သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး – လွတ်လာသောကျောင်းသားများနှင့် မတူသောအမြင်များ


မောင်မောင်စိုး – လွတ်လာသောကျောင်းသားများနှင့် မတူသောအမြင်များ

(မိုးမခ) ဧပြီ ၁၀၊ ၂၀၁၆

၁။ 7/4/2016 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကြေငြာချက် ထွက်လာပြီး 8/4/2016 နေ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကိုမျှော်ရသည်။ အထူးသဖြင့် သာယာဝတီထောင်မှ ကျောင်းသားများ လွတ်မည့်သတင်းကို အထူးအလေးအထား မျှော်လင့်ခဲ့သည်။ သာမန် လွတ်ငြိမ်းချမ်းသာခွင့်မျိုးမဟုတ်သည့် ယခင်အစိုးရဟောင်းက စွဲဆိုထားသည့် အမှုများကို ယခုအစိုးရသစ်က ပြန်ရုပ်သိမ်းပြီး အမှုကိုပလပ်လိုက်သည့်နည်း လမ်းဖြင့်ဖြေရှင်းသည်။ တရားရုံး လုပ်ထုံးလုပ်နည်းများစွာဖြတ်သန်း၍

ညနေစောင်းတွင် စတင်လွတ်သည်။ အချို့မိုးချုပ်မှလွတ်သည်။

၂။ NLD အစိုးရသစ်သည် သာယာဝတီထောင်မှတရားစွဲဆိုခံထားရသော  ကျောင်းသားများလွတ်ရေးကို ဦးစားပေးဆောင်ရွက်သည်ကို တွေ့ရသည်။ ကျောင်းသားများလွတ်၍ အထူးပျော်ရွှင်ဝမ်းမြောက်မိပါသည်။

၃။ ကျောင်းသားများလွတ်ပြီး နောက်တရက် 9/4/2016 တရက်လုံး onlineပေါ်တွင် ဖတ်ရသည်များက စိတ်မချမ်းသာဘွယ်ရာဖြစ်သည်။

၎။ ကျောင်းသားများ၏ လှုပ်ရှားပြောဆိုမှု သို့တည်းမဟုတ် ကျောင်းသား အချို့၏လှုပ်ရှားပြောဆိုမှုတွင် အားနဲချက်အချို့ ရှိကောင်းရှိမည် သို့တည်းမဟုတ် မတူသောအမြင်များရှိကောင်းရှိနိုင်ပါသည်။ ထို့ပြင် မိမိတစ်ဦးတည်းအရ လက်မခံနိုင်သည်လည်းရှိ လက်ခံနိုင်သည်လည်းရှိသည်။ သို့သော် မည်သို့ပင်ဖြစ်စေ ကျောင်းသားများသည် ပြည်သူထဲက ပြည်သူများဖြစ်သည်။ပြည်သူ တွေ၏သားသမီးများဖြစ်သည်။ သူတို့၏ မတူသောအမြင်များ လုပ်ဟန်များကို ဆွေးနွေးထောက်ပြသွားမည်။ အပြန်အလှန် ငြင်းခုံ၍ အဖြေရှာသွားမည်။

တဖက်ကလည်း သူတို့၏ အမြင်များကို လေးလေးစားစား နားထောင်သွား မည်ဟု ခံယူပါသည်။

၅။ တချိန်လုံးပြည်သူများ၏ ဂုတ်ပေါ်ခွစီးလာသော စစ်ဗိုလ်ချုပ်ကြီးများနှင့်ပင် လက်တွဲ၍ အမျိုးသားရင်ကြားစေ့လုပ်နိုင်လျင် ပြည်သူထဲကကျောင်းသားများ နှင့် ဆွေးနွေးညှိနှိုင်း အဖြေမရှာနိုင်စရာအကြောင်းမရှိဟုထင်ပါသည်။ ဒီမိုကရေစီနိုင်ငံသစ်အတွက်လှမ်းချီရာတွင် ထိုကျောင်းသားများအား လက်တွဲမခေါ် သွားစရာ အကြောင်းမရှိပေ။

၆။ လွတ်လာသောကျောင်းသားများသည် အလံများလွှင့်၍ ရွှေတိဂုံဘုရားပေါ် တက်သည်။ သခင်ကိုယ်တော်မှိုင်းဂူဗိမ္မာန်သို့သွားရောက်အလေးပြုကြသည်။ အတော်ဝမ်းသာစရာကောင်းသည့်မြင်ကွင်းဖြစ်သည်။ အဘယ်ကြောင့်ဆို သော် လွန်ခဲ့သေယကာလများက နီနီးကပ်ကပ်ဆိုရသော် လွန်ခဲ့သော ၁၀ ရက် ကျော်ခန့်ဆိုလျင် ဤကဲ့သို့သာကျောင်းသားများချီတက်ပါက လုံထိန်းများတင် ထားသော ကားတန်းများကို တွေ့ရမည်။ နံပတ်တုတ်များ ဒိုင်းများတလွှားလွှား တွေ့ရမည်။ သံဆူးကြိုးအရံအတားများ တွေ့ရမည်။ ဘယ်တော့ပစ်ကြခတ်ကြ ရိုက်ကြနှက်ကြ ဖမ်းကြဆီးကြဖြစ်ကြမလဲဟု ရင်တထိတ်ထိတ်နေရပေမည်။ ယမန်နေ့ညက ထိုအချင်းအရာများလုံးဝမရှိ။ NLD အစိုးသစ်လက်ထက် ဝမ်းသာစရာ အပြောင်းအလဲတခုဖြစ်သည်။ ရန်ကုန်တိုင်းအစိုးရသစ်သည် သက်တောင့်သက်သာဖြတ်သန်းသွားသည်ထင်ပါသည်။ခေတ်တခုပြောင်းလဲ

ခြင်းအစကို မျက်ဝါးထင်ထင်မြင်ရသည့်အချက်တခုဖြစ်သည်။

၇။ ထိုပြင် NLD အစိုးရသစ်လက်ထက် ပညာရေးစနစ်နှင့်ပတ်သက်၍ဖြစ်စေ ပညာရေးဝန်ကြီးကိုမကြေနပ်၍ဖြစ်စေ ပါမောက္ခချုပ်ကိုမကြေနပ်၍ဖြစ်စေ လွတ်လွတ်လပ်သပိတ်မှောက်ခွင့်ရကြမည်ထင်သည်။ စစ်အာဏာရှင်လက် ထက်က ပိတ်ပင်တားဆီးခံခဲ့ရသော အကြမ်းဖက်ဖြိုခွဲခံခဲ့ရသော ကျောင်းသား သပိတ်များကို ဒီမိုကရေစီစနစ်ကျင့်သုံးသော NLD အစိုးရသစ်လက်ထက်တွင် တွေ့မြင်ရပါက ကျနော်တို့ဒီမိုကရေစီ တကယ်ရပြီဗျဟု ဆိုနိုင်ကြပေမည်။NLD အစိုးရသစ်သည် ယခင်အာဏာရှင်အစိုးရနှင့် အရင်းခံမှကွဲလွဲကြောင်း ပြသနိုင်သည့်အချက်လည်းဖြစ်သည်။

၈။ ဒုတိယကမ္ဘာစစ်ကာလက စစ်ပွဲများလဲကြောက်ရ ဒါးပြတောကြောင်များလည်း ကြောက်ရသဖြင့် ကျေးလက်များတွင် ညဆိုလျင်  တိတ်ဆိတ်ငြိမ်သက်နေကြရသည်။ အခြေအနေလေးအေးချမ်းရင်ဖြင့် ကာလသားများ ရွာရိုးလျောက်၍ သီချင်းဆိုသံကြားရသည် ။ ထိုသို့သီချင်းသံကြားရသည်မှာ ရပ်ရွာအေးချမ်းသည့်နမိတ်ဖြစ်ပေရာ ” အသံကောင်းချင် ကောင်း မကောင်းချင်နေ ” ဟု၍ မောင်သာရရေးဖွဲ့ဖူးသည်။

၉။ လွတ်လပ်စွာ ပြောဆိုခွင့် လွတ်လပ်စွာစည်းရုံးခွင့် လွတ်လပ်ဟောပြောခွင့် လွတ်လပ်စွာစီတန်းလှည့်လည်ခွင့် တို့ဆိုသည်မှာ အခြေခံဒီမိုကရေစီအခွင့်အ ရေးများဖြစ်သည့်အားလျော်စွာ NLD အစိုးရသစ်လက်ထက်တွင် ထိုအခွင့်အ ရေးများရသည်မှာ ဂုဏ်ယူဖွယ်ဖြစ်သည်။

၁၀။ ခေတ်အဆက်ဆက် အာဏာရှင်အစိုးရများသည် ကျောင်းသားများကို ရန်သူသဘွယ်သဘောထားခဲ့သည်။ လက်ရှိ NLD အစိုးရသစ်သည်၎င်း ဒေါ် အောင်ဆန်းစုကြည်သည်၎င်း ထိုသဘောထား ပြောင်းပြန်လိုက်လိုက်ပြီဟု ထင်ပါသည်။ ကျောင်းသားများကို အလေးထားမှုရှိသည့်အစိုးရတရပ် အဖြစ် စတင် ရပ်တည်ပြီဟုထင်ပါသည်။

၁၂။ အနောက်တိုင်းဒီမိုကရေစီနိုင်ငံများတွင် ကျောင်းသပိတ်တိုက်ပွဲများကို ရင်ဆိုင် ဖြေရှင်းရာတွင် ” ကျောင်းသားကို ဆွေးနွေးရာတွင် လူကြီးတယောက် သဘွယ်အလေးထားဆက်ဆံပါ ” ” သူတို့ကို အပစ်ပေးဘို့လိုလျင် ကလေး တယောက်အဖြစ်သဘောထားပါ ” ဟုဆိုပါသည်။ ပြီးခဲ့သောကာလက မြန်မာပြည်တွင် သပိတ်မှောက်ကျောင်းသားများကို စစ်အစိုးရက ဆွေးနွေးဖို့ဆိုလျင် ကလေးလိုသဘောထားကြသည်။ အလေးမထားကြ။အပေါ်စီးက ဆက်ဆံကြ သည်။ အပစ်ပေးလျင်တော့ လူကြီးကဲ့သို့ အပစ်ပေးသည်။ အရွယ်နှင့်မမျှ နှစ်ရှည်ထောင်ဒဏ်မှ သေဒဏ်ထိ အပစ်ပေးခဲ့ကြသည်။ ထိုသဘောထားများပြောင်းချိန်တန်ပြီဟုထင်ပါသည်။

၁၃။ သို့ဖြစ်ရာ ယမန်နေ့ကလွတ်လာကြသော သပိတ်တိုက်ပွဲဝင်ကျောင်းသားများသည် ပြည်သူထဲကပြည်သူများသာဖြစ်သည်။ မတူကွဲလွဲမှုများရှိပါကလည်း ဆွေးနွေးငြင်းခုံအဖြေရှာရမည့်သူများဖြစ်ပါသည်။ သူတို့သည် ရန်သူများ မဟုတ်ပါ။ သူတို့သည် ပြည်သူများ၏သားသမီးများသာဖြစ်သည်။သူတို့၏ ငယ်ရွယ်မှု တက်ကြွမှု တို့နှင့်အတူ သူတို့ရင့်ကျက်ရန်လိုအပ်မှု အတွေ့အကြုံ လိုအပ်မှုတို့ကို အသိမှတ်ပြုရပေမည်။

၁၄။ မတူကွဲပြားသော အမြင်များကို လွတ်လပ်စွာဆွေးနွေးငြင်းခုံအဖြေရှာသည့် ယဉ်ကျေးမှုထွန်းကားစေချင်ပါသည်။ မတူသောအမြင်ရှိပါက ထိုးနှက် တိုက်ခိုက်အပုတ်ချသည့် ကာလများ ကုန်ဆုံးစေချင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts