>Phyu Phuy Thin – Contemporary politics from youth perspective (33)

>

လူငယ်တို့ရဲ့ နိုင်ငံရေး ကောင်းကင်သစ် (၃၃)
ဖြူဖြူသင်း
ဇူလိုင် ၂၄၊ ၂၀၁၁
ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်းအား ၈.၉ ရှိတဲ့ ဆူနာမီငလျင်တခု လှုပ်ခတ်ခဲ့ပြီး လူထောင်ပေါင်းများစွာ သေကျေပျက်စီးရပြီး သိန်းသန်းနဲ့ချီပြီး အိမ်ခြေယာခြေမဲ့ ဖြစ်ခဲ့ရပါတယ်။ ဂျပန်အစိုးရကလည်း ကယ်ဆယ်ရေးတွေကို နေ့ညမနားလုပ်ဆောင်နေတာပါ။ ကမ္ဘာ့အခြားနိုင်ငံများကလည်း အကူညီတွေပေးကြ၊ ဝမ်းနည်းစကားဆိုကြ အဆိုးကြားထဲက အကောင်းလေးကို မြင်လိုက်ရပါတယ်။
ဒီဖြစ်ရပ်ဆိုးကြီးဟာ ဂျပန်တနိုင်ငံထဲတင် ခံစားလိုက်ရတာမဟုတ်ဘဲ လူသားစိတ်ရှိသူအပေါင်း ကမ္ဘာနဲ့အဝှမ်းကလူတွေရဲ့ ရင်ကိုပါ ထိခိုက်စေခဲ့တာပါ။ ခုထက်ထိလည်း ဂျပန်ပြည်သူတွေမှာ စိတ်မအေးရသေးပါဘူး။ နျူးကလီးယား ဓာတ်ပေါင်းဖို ပေါက်ထွက်ပြီး ဓာတ်ရောင်ခြည်တွေ ယိုစိမ့် ထွက်လာလိုက်တဲ့အတွက် ဒေသခံပြည်သူ သိန်းနဲ့ချီပြီးတော့ အိုးအိမ်တွေစွန့်ခွာသွားရပါပြီ။ ဒီအန္တရာယ် ဘယ်လောက်ဆိုးမလဲဆိုတာကတော့ ပညာရှင်များလေ့လာပြီးမှပဲ သိရတော့မှာဖြစ်ပါတယ်။ ဒီ့အတွက်လည်း ဂျပန်ပြည်သူများကိုယ်စား ကျမတို့တိုင်းပြည်က လူတွေကလည်း ကိုယ်ချင်းစာပေး နိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့တိုင်းပြည်မှာလည်း နာဂစ်တိုက်ခတ်ချိန်က လူတွေ သိန်းနဲ့ချီပြီး သေကျေပျက်စီးခဲ့ရလို့ပါ။ ဖြစ်ရပ်နှစ်ခုယှဉ်ကြည့်ရင် တာဝန်ယူမှုအပိုင်းမှာကတော့ အတော်လေး ကွာဟလွန်းခဲ့တာပါ။

“ဂျပန်ငလျင်လှုပ်တာ စိတ်မကောင်းဘူး။ အထူးသဖြင့်တော့ ကျနော်တို့တိုင်းပြည်က နာဂစ် တိုက်တာကို ပိုသတိရမိပြီးတော့ မျက်ရည်ကျမိတယ်။ သေသွားတဲ့ ဂျပန်ပြည်သူတွေအတွက်ကော လက်ရှိ ခံစားနေရသေးတဲ့ စိတ်သောကမအေးရသေးတဲ့ ပြည်သူတွေအတွက်ကိုကော ကျနော်တို့ အထူး စိတ်မကောင်းဖြစ်ရပြီး အများကြီး ကိုယ်ချင်းစာမိပါတယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့်လို့ ကျနော်တို့လို အစိုးရဆိုးလက်အောက်မှာ နေရတာထက် ဂျပန်နိုင်ငံက အစိုးရကောင်းအောက်မှာ သေရတာကတောင် ပိုကောင်းနေသေးသလို ဖြစ်နေပါသေးတယ်။ လူ့ကျင့်ဝတ်သိက္ခာပိုင်းအရကြည့်ရင် ကျနော်တို့ လူမျိုးတွေဟာ သေလည်း လူလို မသေရ၊ နေတော့လည်း စဉ်းစားကြည့်လေ လူလို မနေရ ဆိုသလို ဖြစ်နေတာ။ ဗမာပြည်သားတွေ ဆိုမာလီတွေလက်က လွတ်လာတာ ကြည့်ပါ့လား၊ ဗမာအစိုးရက ဘာတခွန်းပြောလဲ၊ ဘယ်နိုင်ငံက ဝင်ကယ်တယ်၊ ဘယ်တိုင်းပြည်က ဝင်ကယ်တယ်ဆိုတာ ကြည့်ရုံနဲ့ သိသာပါတယ်။ ဒီဂျပန်ဆူနာမီမှာ မြန်မာတွေ သေမသေတော့ မသိရသေးဘူးပေါ့။ ဒါပေမယ့် သေလည်း ဒီအစိုးရကတော့ ဂရုစိုက်မှာ မဟုတ်ပါဘူး။ အင်ဒိုနီးရှား ဆူနာမီတိုက်တော့ ထိုင်းမှာ ဗမာလူမျိုးတွေ သေတာ နည်းနည်းနောနောမှ မဟုတ်တာ။ ဒါပေမယ့် ဗမာအစိုးရက ဘာလုပ်ပေးလို့လဲ။ ခုချိန်ထိတောင် ဘယ်သူတွေကတော့ဖြင့် သေတယ်ဆိုတာမျိုး ထုတ်ပြောတာ မဟုတ်ဘူးလေ” 
“လူတွေကို လူတွေလို ဆက်ဆံပြီး လူ့ကျင့်ဝတ်သိက္ခာလေးနဲ့တော့ နေချင်ကြသေးတာပေါ့။ ခုလည်း လစ်ဗျားမှာလည်း ကျမတို့တိုင်းပြည်မှာဖြစ်ခဲ့တဲ့ ရှစ်ဆယ့်ရှစ် အရေးတော်ပုံတုန်းကလို ပြည်သူတွေ မခံမရပ်နိုင်ဖြစ်ပြီးတော့ ဆန္ဒပြကြတယ်။ ဒါကို အာဏာရှင် ကဒါဖီက ပြည်သူ့အလိုကို မျက်ကွယ်ပြုပြီး သူ့မိသားစုအရေးအတွက် စစ်တပ်ကို အသုံးချတယ်။ တကယ်ပြောရရင်တော့ ဒီ စစ်တပ်ကိုယ်တိုင်ကလည်း အသိဉာဏ်မဲ့လွန်းတယ် ပြောရမှာပေါ့။ သူတို့အိမ်နီးချင်း အီဂျစ်စစ်တပ်ကို နမူနာယူဖို့ ကောင်းတာပေါ့။ အီဂျစ် စစ်တပ်ဟာ ဒီရာစုထဲမှာတော့ နမူနာယူစရာအကောင်းဆုံး စစ်တပ်လို့တောင် ပြောရင်ရပါတယ်။ ဒီလို စစ်တပ်တွေ ကမ္ဘာပေါ်မှာ များလာလေလေ ပြည်သူ့လူနေမှုဘဝ လုံခြုံစိတ်ချဖြစ်ရလေပါပဲ။ အာဏာရှင်တွေတိုင်းကတော့ လူတွေ ရှင်နေနေ သေနေနေ သဘာဝ ဘေးအန္တရာယ်ကြောင့် သေသေ ဘာမှဂရုမစိုက်ဘူး။ သူတို့အာဏာကို ထိပါးမယ်ဆိုရင် စစ်တပ်ကို ခါးပိုက်ဆောင်တပ်လို သဘောထားပြီး လူတွေကိုသတ်ကြမှာပဲ။ အာဏာရှင်တွေက အကုန် အတူတူချည်းပါပဲ”
မှန်ပါတယ်။ ဂျပန်မှာ ဖြစ်ပျက်သွားတာက မမြင်နိုင်တဲ့ သဘာဝ ဘေးအန္တရာယ်ဆိုးဆိုရင် လစ်ဗျားနိုင်ငံမှာ ဖြစ်ပျက်နေတာကတော့ လူလုပ်တဲ့ဘေးအန္တရာယ်လို့ ပြောရမှာပါ။ လက်ရှိအချိန်ထိတော့ လူ ၄၀၀ ကျော် သေသွားပြီးပါပြီ။ ခုဖြစ်ပျက်နေတဲ့ သတင်းတွေကိုကြည့်ရင် ဒီ့ထက်မက သေကြ ကျေကြအုံးမယ်ဆိုတာ မြင်နေရတော့ အတော့်ကိုပဲ ရင်လေးနေမိပါတယ်။ သဘာဝ ဘေးအန္တရာယ်ဆိုးတွေကလည်း လူတွေ မဆင်မခြင်လုပ်ကြရင်းနဲ့ သဘာဝတရားက ပျက်စီး သဘာဝတရားကြီးက ဒဏ်ပြန်ခတ်တော့မှသာ ဘုရားတမိကြတာပါ။
နောက်တခုက သဘာဝ ဘေးအန္တရာယ်ဆိုတာက ရှောင်မရ လွှဲမရဖြစ်တဲ့ ပြသနာကြီးပါ။ ဒါပေမယ့် လစ်ဗျားမှာ ဖြစ်ပျက်နေတာကတော့ တကယ်တမ်း ရှောင်လွှဲလို့ဖြစ်တဲ့ကိစ္စပါ။ ဒီလို ရှောင်လွှဲလို့ရတဲ့ ကိစ္စရပ်တွေကို အကောင်းဆုံး မဖြေရှင်းချင်တာ လူတွေ မသေတာက သေတာထက် ကောင်းတယ်ဆိုတဲ့ အယူဆလေးများရှိရင်ဖြင့် ဘယ်လောက်များကောင်းမလဲလို့ တွေးမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့တိုင်းပြည်မှာ နှစ်ပေါင်း ၅၀ လောက်နီးပါး အာဏာရှင်တွေလက်အောက်မှာ တိတ်တဆိတ် သေကုန်တဲ့ လူတွေ၊ ပြည်တွင်းစစ်ကြောင့် သေကျေပျက်စီးခဲ့ရတဲ့ တိုင်းရင်းသားပြည်သူတွေနဲ့ ကိုယ့်တိုင်းပြည်ကိုယ့်ဒေသမှာ မနေနိုင်ဘဲ အခြားတိုင်းပြည်တွေမှာ သွားနေရတာတွေကို စဉ်းစားမိပြီးတော့ လစ်ဗျားပြည်သူတွေကို ကျမ ကိုယ်ချင်းစာနေမိတာ။ 
ဘယ်လိုဖြစ်ဖြစ် ဘယ်တိုင်းပြည်မှာဖြစ်ဖြစ် ပြသာနာတခုခုဖြစ်လာရင် တွေ့ဆုံဆွေးနွေးမှုတွေ ပြည်သူတွေရဲ့ အလိုဆန္ဒတွေကို လိုက်လျောမယ်ဆိုရင် သေနတ်တွေ ပစ်နေစရာမလိုပါဘူး။ ခုတော့ သေနတ်တွေနဲ့ပစ်သတ်၊ အပြစ်မဲ့ပြည်သူတွေ သေကျေကုန်တဲ့အထိ ကိုယ့်အာဏာကို လက်မလွတ်နိုင်တဲ့ အာဏာရှင်တွေရဲ့ စိတ်ဓာတ် အခြေအနေကလည်း ကြောက်စရာကောင်းလှအောင် ရူးလွန်းတယ် ဆိုရမှာပါ။
မသေမချင်း ရှင်ဘုရင်လုပ်ချင်နေသူတွေရဲ့ အနေထားတွေကိုကြည့်မယ်ဆိုရင် ဒီလို ပေါ့သွပ်နေတာတွေချည်း ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် သေကျေရတဲ့ လူအရေတွက်နဲ့ အာဏာရှင်တွေ သတ်ခဲ့လို့ သေကုန်တဲ့ လူအရေတွက်ကို တွက်ကြည့်မယ်ဆိုရင် လူလူချင်းသတ်ခဲ့တာက လူတွေကို ပိုသေစေခဲ့တာ ကမ္ဘာ့သမိုင်းမှာကော၊ မြန်မာ့သမိုင်းမှာပါ အထင်ရှားရှိခဲ့ပါတယ်။
အခု လစ်ဗျားပြည်သူတွေကလည်း တော်တော်လေး သတ္တိရှိကြတာ တွေ့ရပါတယ်။ ဒါ မှန်ပါတယ် ကိုယ့်ကို မတရားဖိနှိပ်လာရင် ဘယ်လူမျိုးမဆို လက်သင့်ခံမှာ မဟုတ်ပါဘူး။ ဂျပန်ပြည်သူများ ငလျင်ဒဏ်ခံရမှုကနေ အမြန်ဆုံး နာလန်ထနိုင်ပါစေ။ လစ်ဗျားပြည်သူများနဲ့ အဖိနှိပ်ခံတိုင်းပြည်က ပြည်သူများ အမြန်ဆုံးလွတ်မြောက်ပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ နေထိုင်ခွင့်ရပါစေ။
ကျမ မဖြူဖြူသင်းပါ။
(လွတ်လပ်တဲ့ အာရှအသံ ရေဒီယိုအစီအစဉ်ကို ပြန်လည်တင်ဆက်တာ ဖြစ်ပါတယ်)
သရုပ်ဖော် ကောက်ကြောင်းပန်းချီ – မင်းကျော်ခိုင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts