၂၀၁၅ ရွေးကောက်ပွဲအကြို – ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း
( ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမအကြိမ် အစည်းအဝေး) – ဇွန် ၂၀၊ ၂၀၁၅၊ ရန်ကုန်
ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ၊ ဇွန် ၂၁၊ ၂၀၁၅
ဒီနေ့ကြွရောက်လာကြတဲ့ ကျမတို့ ဗဟိုကော်မတီဝင်အားလုံးကို နှုတ်ဆက်ခြင်းပြုပါတယ်။ဒီ ဗဟိုကော်မတီအစည်းအဝေးဟာ ရွေးကောက်ပွဲအတွက် သတ်မှတ်ထားတဲ့ ရက်မတိုင်မီ နောက်ဆုံးဖြစ်ပန်းတိုင်အဖြစ် အစည်းအဝေးဖြစ်ပါတယ်။ နောက်အစည်းအဝေးဟာ နိုဝင်ဘာလလယ်လောက်မှသာ ကျင်းပနိုင်မှာဖြစ်ပါတယ်။ ဒီတော့ ဒီအစည်းအဝေးဟာ အရေးကြီးသလို ဒီနှစ်ဟာလည်း ကျမတို့နိုင်ငံအတွက် အရေးကြီးတယ်ဆိုတာ အားလုံးသိပြီးသားပါ။
အခုဆိုရင် ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခဲ့တာ (၂၇ ) နှစ်ထဲရောက်နေပါပြီ။ဒီ ၂၇ နှစ်အတွင်းမှာ ကျမတို့ပါတီဟာ ဂုဏ်ယူနိုင်လောက်တဲ့ သမိုင်းတခုကို ဖမ်းဆွဲယူခဲ့ပါတယ်။၂၇ နှစ်အတွင်းမှာ နိုင်ငံရေးပါတီတခု ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ၁၀၀ ရာခိုင်နှုန်း ပြည့်ပြည့်ဝဝ ရခဲ့တဲ့အဆင့်အထိတော့ အခုထိမရှိသေးပါဘူး ။ သို့သော်ငြားလည်း ကျမတို့ဟာ နိုင်ငံရေးဦးဆောင်မှုကို ထိထိရောက်ရောက် ပေးနိုင်ခဲ့ပါတယ်။ နိုင်ငံရေးဦးဆောင်မှုကို ပေးနိုင်တယ်လို့ ဘာလို့ ကျမတို့ပြောနိုင်သလဲဆိုတော့ တစိုက်မတ်မတ် ၂၇ နှစ်အတွင်းမှာ နိုင်ငံရေးကို မရပ်တမ်းလုပ်ခဲ့တာက ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ ။ အခက်ခဲများ များစွာကြားထဲက ၊ ဖိနှိပ်မှုများစွာကြားထဲက ကျမတို့ လုပ်နိုင်ခဲ့ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာလည်း တခါမှ ဒီနိုင်ငံမှာ မလုပ်ဖူးတဲ့ နိုင်ငံရေးမျိုးကို ဦးဆောင်ပြီးတော့ လုပ်ခဲ့ပါတယ်။
ဥပမာ ဆိုပါတော့ “ အောင်နိုင်ရေး ” အောင်နိုင်ရေးဆိုတာ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စတင်ပြီးတော့ သုံးနှုန်းပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲကို ဝင်ခဲ့တာပါ။ ရွေးကောက်ပွဲ နိုင်ရေး မဟုတ်ဘူး။ အောင်နိုင်ရေး ။ ဘာဖြစ်လို့ ကျမတို့ အောင်နိုင်ရေးလို့ခေါ်လဲ။ ကျမတို့ဟာ ဦးတည်တာဟာ ကျမတို့ပြည်သူပြည်သားတွေရဲ့ အောင်နိုင်ရေး ကိုဦးတည်တာဖြစ်ပါတယ်။ ကျမတို့ အဖွဲ့အောင်နိုင်ရေး ကိုသာ ဦးတည်တာမဟုတ်ပါဘူး ။ ရွေးကောက်ပွဲ မှာ အောင်နိုင်ရေးကို ဦးတည်တာ မဟုတ်ဘူး။ ကျမတို့ရဲ့ ပြည်သူပြည်သားများ အောင်နိုင်ရေး ၊ ဒီမိုကရေစီအရေး အောင်နိုင်ရေး ကို ဦးတည်တာကြောင့်မို့လို့ အောင်နိုင်ရေး လို့ ၁၉၉၀ ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပထမဦးဆုံး စတင်ပြီးတော့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာလည်း ကျမတို့ဟာ အမျိုးမျိုး နိုင်ငံရေးအရ ဦးဆောင်မှုတွေ ပေးခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားများကို ကူညီဖို့၊ နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုများ ကိုကူညီဖို့ လူမှုအထောက်အကူပြုအဖွဲ့ ၊ ဥပဒေအထောက်အကူအဖွဲ့ စသည်ဆိုတာဟာ အရင်တုန်းက ကျမတို့နိုင်ငံမှာ မထူထောင်ခဲ့ဘူးပါဘူး။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပထမဦးဆုံး ထူထောင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ကွန်ရက်တွေ၊ပညာရေးကွန်ယက်၊ ကျန်းမာရေး ကွန်ယက် ၊ဥပဒေ အထောက်အကူကွန်ယက် စပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ စပြီးတော့ လုပ်ဆောင်ခဲ့ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲတုန်းက ပြည်သူရဲ့ ဆန္ဒအရ နိုင်ငံ့တာဝန်ကို ယူနိုင်တဲ့အခွင့်အရေး မရှိခဲ့ပေမဲ့ ကျမတို့တတ်နိုင်သမျှ ကျမတို့ပါတီတာဝန်များကိုကျေအောင်လို့ ထမ်းဆောင်ခဲ့ပါတယ်။ ကျမတို့ ပါတီတာဝန်ဆိုတာကတော့ ဒီမိုကရေစီရရှိရေးအတွက် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကို အခြေခိုင်အောင် လုပ်နိုင်ဖို့အတွက် ကျမတို့နိုင်ငံဟာ တကယ် စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးတို့ဖြစ်ပါတယ်။ အားလုံးဒီသမိုင်းကြောင်းကိစ္စတွေ သိပြီးသားဆိုတော့ ကျမ အနာဂတ်အကြောင်းတွေပဲ အဓိက ထားပြောချင်ပါတယ်။
အခုနှစ်ဟာ ရွေးကောက်ပွဲဖြစ်မယ့်နှစ်ဆိုတာ စောစောက ကျမတို့ရဲ့ သဘာပတိ ကြီးက ပြောသွားပါတယ်။ ရွေးကောက်ပွဲ အတွက် ကျမတို့ပြင်ဆင်တဲ့နေရာမှာ ကျမတို့ရဲ့အဖွဲ့ဝင်များ အားလုံးသတိပြုရမှာက စောစောတုန်းက ကျမပြောခဲ့တဲ့ အောင်နိုင်ရေးဆိုတဲ့စကား ၊ ကျမတို့ဟာ နိုင်ငံ့အောင်နိုင်ရေး အတွက် လုပ်ဖို့ဖြစ်ပါတယ်။ ကိုယ်နိုင်ရေးအတွက် လုပ်မှာမဟုတ်ပါဘူး ။အဲဒါကြောင့်မို့လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ကိုယ်စားလောင်းများအဖြစ်ဝင်ပြီးတော့ ယှဉ်ပြိုင်ချင်တဲ့ ပုဂ္ဂိုလ်တွေကို ထပ်ပြီးတော့ သတိပေးပါရစေ။ကိုယ်နိုင်ရေးအတွက် လုပ်ဖို့မဟုတ်ပါဘူး ။နိုင်ငံ့အရေးအတွက် ၊နိုင်ငံဒီမိုကရေစီအောင်နိုင်ရေးအတွက် ဖြစ်ဖို့အတွက် လုပ်တာဖြစ်ကြောင်း ကျမ သတိပေးချင်ပါတယ်။
ဒါကြောင့်မို့လို့ ကျမတို့ဟာ ကိုယ်စားလှယ်လောင်းများကိုရွေးချယ်တဲ့နေရာမှာ အင်မတန်မှ အလေးထားပြီးတော့ ၊စိစစ်ပြီးတော့ ၊ ဂရုတစိုက် ရွေးချယ်သွားမှာဖြစ်ပါတယ်။ ကျမတို့ရဲ့ စည်းမျဉ်း စည်းကမ်းများအရ ဥပမာအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ချင်တဲ့ပုဂ္ဂိုလ်များဟာ အောင်နိုင်ရေးအဖွဲ့တွေထဲမှာ မပါရဘူးဆိုတော့ အောင်နိုင်ရေးအဖွဲ့ထဲက ထွက်သွားတဲ့ပုဂ္ဂိုလ်တွေ တော်တော်မနည်းပါဘူး ။အဲဒီတော့ ကျမတို့အနေနဲ့ ကိုယ်နိုင်ရေးကို ဘယ်သူတွေက ဦးစားပေးသလဲ၊ အောင်နိုင်ရေး ကို ဘယ်သူတွေက ဦးစားပေးသလဲဆိုတာ မြင်လာရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဘယ်လိုစည်းမျဥ်းစည်းကမ်းတွေပဲချထားစေကာမူ ဒီနေရာမှာ ကျမ ရှင်းရှင်းလင်းလင်းပဲ ပြောပါရစေ ။တကယ့်အောင်နိုင်ရေး ၊ ဒီမိုကရေစီအောင်နိုင်ရေး ၊ နိုင်ငံအောင်နိုင်ရေး အတွက် လုပ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေကို ကျမတို့ မြင်လို့ရှိရင် ၊အခုအောင်နိုင်ရေးအဖွဲ့ထဲမှာ ဖြစ်စေ၊ တခြားနေရာမှာပဲဖြစ်စေ ၊ဘယ်မှာပဲ တာဝန်ထမ်းဆောင်နေပါစေ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ သတ်မှတ်လိုက ၊ သတ်မှတ်သင့်က သတ်မှတ်မယ်လို့ ကျမတို့ ဒီမှာ အခုပြောပြလိုပါတယ်။တကယ်၍ ကျမတို့ လိုချင်တဲ့ ပုဂ္ဂိုလ်များဟာ အောင်နိုင်ရေးအတွက် လုပ်မဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ ကိုယ်နိုင်ရေး အတွက်လုပ်မဲ့ ပုဂ္ဂိုလ်များ မဟုတ်ပါဘူး ။
ဒါကြောင့်မို့လို့ ကျမတို့ ရွေးတာခံမလား၊ အဖွဲ့ချုပ်ဝင်တွေထဲက ရွေးတဲ့ အခါမှာလည်း လူကြီးလူငယ် ၊ဝါရင့်သမ္ဘာရင့် ဒါတွေကိုလည်း ကျမ ခုနေပြောလို့ပြီးမှာမဟုတ်ပါဘူး ။ လူကြီးတွေထဲမှာ တော်တဲ့လူကြီးတွေ ရှိသလို လူငယ်တွေထဲမှာလည်း တော်တဲ့သူတွေရှိတယ် ။ ဝါရင့်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ တော်တဲ့လူတွေရှိသလို သွေးသစ်တွေ ထဲမှာလည်း တော်တဲ့သူတွေရှိတယ်။ ကျမတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြင်ပမှာတောင်မှ တကယ့်နိုင်ငံကို အကျိုးပြုနေတဲ့ ပုဂ္ဂိုလ်တွေရှိတယ်ဆိုလို့ရှိရင် ကျမတို့ အနေနဲ့ ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ နေပြီးတော့ ၊ NLD ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ နေပြီးတော့ ကျမတို့ အရွေးခံဖို့ ဖိတ်ခေါ်မှာဖြစ်ပါတယ်။ လက်ခံမလား၊ မလက်ခံမလားတော့ ပုဂ္ဂိုလ်များ ရဲ့ အပေါ်မှာ မူတည်တာပေါ့ ။
အဲတော့ ကျမတို့ ဒီလို တချို့ကျတော့ မဲနိုင်ရေးအတွက် ၊ရွေးကောက်ပွဲမှာ နိုင်ရေးအတွက် ကိုယ်စားလှယ်လောင်းတွေကို ရွေးမှာမဟုတ်ပါဘူး ။ ကျမတို့က ရွေးကောက်ပွဲ အလွန်ကာလကို အဓိကထားစဉ်းစားပြီးတော့ စဉ်းစားမှာဖြစ်ပါတယ်။ ။ ရွေးကောက်ပွဲဆိုတာ တရက်ပါ။ တရက်ထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲ၊ ဒီရွေးကောက်ပွဲ ကနေ ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေဟာ ရေရှည် နိုင်ငံအကျိုးအတွက် ဘယ့်လောက် လုပ်ပေးမှာလဲ ။ ရေရှည် ကျမတို့ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကို အခြေခံပြီးတော့ ဆက်လုပ်တဲ့အခါမှာ ဘယ့်လောက်ပူးပေါင်းဆောင်ရွက် မှုရှိနိုင်မလဲလို့ ကြည့်ပြီးတော့ ကိုယ်စားလှယ်လောင်းတွေကို ရွေးမှာပါ။
ရွေးကောက်ပွဲ မတိုင်မီ မိန့်ခွန်းပြောတတ်လို့ ၊ ပြည်သူတွေကို စည်းရုံးတတ်လို့ ဆိုတာချည်းပဲ ကျမတို့ ကြည့်မှာ မဟုတ်ပါဘူး ။ဒါတွေကလည်း အရေးကြီးပါတယ် ။စည်းရုံးတာ မှန်မှလည်း ကျမတို့မဲရဖို့ဆိုတာဟာ အခွင့်အရေး ပိုပြီးတော့ ကောင်းမှာပါ။ မဲရမှလည်း အနိုင်ရမှာပါ။ မဲနိုင်မှလည်း ၊ ရွေးကောက်ပွဲ နိုင်မှလည်း ကျမတို့လိုချင်တဲ့ အုပ်ချုပ်ရေးစနစ်တခုထူထောင်နိုင်ဖို့အတွက် ကျမတို့ အခွင့်အရေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ကျမတို့ဟာ ကိုယ်စားလှယ်လောင်းများ ရွေးတဲ့အခါ ရွေးကောက်ပွဲနေ့မှာ အောင်ပွဲခံနေဖို့ကိုပဲ ကျမတို့အဓိက စဉ်းစားရမှာ မဟုတ်ပါဘူး ။ ရွေးကောက်ပွဲ အလွန်ကာလကို ဒီနိုင်ငံအောင်ပွဲခံဖို့ကို ကျမတို့ စဉ်းစားရမှာဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်းများကို ရွေးချယ်တဲ့နေရာမှာ အရင်တုန်းက မလုပ်ဖူးတဲ့၊ မစားဖူးတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထားမှာဖြစ်ပါတယ်။ ဥပမာ အားဖြင့်ဆိုရင် ကိုယ်စားလှယ်လောင်းများ အားလုံးဟာ မိမိတိုရဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများစာရင်း ၊မိမိတိုရဲ့ ဇနီး၊ခင်ပွန်းများရဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများစာရင်း ၊ မိမိတို့ရဲ့ ဆယ့်ရှစ်နှစ်အောက် သားသမီးများရဲ့ နာမည်နဲ့ ရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများစာရင်းကို တင်သွင်းရမှာဖြစ်ပါတယ်။ ဘဏ်အကောင့်တွေ ရှိရင်လည်း နံပါတ်ကိုပေးရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်မှုရှိရင်လည်း ဒီဟာတွေအားလုံးကိုတင်ပြရမည် ဖြစ်ပါတယ်။ ဒီလို ကျမတို့လုပ်တယ်ဆိုတာ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ဟာ နိုင်ငံ့ရဲ့ တာဝန်ကို ထမ်းဆောင်မယ့် ပုဂ္ဂိုလ်များဟာ အဂတိတရားလိုက်စားမှု လုံးဝကင်းရှင်းဖို့ဖြစ်ပါတယ် ။ဒါကို ဦးတည်ပြီးတော့ ကျမတို့ လုပ်သွားမှာပါ။
နောက်ပြီးတော့လည်း ကျမတို့ ကိုယ်စားလှယ်လောင်းရွေးချယ်တဲ့သူများဟာ ၊ ကိုယ်စားလှယ်လောင်းများဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တရားဝင်အချိန်မရွေး မိမိတို့ရဲ့ ရွှေ့ပြောင်းနိုင်သောပစ္စည်းတွေရော၊မရွှေ့ပြောင်းနိုင်သော ပစ္စည်းတွေရော၊ မိမိတို့မိသားစုများနဲ့ အခြားနီးစပ်သူများရဲ့ မရွှေ့ပြောင်းနိုင်သော ပစ္စည်းတွေ၊ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေရော အပြောင်းအလွှဲများ ရှိခဲ့လို့ရှိရင် ၊ အပြောင်းအလွဲ ဆိုတာ ပိုများပါတယ်။ ကိုယ်စားလှယ်လောင်းမဖြစ်ခင်တုန်းက အိမ်တလုံး ၊ ကိုယ်စားလှယ်ဖြစ်ပြီးတော့ အိမ် နှစ်လုံးဖြစ်သွားတယ်ဆိုပါတော့။ အဲဒါတွေနဲ့ ပတ်သက်လို့ ဆိုလို့ရှိရင် ကျမတို့အဖွဲ့ချုပ်အနေနဲ့ ညမေးမြန်းစုံစမ်းတဲ့အခါ ပူးပေါင်းဆောင်ရွက်ပါမယ်ဆိုတဲ့ ခံဝန်ချက်ကိုလက်မှတ်ထိုးပြီးတော့ ကျမတို့ ဒီစည်းကမ်းကို လိုက်နာရမှာဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းများရဲ့ အရည်အချင်းထဲမှာ အရေးကြီးတာက ကိုယ်စားလှယ်လောင်းဖြစ်ပြီးတော့ မိမိအကျိုး ၊မိမိရဲ့ မိသားစုသားသမီးများရဲ့ အကျိုးလုပ်ဖို့မဟုတ်ပဲနဲ့ နိုင်ငံ့အကျိုးတွက်လုပ်ဖို့ဆိုတာကို နားလည်စေချင်တယ်လို့လည်း ဖြစ်တယ်။
ကျမတို့ အဖွဲ့ချုပ်က ပွင့်လင်းမြင်သာစွာနဲ့ ဒီမိုကရေစီနည်းအရ ဆောင်ရွက်သွားမှာတွေကို အများပြည်သူကိုပြသချင်လို့ပဲဖြစ်ပါတယ်။ ဒီလိုကျမတို့ အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းများဟာ ပြည်သူ့ရှေ့မှာ ပွင့်ပွင့်လင်းလင်း နဲ့ မိမိတို့ရဲ့ ပိုင်ဆိုင်မှုတွေဟာ ဘာလဲဆိုတာ မပြောနိုင်ဘူးဆိုရင် တော့ ဘယ်လိုလုပ် ကျမတို့ပြည်သူက အားကိုးနိုင်မလဲ ။ ကျမတို့ပြည်သူတွေ အားကိုးနိုင်လောက်တဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်တင်မြှောက်ရမှာဖြစ်ပါတယ်။ ဒီလိုကိုယ်စားလှယ်တွေရရှိဖို့အတွက် ကျမတို့က ကြိုးစားသွားမှာဖြစ်ပါတယ်။
ကျမတို့ အခုဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးအတွက် လွှတ်တော်ထဲမှာစပြီးတော့ လှုပ်ရှားနေပြီဆိုတာ အများသိပြီးသားဖြစ်ပါတယ် ။ ဒီလိုလွှတ်တော်ထဲမှာ လှုပ်ရှားနေတဲ့အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးအတွက် မူဝါဒတခုကို ကိုင်စွဲပြီးတော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ခဲ့တာပါ။ တရားဥပဒေ စိုးမိုးရေး ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေး ၊ပြည်တွင်းငြိမ်းချမ်းရေး ဒီမူတွေကို ကျမတို့ကိုင်တွယ်ပြီးတော့ ကျင့်သုံးသွားမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြောင်းလဲသင့်ရင် ပြောင်းလဲရပါမယ်။တချို့ ဖွဲ့စည်းပုံအခြေခံဥပဒေများဟာ နှစ်ပေါင်းများစွာတည်ရှိခဲ့ပြီး တချို့ဒီမိုကရေစီနိုင်ငံမှာ ပြည်သူတွေရဲ့လိုအပ်ချက်၊ ကမ္ဘာ့လိုအပ်ချက်၊ ကာလလိုအပ်ချက်တွေနဲ့ ကိုက်ညီအောင်လည်းနေခဲ့ရတာတွေရှိပါတယ်။
ကျမတို့ရဲ့အခြေခံဥပဒေမှာ လက်ရှိ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ ပြုပြင်ပြောင်းလဲရေးစရာတွေအများကြီးရှိတယ်ဆိုတာကို အထူးသဖြင့်ဒီနေရာကပြောနေဖို့မလိုပါဘူး။ ကျမတို့ဟာ ပြုပြင်ရေးမူကိုလုံးဝထောက်ခံပါတယ်။ ပြုပြင်ပြောင်းလဲပုံပြောင်းလဲနည်းကတော့ ကျမတို့နဲ့ အခြားပါတီနဲ့ တူချင်မှတူပါမယ်၊ သို့သော်ငြားလည်း ကျမတို့ဟာ ပြုပြင်ပြောင်းလဲရေးဆိုတာတော့ လုပ်ကိုလုပ်ရမယ်၊ ((ကျမတို့ပြည်သူကို ပေးခဲ့တဲ့ကတိဟာ ကျမထပ်ပြီးပြောပရစေ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးအတွက် ကြိုးစားမယ်လို့ ကျမတို့ပြောခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၂ထဲကကျမတို့ စည်းရုံးတဲ့အခါမှာ သေသေချာချာပြောခဲ့ပါတယ်။
၂၀၁၂တုန်းက ရွေးကောက်ပွဲမှာတောင် လွတ်လပ်နေတဲ့ လူထု ကြားဖြတ်ရွေးကောက်ပွဲအတွက် လွတ်လပ်နေတဲ့နေရာကို ပြိုင်ဆိုင်နေတဲ့နေရာ ၄၅နေရာရှိပါတယ်။ ဒီ ၄၅နေရာစလုံးနိုင်လို့ရှိရင်တောင်မှ ကျမတို့ပါတီအနေနဲ့ လွှတ်တော်ထဲမှာ ထိထိရောက်ရောက်မလုပ်နိုင်သေးဘူးလို့ ကျမတို့ သေသေချာချာ ရှင်းပြခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ နိုင်တာနဲ့ ကျမတို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြုပြင်ပြောင်းလဲမလဲ ၊ တရားဥပဒေစိုးမိုးရေး ဖြစ်အောင်ဘယ်လိုလုပ်ပေးမလဲ၊ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်အောင်လုပ်ပေးမယ်ဆိုတာ ပြည်သူကိုပေါ့ပေါ့တန်တန် ကတိတွေပေးပြီးတော့စည်းရုံးခဲ့တာ မဟုတ်ပါဘူး။အခု လာမည့်ရွေးကောက်ပွဲမှာ လည်း ဒီအတိုင်းပါပဲ။ကျမတို့ ဘယ်တော့မှ ပြည်သူကို မတည်နိုင်တဲ့ ကတိတွေပေးပြီးတော့ လုပ်မှာမဟုတ်ပါဘူး ။
ကျမတို့ အဖွဲ့ချုပ်ဟာ အင်မတန်မှ ခက်ခက်ခဲခဲ နဲ့ လှုပ်ရှားခဲ့ရတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။ ပြည်သူနဲ့ တသွေးတည်း ၊တသားတည်း နေခဲ့လို့ အခုလို ကျမတို့ ရပ်တည်နိုင်တာပါ ။ ဒါကြောင့်မို့လို့ ပြည်သူတွေရဲ့ ကျေးဇူးဆိုတာဟာ ကျမတို့ ဘယ်လိုမှ ဆပ်လို့မကုန်နိုင်အောင်လို့ ရှိနေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အခုလို ၂၇ နှစ် နီးပါး ရပ်တည်နိုင်ခဲ့တာဟာ ပြည်သူတွေရဲ့ ထောက်ခံမှုကြောင့်ပါပဲ။ ဘယ်လိုပဲ ရုန်းကန်ခဲ့ရ ၊ရုန်းကန်ခဲ့ရ တချိန်တခါမှာ ဖိနှိပ်မှုတွေ များလွန်းလို့ ပြည်သူများက အများရှေ့မှာ ကျမတို့ကို ပွင့်ပွင့်လင်းလင်း မထောက်ခံရဲပေမဲ့ ကျမတို့ အဖွဲ့ချုပ်ဟာ ပြည်သူတွေရဲ့ နှလုံးသားထဲ မှာ ကိန်းဝပ်နေတာကြောင့်မို့လို့ ၂၀၁၂ က ကြားဖြတ်ရွေးကောက်ပွဲမှာ ကျမတို့နိုင်တာဖြစ်ပါတယ်။
ဒါပေမဲ့ အရင်တုန်းက နိုင်ခဲ့လို့ အခုပေါ့လို့ မရပါဘူး ။ အရင်တုန်းက နိုင်ခဲ့လို့ နောက်လူနိုင်မယ်ဆိုပြီးတော့ တွက်လို့မရဘူး ။တချိန်လုံးကြိုးစားနေရမယ် ။ အချိန်ကာလအရ ပြောင်းလဲသင့်တာတွေပြောင်းလဲပြီးတော့ ကျမတို့ ကြိုးစားနေရပါမယ်။ ဒီမိုကရေစီအရ ပြည်သူများဟာ စိတ်ပြောင်းပိုင်ခွင့်ရှိတယ်။ မိမိတို့ရဲ့ ဆန္ဒအရ ရွေးချယ်ချင်တဲ့သူကို ၊ ရွေးချယ်ချင်တဲ့ ပါတီကို ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ပြည်သူက ရွေးချယ်ချင်အောင်လုပ်ဖို့တာဝန်ဟာ ကျမတို့ အဖွဲ့ချုပ်မှာ ရှိသင့်တယ်။ အဖွဲ့ဝင် တစ်ဦးချင်း ၊တစ်ဦးချင်းရဲ့ တာဝန်ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီနှစ်ဟာ ကြိုးစားရမယ့် နှစ်ပါ။ တကယ်ကို ကြိုးစားရမှာက နိုင်ငံရဲ့ အနာဂတ်အတွက် ကြိုးစားရမှာပါ။
နိုင်ငံ့အနာဂတ်အတွက် အင်မတန်မှ အရေးကြီးတဲ့ နှစ်ဖြစ်ပါတယ်။၁၉၉၀ ခုနှစ် တုန်းက ပြည်သူတွေဟာ မိမိတို့နိုင်ငံရဲ့ ကံကြမ္မာကိုဖန်တီးနိုင်ခွင့်ရခဲ့တယ်။ အဲဒီ အခွင့်အရေးဟာ အဟောသိကံဖြစ်သွားရတယ်။ နောင်ဒီလိုမဖြစ်အောင် ကျမတို့အားလုံးဝိုင်းဝန်းပြီးတော့ တညီတညွှတ်တည်း လုပ်သွားရမှာဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် ရွေးကောက်ပွဲများအတွက် သတ်မှတ်ထားတဲ့ နိုဝင်ဘာလ ပထမအပတ်ဆိုတာကတော့ နောက်ဆုံးအချိန်လို့ သတ်မှတ်ထားတဲ့အချိန်ဟာတဖြေးဖြေး နီးကပ်လာပါပြီ။
ဒီအချိန် မရောက်ခင်ကာလမှာ ကျမတို့ နိုင်ငံမှာ တည်ငြိမ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အဲဒါလေးတော့ ကျမ သတိပေးပါရစေ။
နိုင်ငံရဲ့ မတည်ငြိမ်မှုကို အကြောင်းပြပြီးတော့ ရွေးကောက်ပွဲ လမ်းလွှဲသွားမှာကို မဖြစ်ပါစေနဲ့လို့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ အားလုံးကို မှာချင်ပါတယ်။ ပြည်သူလူထုကိုလည်း ဒီကနေပြီးတော့ တဆင့်မှာချင်ပါတယ်။ ဒီလိုတည်တည်ငြိမ်ငြိမ် နဲ့ နိုဝင်ဘာလမှာ ပထမဆုံးပတ်ကနေနောက်ဆုံးပတ်ထိစဉ်းစားရမယ့် ရွေးကောက်ပွဲ ဖြစ်မြောက်စေချင်တယ်။ ရွေးကောက်ပွဲ အလွန်ကာလမှာလည်း တည်တည်ငြိမ်ငြိမ် နဲ့ ကျမတို့ရဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို အကောင်အထည် ဖော်ထုတ်ပေးနိုင်မဲ့ ကာလတခုကို ထုဆစ်စေချင်တယ်။ဒီဟာအတွက် ကျမတို့ဟာ အလုပ်လုပ်နေတာဖြစ်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ အောင်နိုင်ရေးဆိုတဲ့ ဦးတည်ချက်ဟာ စောစောက ကျမပြောသွားသလို ကိုယ်နိုင်ရေး မဟုတ်ပါဘူး ။ ပါတီနိုင်ရေး မဟုတ်ပါဘူး ။ နိုင်ငံနိုင်ရေးဖြစ်ပါတယ်။ ဒီဟာအတွက် ဆက်ပြီးတော့လုပ်သွားပါမယ်။ ကျမတို့ မေးစရာတွေတော့ အများကြီးပါပဲ။ ကျမတို့ အဖွဲ့ချုပ်ဟာ ပြည်သူလူထုရဲ့ စေတနာကို အားကိုးပြီးတော့ ရပ်တည်နေရတာပါ ။ ခပ်တိုတိုပြောလို့ရှိရင် ကျမတို့ဟာ ချမ်းသာတဲ့ အဖွဲ့ မဟုတ်ပါဘူး ။
ဒါပေမဲ့ ကျမတို့ဟာ ကျမတို့ပြည်သူလူထုရဲ့ ဆင်ခြင်တုံတရားကို ယုံကြည်တယ်။ ကျမတို့ ပြည်သူလူထုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မချမ်းသာတာဟာ တိုင်းပြည် အတွက် ကောင်းတယ်ဆိုတာ သဘောပေါက်တယ်လို့ ကျမယုံကြည်တယ်။ တချို့ကနေပြီးတော့ ကျမတို့ ကိုယ်စားလှယ်လောင်းတွေကို မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းစာရင်းတွေ၊ တင်ခိုင်းလိုက်လို့ရှိရင် ဒီကိုယ်စားလှယ်လောင်းဟာ ဆင်းရဲလှချည်ဆိုပြီး အထင်သေးသွားမလား ဆိုပြီးတော့ စိုးရိမ်ကြတယ်။ ကျမကတော့ ပြည်သူတွေကို ယုံကြည်တယ်။ ကျမတို့ ကိုယ်စားလှယ်လောင်းတွေ ဆင်းရဲတာထက် ချမ်းသာတာကို ပိုပြီးတော့ ကြိုက်မှာမဟုတ်ဘူးလို့ ကျမယုံကြည်ပါတယ်။ ဒါကြောင့် ပစ္စည်းဥစ္စာအရချမ်းသာတာထက် စိတ်ချမ်းသာတာက ကျမတို့ အဖွဲ့ချုပ်က အဖွဲ့ဝင်တွေအားလုံးဟာ စိတ်ချမ်းချမ်းသာသာ ၊ နှလုံးသား ခိုင်ခိုင်မာမာနဲ့ ခုဒီနှစ်မှာ ရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတွေအားလုံးကို အောင်အောင်မြင်မြင် နဲ့ ရင်ဆိုင်နိုင်စေချင်ပါတယ်။
မတိုက ကိုယ်စားလှယ်လောင်းတွေ နဲ့ ပတ်သက်လို့ တော်တော်အကျယ်တဝင့်ပြောသွားရတဲ့ ကိစ္စဟာ ဒီအချိန်ဒီအခါကာလမှာ အဖွဲ့ချုပ်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝင်မလား၊ မဝင်လားဆိုတာကို ဆုံးဖြတ်မယ်။ ဆုံးဖြတ်ပြီးတာနဲ့ ကျမတို့ ကိုယ်စားလှယ်လောင်းတွေစပြီးတော့ ရွေးပါမယ်။ ရွေးတဲ့အခါမှာ ကိုယ် ကိုယ်စားလှယ်လောင်းမဖြစ်ရလို့ ၊ကိုယ့်မိတ်ဆွေမဖြစ်ရလို့ ဆိုတဲ့ ပြဿနာတွေဟာ အတိုင်းအတာတခုအထိတော့ ပေါ်လာလိမ့်မယ်လို့ ကျမက ထင်ပါတယ်။အဲဒီတော့ ဒီလို ပြဿနာ လုပ်ချင်တဲ့ပုဂ္ဂိုလ်များ အားလုံးဟာ ကိုယ့်ကိုယ်ပြန်ဆင်ခြင်ကြပါ။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာအတွက် ၊ကိုယ့်ရဲ့ ပါတီရဲ့ဂုဏ်သိက္ခာ ၊ ကိုယ့်ရဲ့ နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ဂုဏ်သိက္ခာ ရှိရှိနဲ့ နောက်ဆုတ်ပေးကြတဲ့ လူပုဂ္ဂိုလ်များဖြစ်စေချင်ပါတယ်။ ကျမတို့ အခုလုပ်နေတဲ့ အလုပ်တွေဟာ ကိုယ့်အတွက် တွက်ချည်းပဲမဟုတ်ဘူးဆိုတာကို သတိထားစေချင်ပါတယ်။ နေရာရဖို့ မဟုတ်ဘူး ။ ကုလားထိုင်ထိုင်ဖို့ မဟုတ်ဖူးဆိုတာကိုလည်း ခေါင်းထဲမှာမှတ်ယူထားရမယ်။ ကုလားထိုင်ဆိုလို့ ဦးစိုးညွန့်ကို ပြောရမယ်။
ရှေ့တန်းကိုလည်းနောက်တန်းလေးတွေ ကုလားထိုင်ပေးပါလို့။ရှေ့တန်းက ကုလားထိုင်တွေက ထိုင်ရတာ ကောင်းတော့ ထိုင်ပြီးလို့ရှိရင် ထရတာအင်မတန်ခက်တယ်။နောက်ဆိုလိုရှိရင် နောက်တန်းရှေ့တန်း မခွဲပဲနဲ့ တပုံစံတည်းလုပ်ပေးပါလို့ ကျမအနေနဲ့ ဦးစိုးညွန့်ကို မေတ္တာရပ်ခံပါရစေ။ နောင်ကျမတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပွဲတိုင်းမှာ အနောက်က ခုံတွေနဲ့ ရှေ့ကခုံတွေ တပြေးညီပဲ ဖြစ်ပါစေ။ ရှေ့က ခုံတွေ က ပိုပြီးမာရင်ကောင်းမယ်။ ဒါမှ ရှေ့တန်းထိုင်ချင်တဲ့သူတွေ သဘောပေါက်သွားအောင်လို့ ။(ရယ်လျက်)
အခုဆိုလို့ရှိရင် ကျမက အချိန်စေ့သွားပါပြီ။ ကျမတို့မှာကံကောင်းတာက ကျမတို့အောင်နိုင်ရေးကို ဦးဆောင်နေတာဟာ ဘဘဦးတင်ဦး ဖြစ်ပါတယ်။ နိုင်ငံ့အတွက် စံပြ၊ စစ်ရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊လူမှုရေးခေါင်းဆောင် ဖြစ်တယ်။ ကျမတို့ ဒီလိုခေါင်းဆောင်တွေကိုရှိသားနဲ့ ဒီရွေးကောက်ပွဲကို မနိုင်နိုင်ဘူးဆိုရင် တော်တော်ညံ့တယ်လို့ပြောရမှာပဲ။ ဘဘဦးတင်ဦး လို ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့ထားပြီးတော့ လာမည့်ရွေးကောက်ပွဲကို ဝင်မှ ကျမတို့ရဲ့ အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအတွက် တစ်ရာရာခိုင်နှုန်း လူထုအောင်ပွဲ ဖြစ်ပါစေလို့ ကျမက ဆန္ဒပြုရင်း နိဂုံးချုပ်ပါတယ်ရှင်။