>Wai Hnin Pwint Thon – Burma’s Sham Elections

>

မြန်မာပြည်၏ အတုအယောင် ရွေးကောက်ပွဲ
ဝေနှင်းပွင့်သုန်
ဂါဒီးယန်သတင်းစာ၊ အောက်တိုဘာ ၂၅၊ ၂၀၁၀
(ဇာဝါရီ (မယ်ရီလန်) ပြန်ဆိုသည်)
ဝေနှင်းပွင့်သုန်ရဲ့  ဂါးဒီးယန် (guardian) သတင်းစာပါ ဆောင်းပါး Burma’s Sham Elections (http://www.guardian.co.uk/commentisfree/2010/oct/25/burma-elections-sham-dictatorship-international  ) ကို ဇာဝါရီ (မယ်ရီလန်) က ဆီလျှော်အောင် ပြန်ဆိုထားပါတယ်။
မေလထဲမှာ ကျမအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုကို တွေ့မြင်ခံစားခွင့် ရခဲ့တယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက ကျမရဲ့  မွေးရပ်မြေဖြစ်တဲ့ မြန်မာပြည်နဲ့ မိုင်ထောင်ပေါင်းများစွာ ဝေးကွာတဲ့ အင်္ဂလန်နိုင်ငံရဲ့  မေလ ရွေးကောက်ပွဲကို ဒုက္ခသည်တဦးအနေနဲ့ တွေ့မြင်ခဲ့ရခြင်း ဖြစ်ပါတယ်။
နောက်လမှာဆိုရင် မြန်မာပြည်မှာလည်း ရွေးကောက်ပွဲတွေ ကျင်းပတော့မယ်။ ကမ္ဘာကြီးလည်း မြန်မာပြည်ကို ခဏတဖြုတ်တော့ ကြည့်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲကတော့ လွတ်လပ်မှုလည်းမရှိ တရားမျှတမှုလည်း မရှိတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ဒီ ရွေးကောက်ပွဲလုပ်ခြင်းက တကယ်တော့ နိုင်ငံတကာ ဖိအားပေးတောင်းဆိုမှုကို နှစ်သက်ဖြေသိပ်တဲ့ လှည့်စားမှုတခုသာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ အနိုင်ရရှိမယ့်သူများကတော့ လက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အကျင့်ပျက်ခြစား၊ ကြမ်းကြုတ်ရက်စက်နေသော အုပ်ချုပ်သူများဖြစ်ပြီး အာဏာရှင်စနစ် ဆက်လက် တည်ရှိသွားလိမ့်မည်။
ဒီ ရွေးကောက်ပွဲက မှုန်ဝါးဝါး မျှော်လင့်ချက်အလင်းရောင်လေး ပေးရုံမျှသာ ဖြစ်တယ်။ အမြင်သဏ္ဍာန်အားဖြင့် ဗိုလ်ချုပ်တွေ အကြောက်တရားကင်းမဲ့၊ လူထုရဲ့  လိုအင်ဆန္ဒ ရပိုင်ခွင့်တွေကို ဥပက္ခာပြုပြီး သူတို့လုပ်ချင်ရလုပ်သွားမယ်ဆိုတဲ့ ယုံကြည်ချက် ရှိနေသလို ထင်ရပေမယ့် ကျမကတော့ သူတို့တတွေ စိုးရိမ်ကြောက်ရွံ့ နေကြတယ်လို့ ထင်မြင်ယုံကြည်နေတယ်။
မြန်မာပြည်က လွတ်လပ်စွာ အစည်းအရုံးဖွဲ့ခွင့်၊ စုရုံးခွင့် နဲ့ ထုတ်ဖော်ပြောကြားခွင့်များကို ကန့်သတ်ချုပ်ချယ်ထားပြီး ညှင်းပန်းနှိပ်စက်ခြင်း၊ ကလေးအလုပ်သမား နဲ့ မတရား ဖမ်းဆီးချုပ်နှောင်းခြင်း တို့ကို တွေ့မြင်နိုင်တဲ့ တိုင်းပြည်ဖြစ်တယ်။ ဒီလို လူအခွင့်အရေး ချိုးဖောက်မှုများကို ကျမအနေနဲ့ ဝမ်းနည်းစွာ ကိုယ်တွေ့ တွေ့ကြုံခဲ့ရပါတယ်။
ကျမဖေဖေမှာ ထင်ရှားတဲ့ နိုင်ငံရေးလှုပ်ရှားသူတဦး ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ ထောင်ပေါင်းများစွာသော ကျောင်းသားထုကြီးကို သူ နဲ့ သူအပေါင်းအပါး အရေးတော်ပုံသမားများ ဦးဆောင်ပြီး ရန်ကုန်မြို့ လမ်းမများပေါ် ချီတက်ပြီး သန်းပေါင်းများစွာသော ပြည်သူလူထုကြီးကို စည်းရုံးလှုံဆော်ကာ ငြိမ်းချမ်းစွာနဲ့ အာဏာရှင်အစိုးရကို ဆန့်ကျင်ခဲ့ကြတယ်။ (အာဏာရှင် အစိုးရက) လူထုဆန္ဒပြပွဲများကို ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နှင်ဖြိုခွင်းပြီး ကျမဖေဖေ အပါအဝင် စည်းရုံးလှုံဆော် ဦးဆောင်သူများကို ရိုက်နှက်၊ ညှင်းပန်းနှိပ်စက်၊ ထောင်သွင်းအကျဉ်းချခဲ့တယ်။
ကျမအသက် ရှစ်နှစ် ၁၉၉၆ ခုနှစ်မှာ ကျမဖေဖေ အကျဉ်းစခန်းမှ ပြန်လွှတ်မြောက်လာခဲ့တယ်။ ကျမအနေနဲ့ ကျမဖေဖေကို လွတ်လပ်သူတဦးအနေနဲ့ ပြန်တွေ့ရတာကို အလွန်ဝမ်းသာခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ငယ်ရွယ်စဉ်ကာလမှာ ဖေဖေမရှိဘဲ နေခဲ့ရတာဖြစ်လို့ အစမှာ ရှက်ကြောက်နေပေမယ့် နောက်ပိုင်း ဖေဖေကို ကျမ  စိတ်တိုင်းကျ အချိန်မရွေး ဖက်တွယ်ကစား၊ စကားပြောရတာကို ဝမ်းသာကျေနပ်နေမိခဲ့တယ်။
ကျမတို့နဲ့အတူ ဖေဖေ ရှိနေခဲ့ပေမယ့် ကျမ ဖေဖေအတွက် အမြဲတမ်း စိုးရိမ်ပူပန်နေမိခဲ့တယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဖေဖေ ဆက်လုပ်ကိုင်နေခဲ့တယ်။ အခုအချိန်မှာတော့ ကျမအနေနဲ့ ဒါကို အလွန်လေးစားဂုဏ်ယူနေမိတယ်။ ဒါပေမဲ့ အဲဒီကာလမှာတော့ ညကြီးမိုးချုပ်သန်းခေါင်ချိန်မှာ စစ်ထောက်လှမ်းရေးတွေ ကျမတို့အိမ်ကို ဝင်ရောက်စီးနင်းပြီး ဖေဖေကို ဖမ်းဆီးခေါ်ဆောင်သွားမလားဆိုတာကို ကျမအနေနဲ့ အမြဲတမ်း စိုးရိမ်ပူပန် ကြောက်ရွံ့ နေခဲ့တယ်။
ကျမဖေဖေ လွတ်မြောက်လာပြီးနောက်ပိုင်းမှာ အင်္ဂလန်နိုင်ငံကို ပညာသင်ဖို့ ကျမရောက်ရှိခဲ့တယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကို ကမ္ဘာ့သတင်းမီဒီယာများမှတဆင့် ကြည့်ရှု့ ခဲ့ရတယ်။ လူထုကြီး ရန်ကုန်လမ်းများပေါ်မှာ ချီတက်ဆန္ဒပြတာကို ကြည့်ပြီး ဒီတကြိမ်တော့ ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည်လို့ ယုံကြည်မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ စစ်အစိုးရက ဆန္ဒပြပွဲများကို တခါ ပြင်းပြင်းထန်ထန် ချေမှုန်းလိုက်ပြန်တယ်။ ကျမဖေဖေ ကိုတော့ ဒီတကြိမ် သေဒဏ်ချလိုက်သလို ၆၅ နှစ် စီရင်ချက်ချပြီး ထောင်ချလိုက်ပြန်တယ်။
လွန်ခဲ့တဲ့ လတွေအတွင်းမှာ အင်္ဂလန်နိုင်ငံရဲ့  နိုင်ငံရေးပါတီကြီး (၃) ပါတီ နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တို့ရဲ့  အစည်းအဝေး ကွန့်ဖရန်များကို တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအခြေအနေ နဲ့ နိုင်ငံတကာ ကွန်မြူနတီအနေနဲ့ အာဏာရှင်လက်အောက်မှာ ဖိနှိပ်ချုပ်နှောင်းခံနေရတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားများကို ကူညီလုပ်ဆောင်ပေးဖို့ တိုက်တွန်းပြောဆိုခဲ့တယ်။
ကျမဖေဖေလို့ပါပဲ ကျမအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေများကို ကမ္ဘာက သိအောင် တင်ပြပြောဆိုဖို့ ကျမမှာ တာဝန်ရှိတယ်လို့ လက်ခံယုံကြည်ထားပါတယ်။ စစ်အစိုးရအပေါ် ပြည်ပကနေ ဖိအားပေးလုပ်ဆောင်ပြီး နှစ်ဘက် (ပြည်တွင်း) အင်အားစု ပူးပေါင်းလုပ်ဆောင်ခြင်းက ပိုမိုထိရောက်တယ်လို့ ယုံကြည်တယ်။
တချို့ အမြင်မှာ နိုင်ငံတကာ ဖိအားပေး တောင်းဆိုချက်တွေဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ဖို့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ကန့်သတ်မချုပ်ချယ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ကို ပြန်လွှတ်ပေးဖို့ တွေကို စစ်အစိုးရက မသိကျိုးကျွန်ပြုနေနိုင်တယ်လို့ ဝေဖန်ပြောဆိုကြတယ်။ ဒါပေမဲ့ ကျမအနေနဲ့ကတော့ ဒီလာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲက နိုင်ငံတကာရဲ့  ပြင်းထန်တဲ့ ဖိအားပေးမှုကြောင့် စစ်အစိုးရ အထိတ်တလန့် ဖြစ်ပြီး လုပ်တာဖြစ်တယ်။
တကယ်တော့ ဒီ ရွေးကောက်ပွဲဆိုတာ စစ်အစိုးရ ၂၀၀၃ ခုနှစ်က ထုတ်ပြန်ကြေညာခဲ့တဲ့ ဒီမိုကရေစီ လမ်းပြမြေပုံ (၇) ဆင့်ရဲ့  အဆင့်တဆင့်ဆိုတာကို ကမ္ဘာက မေ့နေခဲ့ကြတယ်။ ဒီလို ကြေညာလုပ်ဆောင်ခဲ့တာလည်း စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကျိုးပမ်းခဲ့တာကို ကမ္ဘာက ဒေါသထွက် ဖြစ်နေခဲ့တာကြောင့် ဖြစ်တယ်။ နောက်ဆုံးတော့ နိုင်ငံတကာအနေနဲ့ စစ်အစိုးရကို စီးပွားပိတ်စို့ အရေးယူလုပ်ဆောင်ခဲ့တယ်။
ဒါကြောင့် အာဏာရှင်စစ်ဗိုလ်တွေက ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ ဂတိစကားနဲ့ နိုင်ငံတကာ ဖိအားပေးမှုကို ရှောင်ရှားနိုင်မယ်လို့ မျှော်လင့်နေတယ်။ အခုတော့ သူတို့မျှော်လင့်ထားသလို ဖြစ်နေတယ်။ နိုင်ငံတကာက ကျမတို့ကို စောင့်ကြည့်ဖို့ ပြောဆိုခဲ့တာ နှစ်ပေါင်းများစွာရှိလာခဲ့ပေမယ့် ဘာမှ ဖြစ်မလာခဲ့ဘူး။ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေသာ ပိုပြီးဒုက္ခတွေနဲ့ ရင်ဆိုင်ခံစားနေရတယ်။
ဒီ ရွေးကောက်ပွဲ ပြီးသွားရင်တော့ ကျမတို့အနေနဲ့ ဆင်ခြေဆင်လက်တွေ၊ စောင့်ကြည့်ပါအုံး ဆိုတာတွေကို လက်မခံနိုင်တော့ဘူး။ ဒီ ရွေးကောက်ပွဲက ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်သွားနေပါတယ်ဆိုပြီး ဆက်လက် ပြည်သူများကို နှိပ်စက်လုပ်ကိုင်သွားမယ့် စစ်အစိုးရရဲ့  လိမ်ညာမှုကို လက်မခံနိုင်ပါ။ ဒီ အတုအယောင် ရွေးကောက်ပွဲက ကျမကို အထူး ထိတ်လန့်စေပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts