမယ်။ လူမှုစိတ်ဓာတ် ခွန်အားတိုးပွားလာမှ နိုင်ငံရေးအမြင် ရင့်သန်မယ်။ ဖော်ဆောင်ကြပေါ့။ လူမှုအသင်းအဖွဲ့တွေ။ လုပ်ဆောင်ကြပေါ့။ ကူညီမှိုင်းမမှုတွေ။ ဟိုအ ကြောင်းပြ ဒီအကြောင်းပြ ကြောက်လန့်ပြီး တရားဥပဒေနဲ့ငြိစွန်းမှာ ကြောက်လို့ဆိုပြီး မလုပ်ရဲမကိုင်ရဲ လူ့ငနဲတွေ ကို အတုမယူကြနဲ့။ မတရားတဲ့ဥပဒေ အစိုးမိုးမခံတဲ့ လူငယ်တွေအဖြစ် ကျနော်တို့ လမ်းသစ်ဖောက်ဖို့ လိုအပ်တယ်။ အယင်ကတည်းကရော ခုချိန်ထိ လူထုနဲ့ တသားတည်းရှိနေတဲ့ ကျနော်တို့ ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးဌာနကို ၀န်းရံကြ။ လူငယ်သွေးသစ်တွေ လူဖြစ်အောင် နမူနာယူကြ။ ရဲဘော်ရဲဘက်ဆိုတာ ဘယ်လိုရုန်းကန်ရသလဲ သင်ယူကြ။ အဖွဲ့ချုပ်ဝင်ဆိုတာ အပေးချည်းသက်သက် ဆိုတာ မှတ်ယူကြ။
လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်ကစပြီး ပျိုးယူတဲ့မီးတောက်တုန်း လောင်တုန်း၊ ကိုယ်ကသာ ကျွမ်းပလေ့စေ … အခြားသူများ အေးမြပါစေ။