International News

ွှTHANKS to Both senate leaders, government may open soon …

အထက်လွှတ်တော်က နှစ်ဖက်ပါတီခေါင်းဆောင်များကြောင့် အစိုးရပြန်ဖွင့်နိုင်မည်ဟု ဆို
မိုးမခသတင်းကောက်နုတ်ချက်၊ အောက်တိုဘာ ၁၇၊ ၂၀၁၃
(အောက်တိုဘာ ၁၆၊ ၂၀၁၃)၊ ၀ါရှင်တန်ဒီစီ၊ အိုဘားမားအစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ အောက်လွတ်တော်က ခေါင်းမာတဲ့ ရီပတ်ဘလစ်ကန်အမတ်တစုရဲ့ အကြပ်ကိုင်တဲ့လုပ်ရပ်ကြောင့် အမေရိကန်အစိုးရမှာ ဘတ်ဂျက်နဲ့ အကြွေးချေးခွင့် ပြသနာများနဲ့ ရင်ဆိုင်ပြီး ၁၆ ရက်ကြာ အစိုးရအလုပ်တွေ ရပ်ဆိုင်းခဲ့ရပါတယ်။ အခု သတင်းရေးနေချိန်မှာ အထက်လွှတ်တော်က ၂ ဖက်သော ပါတီခေါင်းဆောင်များက စေ့စပ်ဆွေးနွေး အဖြေရှာပြီး အားလုံးလက်ခံနိုင်မယ့် ဘတ်ဂျက်နဲ့ အကြွေးမျက်နှာကြက် သဘောတူညီမှုပါဝင်တဲ့ အဆိုကို ရေးဆွဲနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
အထက်လွှတ်တော်က လူများစု ဒီမိုကရက်အမတ်ခေါင်းဆောင် ရိဒ်နဲ့ လူနည်းစု ရီပတ်ဘလစ်ကန်အမတ်ခေါင်းဆောင် မက်ကောနဲတို့ရဲ့ စေ့စပ်ဆွေးနွေးမှုကြောင့် (အပေါ်က ဓာတ်ပုံ) အခုလို ရလဒ်ကောင်း ထွက်လာတာ ဖြစ်ပါတယ်။ အထက်လွှတ်တော် တက္ကဆပ်ပြည်နယ်အမတ် တက်ဒ်ခရုခ်က အရင်တုန်းကလို ပိတ်ဆို့ဖို့ မကြိုးစားတော့ဘူးလို့ ပြောလိုက်ပါတယ်။ အထက်လွှတ်တော်ကအဆိုကို လက်ခံရင် အောက်လွှတ်တော်ကို ပေးပို့ပြီး မဲခွဲ အဆုံးဖြတ်ခံမှာ ဖြစ်ပါတယ်။ အောက်လွှတ်တော်က လူများစု၊ ရီပတ်ဘလစ်ကန်အမတ်ခေါင်းဆောင် ဂျွန်ဘေးနာက ငါတို့ အပြတ်တိုက်တာပဲ၊ ဒါပေမယ့် မနိုင်ခဲ့ဘူးလို့ မာန်ချလိုက်ပါတယ်။ အောက်လွှတ်တော်က မဲအများစုက ထောက်ခံရင် အမေရိကန်အစိုးရ ပြန်လည် အလုပ်လည်ပတ်ပြီး ငွေးချေးငှားမှုတွေ အကြွေးဆပ်တာတွေ ဆက်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂ ဖက် ပါတီတွေက အစိုးရရဲ့ ကြီးမြင့်နေတဲ့ အသုံးစာရိတ်တွေ ချနိုင်ဖို့၊ အကြွေးတွေ ကျဆင်းအောင်လုပ်ဖို့ ဆက်လက် ဆွေးနွေးကြဖို့ သဘောတူခဲ့ပြီး ဘတ်ဂျက်ကို ၂၀၁၄ နှစ်ဆန်း၊ အကြွေးချေးခွင့်ကို ၂၀၁၄ ဖေဖော်ဝါရီအထိ သတ်မှတ်တာပါ။ သဘောတူညီချက် ၂ ဖက်စလုံး မရရင် ဘတ်ဂျက်တိုက်ပွဲ၊ အကြွေးယူခွင့် တိုက်ပွဲတွေ ပြန်လာဦးမှာ ဖြစ်ပါတယ်။
သို့သော်လည်း တင်းမာတဲ့ ရီပတ်ဘလစ်ကန်အမတ်တွေ တစိုက်မတ်မတ် တောင်းတို တိုက်ပွဲဝင်နေတဲ့ အိုဘားမားကျန်းမာရေးဥပဒေ အပြုတ်တိုက်ရေး၊ ရွှေ့ဆိုင်းရေး၊ ဖြတ်တောက်ရေး စိန်ခေါ်မှုကတော့ အခု အစိုးရနဲ့ လွှတ်တော် နိုင်ငံရေးတိုက်ပွဲမှာ ကျဆုံးခဲ့ပြီ ဖြစ်ပါတယ်။ အတိုက်အခံ ရီပတ်ဘလစ်ကန် အမတ်အချို့တွေဖြစ်တဲ့ တီးပါတီတွေ ရှေးရိုးစွဲတွေကတော့ လေသံမလျော့သေးပါဘူး။ အခုလို အစိုးရရပ်ဆိုင်းသွားပြီး အားလုံး တုန်လှုပ်အောင် လုပ်နိုင်တာဟာ ငါတို့ အောင်မြင်မှုဖြစ်တယ်၊ အခုဆိုရင် ငါတို့ရဲ့ တိုက်ပွဲကို လူတွေ သိရှိသွားပြီ၊ ကြည်ညိုလေးစား အလေးထားသွားပြီလို့ သတင်းစာရှင်းလင်းပွဲတွေမှာ တုန့်ပြန်ပြောဆိုနေကြပါတယ်။ ရှေးရိုးစွဲတွေ အသည်းစွဲ FOX News ကတော့ ရီပတ်ဘလစ်ကန်တွေဖက်က ဘက်လိုက်ပြီး တောက်လျောက် သတင်းတွေ ထုတ်လွှင့်နေတာမို့ ခုချိန်ထိ သူတို့တွေရဲ့ အာဘော်တွေ ပြန့်နှံ့နေတုန်းပဲ ဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်၊ အမေရိကန်သမ္မတအဖြစ် ၀င်ပြိုင်ခဲ့ဖူးသူ၊ ၀ါရင့်နိုင်ငံရေးခေါင်းဆောင် ဂျွန်မက္ကိန်းကတော့ သူ့ပါတီက တင်းမာသူတွေကို အရူးတွေလို့ ဝေဖန်ပြစ်တင်လိုက်ပါတယ်။
 ခေါင်းမာတဲ့ နိုင်ငံရေးကစားသူတွေကြောင့် နိုင်ငံတော်ကို နေ့စဉ် ဒေါ်လာ သန်း ၁၆၀ ဆုံးရှုံးစေပြီး၊ အခုဆိုရင် ဒေါ်လာ ၂၀ ဘီလျံ ထိခိုက်နစ်နာခဲ့ရပါတယ်။ စီးပွားကျနေဆဲ နလံထကာစ အမေရိကန်တနိုင်ငံလုံးက မဲဆန္ဒရှင်ပြည်သူတွေ အားလုံးအကျိုးထက် အိုဘားမားရဲ့ ဥပဒေတခု ကို အညှိုးတကြီးထား တိုက်ခိုက်မှုကြီးဟာ သမိုင်းမှာ ရီပတ်ဘလစ်ကန်အမတ်တွေ၊ နိုင်ငံရေးသမားတွေအတွက် အမည်းစက်ကြီးပဲ ဖြစ်ပ့ါတော့တယ်။
ယနေ့ ညနေခင်းမှာ အောက်လွှတ်တော်မှာ ဘယ်လိုမျိုး တိုင်းပြည်ဇာတ်နာအောင် ကကြဦးမှာလား၊ တိုင်းပြည်ပြန် ထူထောင်နိုင်အောင် ၂ ပါတီ ပူးပေါင်းပြီး စေ့စပ်ဆွေးနွေး အဖြေရှာကြမည်လားကို သတင်းဌာနတွေက ဆက်လက် စောင့်ကြည့် သတင်းပို့နေကြပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts