သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ဦးထင်လင်းဦးအမှုက ဆင်ခြင်စရာများ

ငြိမ်းချမ်းအေး – ဦးထင်လင်းဦးအမှုက ဆင်ခြင်စရာများ

(မိုးမခ / သည်လေဒီးစ်နယူးစ်) ဇွန် ၂၀၊ ၂၀၁၅

ဟောပြောပွဲပြောဆိုခဲ့မှု တချို့နဲ့ဆက်စပ်ပြီး ဘာသာ၊ သာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅-က၊ ဘာသာ၊ သာသနာကို စော်ကားပုတ်ခတ်မှု ပုဒ်မ ၂၉၈ တို့နဲ့ မန္တလေးတိုင်း၊ ချောင်းဦးမြို့နယ် တရားရုံးမှာ ၂၀၁၄ ခုနှစ် အောက်တိုဘာလကတည်းက တရားစွဲဆိုခံထိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး အဖွဲ့ဝင်ဟောင်း စာရေးဆရာ ထင်လင်းဦး (Wisdom Villa) ဟာ အခုဆိုရင် သာသနာညှိုးနွမ်းစေမှုနဲ့ ထောင်ဒဏ် (၂) နှစ် ချမှတ်ခံလိုက်ရပါပြီ။  အမှုနှစ်မှုအနက် တမှုနဲ့ ပြစ်ဒဏ်ပေးခံခဲ့ရတာပါ။  ဒီအမှုမှာ သာသနာရေးဆက်စပ် သံဃာတော်များပါဝင်မှု၊ အတိုက်အခံ ဒီမိုကရေစီပါတီကြီးရဲ့ အဖွဲ့ဝင်တယောက်ဖြစ်မှု၊ လွတ်လပ်စွာ ပြောဆိုခွင့်ရှုထောင့် စတဲ့ ဘာသာရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး အကြောင်းအရာစုံ စပ်ယှက်နေမှုကြောင့် အစကတည်းက ပွဲဆူခဲ့ပါတယ်။  အမြင်အမျိုးမျိုးလည်း ရှိကြပါတယ်။  အခုဆောင်းပါးမှာ ကျွန်တော့်ရဲ့ အမြင်တွေကို တင်ပြဆွေးနွေးချင်ပါတယ်။

ဓာတ်ပုံ – ဦးထင်လင်းမှု မိသားစု တရားဝင် အသုံးပြုနေသည့် Facebook လူမှုကွန်ရက်မှာ လတ်တလော တင်ဆက်မှုများ။

၁။  ဒီအမှုဟာ နိုင်ငံရေး လုပ်ကြံမှု ဖြစ်တယ်

လက်ရှိ စစ်တပိုင်းအစိုးရနဲ့ တပ်မတော်အစိုးရ၊ စနစ် အုပ်ချုပ်မှု လိုလားသူ အုပ်စုဟာ ဒီမိုကရေစီလှုပ်ရှားမှုတွေ၊ ဒီမိုကရေစီ နိုင်ငံရေးပါတီတွေ၊ ခေါင်းဆောင်တွေကို တိုင်းပြည်ရဲ့ လူအများစု အမျိုးသားရေး၊ ကိုးကွယ်ရာ ဘာသာ၊ သာသနာနဲ့ ဆက်စပ် အမြဲ ရန်တိုက်ပေးလေ့ရှိပါတယ်။  အရင်ခေတ် နဝတ၊ နအဖ စစ်အစိုးရ အဆက်ဆက်ဟာ အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်စောင့်ရှောက်သူ သာသနာပြု ပဒေသရာဇ်မင်း စစ်ဘုရင်တွေလို အမြဲ ပုံဖော် နိုင်ငံတော်အဆင့် ပြည်သူ့ဘဏ္ဍာတွေကို အသုံးပြု ဘုရားထီးတော်တင်လိုက်၊ ရွှေချလိုက်၊ ကျောင်းဆောက်လိုက် လုပ်ပြရင်း ဘာသာရေးကို အာဏာတည်မြဲရေး အတွက် အမြဲ ခုတုံးလုပ် အသုံးချလေ့ရှိခဲ့ပါတယ်။

သက်ဦးဆံပိုင်ရှေးဘုရင်တွေခေတ်မှာ လူသတ်၊ ပုန်ကန် တခုခုနဲ့ နန်းတက်လာပြီးရင် တရားဝင်မှု၊ နန်းသက်ရှည်မှု ရဖို့က မြန်မာ့လူ့အဖွဲ့အစည်းမှာ သြဇာကြီးတဲ့ သံဃာတော်အသိုင်းအဝန်းရဲ့ ထောက်ခံမှု ရအောင် အမြဲ လုပ်ရပါတယ်။  ဒီလို ပဒေသရာဇ်မင်းနဲ့ မင်းဆရာ ဘုန်းကြီး ဆရာ-ဒကာ ခိုင်မြဲတဲ့ ဆက်ဆံရေးကို ခေတ်သစ် အကြွင်းမဲ့ သက်ဦးဆံပိုင် သားစဉ်မြေးဆက် စစ်အုပ်စု အာဏာ၊ စီးပွားတည်မြဲစေတဲ့ စစ်အာဏာရှင်စနစ် ကျင့်သုံးသူ စစ်ဗိုလ်ချုပ်များကလည်း တိုက်ရိုက် အမွေခံကျင့်သုံးပါတယ်။  လက်နက်အားကိုး အဓမ္မ နိုင်ငံ့အာဏာသိမ်းပြီးရင် သံဃာကို ဦးခိုက် ဘာသာရေးကို အသုံးချတာဟာ လက်စွဲနည်းနာပါ။  ဒီသဘောဟာ လက်ရှိတိုင် မပြောင်းလဲသေးကြောင်းကို အစိုးရအဖွဲ့ထိပ်ပိုင်း စစ်ဗိုလ်ဟောင်း သမ္မတ၊ ဝန်ကြီးအဆင့် ဘာသာရေးဆက်စပ် အလှူတွေ၊ ချီးမြှင့်မှုတွေ ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် အမြဲလုပ်ပြရင်း ဘာသာ၊ သာသနာ စောင့်ရှောက်သူလုပ်ကာ မဲဆွယ် စည်းရုံး လူသာမန် လူပြိန်း လူအများကို ဘာသာရေး မှိုင်းတိုက်နေမှုတွေက မျက်မြင်ပါပဲ။

ဒီလိုနောက်ခံမှာ အတိုက်အခံ ဒီမိုကရေစီ ပါတီကြီးရဲ့ ထိပ်ပိုင်းခေါင်းဆောင် တယောက် ပြောပုံဆိုပုံ ချွတ်ချော်ခဲ့မှုကို အသုံးချရင်း ဘာသာရေးနဲ့ ဒီမိုကရေစီစနစ်ကို မဆီမဆိုင် ဆွဲစပ်၊ အမျိုး၊ ဘာသာသာသနာစိတ် ပြင်းထန်တဲ့ ကိုယ်တော်တွေနဲ့ ရန်တိုက်ပေးလိုခြင်း နိုင်ငံရေး ပယောဂက ဒီအမှုမှာ ထင်ရှားခဲ့ပါတယ်။  ဒီလို အမှုမျိုး၊ ရွေးကောက်ပွဲနီးချိန် နိုင်ငံရေး ခါးအောက်ပိုင်း ထိုးမှုမျိုးဟာ ဒီမိုကရေစီ နိုင်ငံ အမည်ခံထားရင် အင်မတန် ရှက်ဖို့ကောင်းပါတယ်။  အတိုက်အခံပါတီကို နိုင်ငံရေးအရ နှိပ်ကွပ်လိုခြင်းမှာ ဘာသာရေးအကြောင်းပြခြင်း၊ ဥပဒေကို လက်တလုံးခြား လိုသလို အသုံးချခြင်းတွေဟာ အောက်တန်းကျလှပါတယ်။  စစ်ဗိုလ်ချုပ်အဟာင်း၊ အသစ်များ ဒီမိုကရေစီနိုင်ငံတော်သစ်ကို တကယ်ချီတက်နေတယ်ဆိုရင် ဆင်ခြင်သင့်၊ သိက္ခာလေးထိန်းသင့်လှပါတယ်။

၂)  NLD ရဲ့ တုံ့ပြန်ပုံ

စာရေးဆရာ ထင်လင်းဦး တာဝန်ထမ်းဆောင်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း စစ်တပိုင်းအစိုးရရဲ့ ဒီလို နိုင်ငံရေးလုပ်ကြံမှုကို တတ်နိုင်သမျှတော့ ရှောင်ရှားခဲ့ပါတယ်။  အမှုစဖြစ်ကတည်းက အဖွဲ့ကနေ ချက်ချင်း ထုတ်ပယ်ခဲ့သလို ဦးထင်လင်းဦး ပြောဆိုခဲ့မှုတွေနဲ့ အဖွဲ့ချုပ် မပတ်သက်ကြောင်း တရားဝင် ထုတ်ပြောခဲ့ပါတယ်။  တကယ်လည်း ဒီဖြစ်စဉ် ဟောပြောခဲ့မှုဟာ ပုဂ္ဂလိကသဘောသာ ဖြစ်တယ်။  အခုအပြစ်ပေးခံထိတဲ့ ဟောပြောချက်အပြင် အာဘော်အမြင်ရေးသူ စာရေးဆရာ တဦးလည်း ဖြစ်သူ ဦးထင်လင်းဦးရဲ့ အခြား အမြင်ဆောင်းပါးတွေ၊ ဟောပြောမှုတွေ အားလုံးဟာ သူနိုင်ငံရေးယုံကြည်ချက်အရ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းနဲ့ ပတ်သက်စရာအကြောင်း မရှိပါ။  ဒါကြောင့် NLD ရဲ့ သဘောထား ရပ်တည်ချက်မှာ အပြစ်ဆိုစရာ မရှိပါ။

ဒါပေမဲ့ ဒီမိုကရေစီ စံနှုန်း၊ မူဝါဒတွေနဲ့ ကိုယ့်ပါတီအပေါ် သစ္စာစောင့်သိခဲ့သူ ပါတီဝင်အပေါ် စောင့်ထိန်းရမယ့် ကျင့်ဝတ်ရှုထောင့်ဘက်ကကြည့်ရင်တော့ NLD ရဲ့ သဘောထားကို ပြန်လည် ထောက်ပြစရာလည်း ရှိပါတယ်။  ဒီလို နိုင်ငံရေးရည်ရွယ်ချက်ပါတဲ့ အမှုမျိုးကို အမျိုးသားရေး ဘုန်းကြီးတွေနဲ့ ပြဿနာ မတက်လိုဘူးဆိုတာ တချက်တည်းနဲ့ ဆိတ်ဆိတ်မနေသင့်ပါဘူး။  စာရေးဆရာ ထင်လင်းဦးရဲ့ ဟောပြောချက်ဟာ ပါတီနဲ့ မဆိုင်ဘူး ဆိုတာကို ခိုင်ခိုင်မာမာ ထုတ်ဖော်သလို လူတဦးချင်းရဲ့ လွတ်လပ်စွာ သဘောထား ထုတ်ပြန်ခွင့်နဲ့ ဘာသာရေးကိုအသုံးချ နိုင်ငံရေး ထိုးနှက်မှုတွေကို ဆန့်ကျင်ကြောင်းကို ယခုထက်ပို အသံကျယ် ပြန်လည် ကန့်ကွက်သင့်ပါတယ်။

၃)  သာသနာညှိုးနွမ်းစေမှုဟာ ဗုဒ္ဓဘာသာတခုတည်း အတွက် မဖြစ်သင့်

တိုင်းပြည်မှာ သာသနာရေးဝန်ကြီးဌာန၊ သာသာနာရေးဦးစီးဌာန ဆိုတာတွေ ဖွဲ့ထားပါတယ်။  ဒါပေမဲ့ ဒီပြည်သူ့ဘဏ္ဍာကို သုံးစွဲနေတဲ့ အစိုးရအဖွဲ့အစည်းတွေနဲ့ ဘာသာ၊ သာသနာ ညှိုးနွမ်းစေမှု၊ စော်ကားပုတ်ခတ်မှုလို ဥပဒေပုဒ်မတွေဟာ ဗုဒ္ဓဘာသာတခုတည်းကို စောင့်ရှောက် ကာကွယ် မြှင့်တင်ပေးလို စိတ်ရည်ရွယ်ချက် ရှိလို့မရပါဘူး။  ဒီမိုကရေစီနိုင်ငံမှာ အစိုးရတရပ်ဟာ ဘာသာရေးနဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး လုံးလုံး ခွဲခြားထားရပါမယ်။  အစိုးရအဖွဲ့အစည်း၊ ခေါင်းဆောင်တွေက ဦးစီးပြီး ဘယ်ဘာသာတခုခုကိုမှ ချီးမြှင့်ခြင်း၊ နှိမ်ချခြင်း၊ ခွဲခြားခြင်း မပြုလုပ်အပ်ပါ။  ဘာသာရေးစော်ကားမှု ဥပဒေဟာလည်း လူမျိုး၊ ဘာသာစုံ ရာစုနှစ်တွေချီ မှီတင်းနေထိုင်လာတဲ့ ပြည်ထောင်စု တိုင်းပြည်မှာရှိတဲ့ ဘာသာတိုင်း၊ လူမျိုးတိုင်းကို အကာအကွယ်ပေးရပါမယ်။

အမျိုး၊ ဘာသာ၊ သာသနာ ပြင်းထန်တဲ့ အမျိုးသားရေး လှုပ်ရှားမှုများ ပြင်းထန်လာတဲ့ ဒီဘက်နှစ်ပိုင်းမှာဆိုရင် ဗုဒ္ဓဘာသာအပ အခြား အစ္စလာမ်၊ ခရစ်ယာန် ဘာသာတွေ၊ ဘာသာဝင်တွေကို စော်ကားပုတ်ခတ် အမုန်းစကား ဟောပြောမှုတွေ၊ တရားပွဲတွေ တရားဝင် ပေါ်ပေါ်ထင်ထင်လုပ်ခွင့်သာနေတာ မြင်သာတဲ့ အချက်ပါ။  ရုပ်သံမှတ်တမ်းတွေ၊ အသံဖိုင်တွေ အများအပြား အွန်လိုင်းမှာ၊ စီဒီ ဒီဗီဒီ ဓာတ်ပြားတွေမှာ သက်သေခံဖို့ အသင့်ရှိပါတယ်။  ဥပမာ – ဗုဒ္ဓရဟန်းတော် တပါးက ‘အ-ာ ဝက်မ’ ဆိုပြီး သူများဘာသာကို လှောင်ပြောင် ဟောပြောမှုမျိုး။  ဆိုတော့ ဒါမျိုး လူမျိုးရေး၊ ဘာသာရေး သွေးထိုး၊ သူများ ဘာသာတွေကို ပြက်ရယ်ပြု စော်ကားတဲ့ Hate Speech တွေကို မျက်နှာမလိုက် ပိတ်ပင်တားမြစ်ရပါမယ်။  သာသနာညှိုးနွမ်းစေမှုဟာ တခြား ဘာသာတွေအတွက်လည်း တပြေးညီတည်း ဖြစ်ရပါမယ်။

၎)  ဥပဒေအထက်မှာ ဘုန်းကြီးတွေ ရှိနေသလား

ဘာသာတရား ကိုင်းရှိုင်းလှတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဘုရားသားတော် သံဃာများရဲ့ အခန်းကဏ္ဍဟာ အမြဲ အရေးပါ အဦးအထိပ်ပြုစရာ ဖြစ်ပါတယ်။  သံဃာကို စင်ပေါ်တင် ဘုရား၊ တရားနဲ့ တဂိုဏ်းထား ကိုးကွယ်ဆည်းကပ်ထားခြင်းဟာ ဘာသာရေးနဲ့ ကျင့်ဝတ် သီလ ဆက်စပ် နာမ်ပိုင်းဆိုင်ရာ လမ်းညွှန် ဦးဆောင် အကြီးအမှူး ပြုဖို့ ဖြစ်ပါတယ်။  ဘုရားရှင်ရဲ့ တရားဓမ္မ အစစ်အမှန်များကို မဇ္ဈိမပဋိပဒါ အစွန်းတရားနှစ်ပါးကင်းလွတ်တဲ့ အလယ်အလတ်လမ်းစဉ် သီလ၊ ပညာ သမာဓိ အကျင့်အကြံ၊ အပြောအဟော၊ အလုပ်များနဲ့ ချွန်းအုပ် လူ့အဖွဲ့အစည်းကို သင်ကြားပြသဖို့သာ ဖြစ်ရပါမယ်။  တခြား မသက်ဆိုင်တဲ့ နိုင်ငံမဏ္ဍိုင်ကြီးများမှာ ဝင်ရောက် လွှမ်းမိုးနေရာယူဖို့ မဟုတ်ပါ။

ဦးထင်လင်းဦး အမှုမှာ အမှုစတင်ကတည်းက အမျိုးသားရေးသံဃာတော်တချို့ တရားရုံးထဲမှာ ဝင်ရောက် အင်အားပြရင်း အာမခံပေးနိုင်တဲ့ အမှုမျိုးကို တားဆီးမှုကအစ အခြား အင်အားသုံးတဲ့ အပြုအမူတွေ ပြုခဲ့ပါတယ်။  အခြား ဘာသာရေး၊ လူမျိုးရေး ဆက်စပ်တဲ့ အမှုတွေမှာလည်း တဖက်ကိုယ်စားပြု ရှေ့နေတွေကို ခြိမ်းခြောက်တာမျိုး၊ ဘုန်းကြီးတချို့ ရဲစခန်းထဲဝင် ရဲမှူးစားပွဲဝင်ထိုင် ရဲအရေးအရာတွေမှာ စွက်ဖက်တာမျိုးတွေလည်း အခုနှစ်ပိုင်း သတင်းတွေမှာ ပိုတွေ့လာရပါတယ်။  ဥပဒေပြုလွှတ်တော်မှာလည်း မဘသ လို သံဃာဦးဆောင်အဖွဲ့အစည်းတွေရဲ့ ကနဦး တိုက်တွန်းနှိုးဆော် အဆိုပြုခဲ့တဲ့ မျိုးစောင့်ဥပဒေတွေဟာ အခု အတည်ပြုဖို့ အထိ ဖြစ်လာခဲ့ပါပြီ။  ဒါကြောင့် တိုင်းပြည်ရဲ့ ဥပဒေ အထက်မှာ စစ်အာဏာရှင်စနစ် ဓလေ့ အကြွင်းအကျန် ‘စစ်သား’ ဗိုလ်ချုပ်များ ကြီးစိုးခြယ်လှယ်နေခွင့်ရနေသလို၊ ‘ဘုရားသား’ သံဃာတော်များလည်း ရောက်နေပြီလား မေးခွန်းထုတ်ရပါတော့မယ်။

၅)  လွတ်လပ်ခွင့်ဟာ ထိပါးခံနေရတယ်

ဘာသာရေးကိုင်းရှိုင်းတဲ့ အခြား ဗုဒ္ဓဘာသာအများစုတိုင်းပြည်တွေ ဖြစ်တဲ့ ထိုင်း၊ သီရိလင်္ကာလို နိုင်ငံတွေမှာလည်း သံဃာတော်များနဲ့ သာသနာဆက်စပ်အဖွဲ့အစည်းများရဲ့ စီးပွားရေးလုပ်ငန်းများကို ကြိုးကိုင်မှု၊ အာဏာသြဇာကြီး တန်ခိုးထွားမှု၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဥပဒေရေးရာတွေမှာ ဝင်ရောက်စွက်ဖက်နေနိုင်မှုတွေကို နိုင်ငံတကာနဲ့ ပြည်တွင်း စာနယ်ဇင်းတွေက ပွင့်ပွင့်လင်းလင်း ဝေဖန် ထောက်ပြ၊ စုံစမ်းဖော်ထုတ်တာမျိုးတွေ ရှိပါတယ်။  ဒါမျိုး အလုပ်တွေ မြန်မာပြည်မှာလည်း လွတ်လပ်ရဲဝံ့ပြုလုပ်နိုင်ဖို့ရာ စာနယ်ဇင်းလွတ်လပ်ခွင့် (Freedom of Press) နဲ့ ယုံကြည်ရာ ဆန္ဒထုတ်ဖော် ပြောဆိုရေးသားခွင့် (Freedom of Expression) ကိုပိုမိုအာမခံတဲ့ ဒီမိုကရေစီပြည့်ဝတဲ့ ပြည်သူ့ရေးရာ အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်တွေ တိုးပေးဖို့လိုနေပါတယ်။  အခု ဦးထင်လင်းဦး ဖြစ်စဉ်က ဒီ လူ့အခွင့်အရေး၊ စာနယ်ဇင်း လွတ်လပ်မှု အဆင့်အတန်း နောက်ပြန်လှည့်ခြင်း ပြယုဂ် ဖြစ်နေပါတယ်။

၆)  ‘Theocracy’ စနစ်ရဲ့ အန္တရာယ် ကို သတိပြုပါ

ကိုလိုနီခေတ် လွတ်လပ်ရေးလှုပ်ရှားမှုတွေ စလို့ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဗုဒ္ဓဘာသာ သံဃာတော် အရှင်သူမြတ်များ လှုပ်ရှားပါဝင်မှုသဘော၊ တိုင်းသူပြည်သား အတိဒုက္ခရောက်မှုကို သံဃာတော်တွေက ကူညီဖြေရှင်းပေးတဲ့ ပြည့်ဝတဲ့ သဘောတွေဟာ အတိုင်းအတာတခုအထိ လိုလားလက်ခံစရာမျိုး ဖြစ်ပါတယ်။  မြန်မာ့လူမှုအသိုင်းအဝန်းမှာ သံဃာတော်တွေရဲ့ အရေးပါမှု၊ သြဇာနဲ့ တန်ဖိုးဟာ အပြည့်အဝ လေးစားတန်ဖိုးထား အသိအမှတ်ပြုထိုက်ပါတယ်။  ဒါပေမဲ့ ဘာသာရေးအဖွဲ့အစည်းတွေ၊ ကျောင်းတော်တွေနဲ့ ခေါင်ဆောင်တွေက တိုင်းပြည်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ ပညာရေးစနစ် စတဲ့ အဓိက အရေးပါတဲ့ လူမှုနိုင်ငံရေးကဏ္ဍတွေမှာ လွှမ်းမိုး နေရာယူလာမှာမျိုးဟာ လုံးဝ လက်မခံအပ်ပါ။  ဒါဟာ တိုင်းပြည်မှာ လူမှုမတည်ငြိမ်မှုတွေ ဖြစ်စေတဲ့ အကြောင်းရင်း ဖြစ်ပါတယ်။

‘Democracy Vs Theocracy’ ဆိုပြီး နှိုင်းယှဉ် အမျိုး ဘာသာ သာသနာ အလွန်အကျွံ ရှေ့တန်းတင်ခြင်းမှာ ကြီးမားတဲ့ အန္တရာယ်၊ ဆိုးကျိုးတွေ ရှိပါတယ်။  ဘာသာရေးခေါင်းဆောင်တွေကြီးစိုးတဲ့ ‘Theocracy’ တိုင်းပြည်တွေ၊ ဘာသာရေး အစွန်းရောက်တွေ ကြီးစိုးတဲ့ နိုင်ငံတွေ၊ အထူးသဖြင့် ရှေးရိုးစွဲ မွတ်ဆလင်ကမ္ဘာ၊ အာရပ်ကမ္ဘာမှာ နိုင်ငံတော်ကို ဘာသာရေး ခေါင်းဆောင်တွေ ကြီးစိုးလို့ ဘယ်လို လူမှု၊ စီးပွား မတည်ငြိမ်မှုတွေ၊ ဖွံ့ဖြိုး တိုးတက်မှု နှေးကွေးနှောင့်နှေး၊ အောက်ကျနောက်ကျ နိုင်မှုတွေ ဖြစ်ခဲ့၊ ဖြစ်နေတယ် ဆိုတာကို သင်ခန်းစာယူတတ်ရပါမယ်။  တာလီဘန်အန္တရာယ် မကျရောက်ခင် အာဖဂန်နစ္စတန်ဟာ အလယ်အာရှမှာ စီးပွား၊ ပညာ၊ ကျန်းမာ အရာရာ ထိပ်တန်းကျခဲ့ဖူးတယ်ဆိုတာ သတိပြုဆင်ခြင်ဖွယ် သမိုင်းသင်ခန်းစာ ရှိပါတယ်။  အမုန်းကို အမုန်းနဲ့ချေဖျက်လို့မရသလို၊ အစွန်းရောက်မှုတွေကို တန်ပြန်တဖက်စွန်းရောက် အတွေးအခေါ် အလုပ်တွေနဲ့ ကာကွယ်ချင်လို့ အလုပ်မဖြစ်ပါ။

မျက်မှောက်ကမ္ဘာမှာ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာ၊ လူ့အခွင့်အရေး၊ ဘာသာရေး မကျန် ကဏ္ဍစုံ လူစဉ်မီ ခေတ်မီဖွံ့ဖြိုးတိုးတက် အဆင့်အတန်းရှိနေတဲ့ အနောက်ဥရောပ ဒီမိုကရေစီ တိုင်းပြည်ကြီးတွေဟာ ‘Theocracy’ စနစ် ဘာသာရေး အဖွဲ့အစည်း၊ ခေါင်းဆောင်၊ ဘုန်းကြီးတွေက အရာရာ လွှမ်းမိုးလိုတဲ့ ဓလေ့ကို အလယ်ခေတ် (Medieval Period) ၅ ရာစု – ၁၅ ရာစု ခေတ်နောက်ပိုင်းကတည်း စွန့်လွှတ်ခဲ့ ထားခဲ့ပါပြီ။  ဒါကို အတုမယူနိုင်ဘဲ အခု ၂၁ ရာစု ရောက်မှ နိုင်ငံ့အရေးအရာတွေမှာ ဘာသာရေးက ဦးဆောင်လွှမ်းမိုးလိုခြင်းဟာ မြန်မာပြည်ကို ရာစုနှစ်များစွာ နောက်ပြန်ဆွဲစေအောင်ပြုလုပ်ခြင်း ဖြစ်သလို လူမျိုး၊ ဘာသာစုံ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ ကြီးပွားရေးလမ်းကြောင်းကိုလည်း ပိတ်ဆို့ရာရောက်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာ ခေါင်းဆောင်များအပါအဝင် တိုင်းသူပြည်သားအားလုံး ဆွေးနွေးခဲ့သမျှ အချက်တွေကို အလေးအနက် ဂရုပြု မြော်မြင် သုံးသပ် အနာဂတ် တိုင်းပြည် သုခချမ်းသာရရေးအတွက် ရှေးရှု ဆင်ခြင်သင့်လှပါတယ်။

နိဂုံး

ပြန်ချုပ်ရရင် အခု ထောင်ကျခံထိခဲ့တဲ့ ဦးထင်လင်းအမှုမှာ သူ့ရဲ့ ဟောပြောချက်ပါ အသုံးအနှုန်း၊ ပြောဟန်ဆိုဟန်၊ လေသံ စတာတွေဟာ စောင့်ထိန်းရမယ့် ဟောပြောပွဲ ယဉ်ကျေးမှုကို ချိုးဖောက် ဒေါသသင့်တာလည်း အမှန်ပါပဲ။  လွတ်လပ်စွာ ပြောဆိုခွင့်မှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်၊ စည်းကမ်းတွေ ရှိတာလည်း ဆင်ခြင်နိုင်ရပါမယ်။  ဒါပေမဲ့ ဘာသာရေး အသုံးချ နိုင်ငံရေးအမြတ်ထုတ် ဖိနှိပ်မှု၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေမှာ ဘာသာရေးခေါင်းဆောင်တွေရဲ့ သြဇာလွှမ်းမိုးလာမှုနဲ့ ဘာသာရေးနဲ့ ရွေးကောက်ပွဲ အာဏာနိုင်ငံရေး စပ်ယှက်ရောထွေး လိုသလို အသုံးချနေမှုတွေကတော့ အနာဂတ် ဒီမိုကရေစီ လောကနိဗ္ဗာန် ပြည်သစ်ခရီးအတွက် ကြီးမားတဲ့ အနှောင့်အယှက်တွေ ဖြစ်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး

ဇွန် ၀၄၊ ၂၀၁၅ (စာပြီးရက်စွဲ)

 

(သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၆၄)၊ (၂၀၁၅) ခုနှစ် ဇွန်လ (၀၅) ရက်၊ သောကြာနေ့ထုတ်၌ ပုံနှိပ်ခဲ့သည်။  ယခု မိုးမခတွင် အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts