ဖိုးထက်

Phoe Htet – Essay

အဆင်မပြေသော ခရီးတစ်ခေါက်
ဖိုးထက်
မေ ၁၃၊ ၂၀၁၃


ပြီးခဲ့တဲ့ လ သင်္ကြန်တွင်းမှာ ကျွန်တော် ခွင့်ရက်ရှည်ရသည်။ ခွင့်ရက်ရှည်မရခင်ကတည်းက ရက်တွေကို လက်ချိုးရေတွက်ပြီး မြန်မာနိုင်ငံအလည်ပြန်ရင် ဘာတွေလုပ်မယ်။ ဘာတွေစားမယ်။ ဘယ်နေရာတွေသွားမယ်။ ဘယ်သူတွေနဲ့တွေ့မယ် စသည့် အစီအစဉ်တွေ၊ စိတ်ဇောတွေနှင့် အမိမြေကို မျှော်လင့်ခြင်းကြီးစွာဖြင့် ပြန်သွားခဲ့သည်။
ပြီးတော့ သင်္ကြန်ကို ကျွန်တော်ဝေးနေခဲ့တာ ကြာပါပြီရောလား။ သင်္ကြန်ကျပြီဆိုလျှင်ဖြင့် အကြိုနေ့က စထွက်ပြီး နှစ်ဆန်း တစ်ရက်နေ့အထိ အိမ်မပြန်တမ်း ကဲသဲခဲ့သည့် စိတ်က အနည်ထိုင်စပြုလာပေမယ့် အရှင်းကြီး ပျောက်သွားတာတော့ မဟုတ်။ ဒီတော့ သင်္ကြန်တွင်းမှာ ခွင့်ရပြီဆိုသည့် အူးမြူးစိတ်ကြောင့် ရန်ကုန်လေယာဉ်ကွင်းမှာ လေယာဉ်ဘီးချကတည်းက ပါးစပ်ဖျားသို့ သင်္ကြန်သီချင်းတွေ ရောက်လာတော့သည်။
အိမ်လွမ်းစိတ်ဆိုတာ လူတွေမှာသာ ရှိတယ်လို့ တစ်နေရာမှာ ကျွန်တော်ဖတ်ဘူးသည်။ ဆော်လမွန်ငါးတွေ အိမ်ပြန်တာ၊ မြေခွေးတွေ သားရဲတွင်းကို မရောက် ရောက်အောင်ပြန်တာ စတဲ့ တိရစ္ဆာန်တွေကျတော့ ဗီဇစိတ်ကြောင့်ဖြစ်တာတဲ့။ လွမ်းတယ် ဘာရယ်ကြောင့်မဟုတ်ဘူးတဲ့လေ။ ဟုတ်တာ မဟုတ်တာ အသာထား။ အိမ်လွမ်းစိတ်က လူတွေမှာသာ ရှိတယ်ဆိုတဲ့ အဆိုကို ကျွန်တော် သဘောကျသည်။
လေယာဉ်ကွင်းကနေ အိမ်ကိုအပြန် Taxi ပေါ်ကနေ ရန်ကုန်မြို့ကြီးကို လိုက်ကြည့်မိနေခဲ့သည်။ အပြောင်းအလဲ ကြီးကြီးမားမား ဘာမှ မရှိ။ အနည်းအငယ်သပ်သပ်ရပ်ရပ် ရှိလာသလိုတော့ စိတ်က ထင်မိသည်။ လေရှူရတာတော့ အရင်လို သစ်နံ့ ၀ါးနံ့တွေ ရဆဲ။ ပိတောက်နံ့သင်းသင်းလေးတောင် ရနေတယ်လို့ စိတ်က ထင်နေမိသည်။
သင်္ကြန်တွင်းမှာ အိမ်က ကလေးတွေကို လည်ဖို့ လိုက်ပို့မယ်ဆိုသည့် အဆိုတင်သွင်းသော်လည်း “အို..ခေတ်ကာလက ကောင်းတာမဟုတ်ဘူး။ သွားချင်ရင်တောင် ဟိုနား၊ ဒီနားလောက်ဘဲ တော်ရောပေါ့” ဆိုသည့် အဆိုက အနိုင်ရသွားသည်။ ကိုယ့်မြေ၊ ကိုယ့်ရေမှာဗျာ ဘာပူစရာရှိလဲလို့ စောဒက တက်တော့ ကိုယ့်မြေ ကိုယ့်ရေမို့ ပြောနေတာဟေ့ ဟု ဘုတောကြသည်။ သို့သော် ကလေးတွေကို အကြောင်းပြပြီး ကျွန်တော့် သင်္ကြန်ပိုးကို နှိမ်နင်းရန်အလို့ငှာ မိုင်ဒါကွင်းမှာ သင်္ကြန်ကစားကွင်းတွေ လိုက်ပို့မယ်ဆိုပြီး အိမ်မှ ချီတက်သွားကြသည်။
Sky Net က တိုက်ရိုက်လွှင့်နေတာကို ကြည့်ပြီး အလွန်ပျော်စရာကောင်းသော နေရာကြီးဆိုသည့် အသိကြောင့်လဲ ကလေးတွေက အားတက်သရော ရှိကြပါ၏။ ကလေးတွေအတွက် မိုင်ဒါကွင်းထဲမှာ ခရိုနီ၊ ပြာနက်တို့ ဖန်တီးထားသော ဆပ်ပြာမြုပ် ကစားကွင်း၊ ခပ်နိမ့်နိမ့် လေထိုး လျှောစီး စသည့် ကစားကွင်း အနည်းငယ်မှာ ကလေးတွေပီပီ ပျော်နေကြတာကို ကြည့်ပြီး ကြည်နူးမိသည်။ အရိပ်အာဝါဿမရှိ၊ လွင်တီးခေါင်ထဲမှာ ဖုန်တသောသော ဖြင့် ဆော့ကစားနေကြသော ကလေးလေးတွေကို ကျွန်တော်ကြည့်ပြီး သြော်..သူများနိုင်ငံတွေလို ဆယ့်နှစ်လရာသီ ဆော့လို့ရတဲ့ကစားကွင်းကြီးဆို ဘယ်လောက်ကောင်းမလဲလို့ တစ်ကိုယ်တည်း ကြိတ်တွေးမိသည်။
ကစားကွင်းဝင်ခွင့်လက်မှတ်က တစ်ယောက် နှစ်ထောင်ကျပ်။ ထို့အပြင် အထဲက ကစားနည်းတွေမှာ ကစားရဖို့က လက်မှတ်တစ်စောင် တစ်ထောင့်ငါးရာ။ သို့သော်လဲ နေပူကျဲတောက်အောက်မှာ ကစားခွင့်ရဖို့ လူတွေတန်းစီနေတာ လူတန်းကြီးက တစ်မျှော်တစ်ခေါ်။ ပြည်သူတွေအိတ်ကပ်ထဲက ပိုက်ဆံကို ဘယ်လိုနှိုက်ရမယ်ဆိုသည့် အသိကတော့ ဆိုရှယ်လစ်တွေ၊ ကွန်မြူနစ်တွေ၊ ဒီမိုကရေစီတွေ မရွေးဘူး ထင်ပါရဲ့လေ။
အရောင်စုံရှိနေသည့် ခရိုတွေကို ကျွန်တော်က စိတ်ပျက်တွေးတွေ ၀င်နေစဉ်မှာဘဲ တန်းစီကျင့် မရှိသည့် ကျွန်တော်တို့ လူမျိုးတွေကို သတိထားမိပြန်သည်။ တကယ်ဆိုတော့ ကစားကွင်းလေးတွေက ခပ်ကျဉ်းကျဉ်းမို့ အကန့်အသတ်ရှိသည်။ အလှည့်ကျ ၀င်ကြဖို့ တန်းစီဖို့မှလွဲပြီး အခြားမရှိ။ မိုးကျရွှေကိုယ်ခေတ်မှာ တန်းစီခြင်း ယဉ်ကျေးမှု ပျောက်ဆုံးနေကြသည်။ ရုပ်တည်ကြီးတွေဖြင့် နောက်က တန်းစီနေသော လူတွေကို မသိချင်ယောင်ဆောင်ကာ ဖြတ်ဝင်ကြသည်။ ရူးသလိုလို ပေါသလိုလိုဖြင့် ရှက်ရကောင်းမှန်းမသိ လူတန်းထဲကို ဇွတ်ဖြတ်ဝင်တိုးသည်။
ဒီလို ဖြတ်ဝင်သော လူတွေကို ကျွန်တော် သတိထားကြည့်မိတော့ သစ်သစ်လွင်လွင်တောက်တောက်ပပ မိသားစုတွေများသည်။ ခပ်နွမ်းနွမ်းဖတ်ဖတ် မိသားစုလေးတွေက ရှေ့က ဖြတ်ဝင်နေသော ကားသော့ကြီး ခါးကြားမှ ပြူးနေအောင် ထိုးထားသည့်လူတွေ ဦးဆောင်သည့် မိသားစုတွေကို မျက်နှာငယ်လေးများဖြင့် မော့ကြည့်ကြရသည်။ လူတန်းထဲကို ရှေ့က ဖြတ်ဝင်နေသော လူတွေကို ကျွန်တော် စိတ်မသက်မသာ ကြည့်ရင်း နိုင်ငံခြားမှာ ကျွန်တော်နှင့် မျက်မှန်းတန်းမိရှိသော လူတစ်ယောက်ကို သွားတွေ့သည်။ သူ့မှာလဲ ကလေးတွေ တစ်ပြုံတစ်ခေါင်းကြီးပါလာသည်။ ကလေးတွေကို လူတန်းကြားထဲကို အတင်းကာရော ဇွတ်ထိုးသွင်းနေသည်။ နောက်က အသံထွက်ထွက်ချင်သည့် လူတွေကို နည်းနည်းမှ လှည့်မကြည့်။ သူအလုပ်လုပ်သော နိုင်ငံမှာ တန်းစီနေသော လူအုပ်ကြီးထဲသို့ ရှေ့က ဖြတ်ဝင်လို့ မရတာ ဒီလူ မသိစရာ အကြောင်းမရှိ။ ကျွန်တော့်ကို မြင်တော့ မျက်နှာလွှဲသွားပြီး “ဟိုကောင်တွေ..လုပ် ဂရုစိုက်မနေနဲ့။ ဒီလူတန်းနဲ့ဆို အကြာကြီး စောင့်ရမှာ။ နေပူတယ်။ လုပ်..လုပ်” ဆိုပြီး သူ့အသံကို အတိုင်းသား ကြားနေရသည်။ “အလွန်အတုယူဖွယ်ကောင်းတာဘဲဗျာ။ ဆက်ပြီး လက်ဆင့်ကမ်းသင့်တာပေါ့” ဆိုပြီး အငေါ်တူးစကားတွေ သွားပြောချင်စိတ်ကို မနည်းထိမ်းလိုက်ရပြန်သည်။
နောက်က စောင့်နေသည့် လူတွေကရော နေမပူရတော့ဘူးတဲ့လား။ ဒီလို တန်းစီပြီး အခွင့်အရေးကို စောင့်ရတယ်ဆိုတဲ့ အသိက သူ့လို စနစ်ကျနလှသည့် နိုင်ငံတစ်ခုမှာ အလုပ် လုပ်နေသော ခေတ်ပညာတတ်လူတွေမှာတောင် မရှိကြတော့ဘူးတဲ့လား။ မိုင်းဒါကွင်းထဲက ကျွန်တော်တို့ ပြန်အထွက်မှာတော့ ကလေးတွေက နေအပူရှိန်နှင့် ခပ်ဖျော့ဖျော့ဘဲ ရှိတော့သည်။ ကျွန်တော့် စိတ်အရောင်အသွေးတွေကရော အတောက်ပနိုင်တော့ပြီ။
သင်္ကြန်တွင်းမှာ အိမ်ပေါ်ကနေ လမ်းပေါ်ကို ငေးလိုက်၊ စာဖတ်လိုက်၊ ကွမ်းထွက်ဝယ်လိုက်၊ ကလေးတွေနဲ့ ကစားလိုက် လုပ်ရင်း သင်္ကြန်အပြီး အလုပ်ကို ပြန်ဖို့ ရက်အရှည်ကြီး ကျန်နေသေးတာကို ကျွန်တော် သတိထားမိလိုက်သည်။ ခရီးထွက်ရရင် ကောင်းမည်။ ဘယ်ကိုသွားမှာလဲ။ ကျွန်တော်တို့ တိုင်ပင်ကြသည်။ ပုဂံလား။ “April နေပူပူမှာ ကလေးတွေနဲ့ ပုဂံသွားဖို့ စဉ်းစားတာ နည်းနည်းမလွန် လွန်းဘူးလား။ မင်းနှယ်ကွယ်..” ဆိုတာကြောင့် ပျက်ရပြန်သည်။
စိမ်းစိမ်းစိုစိုရှိသည့် ရှမ်းပြည်ဘက် တက်ကြမလား။ ရှမ်းပြည် တောင်ပိုင်းလား၊ မြောက်ပိုင်းလား။လားရှိုး၊ သိန္ဓီဘက်ကနေ တရုတ်ပြည်ထဲအထိဆိုရင်ရော။ တရုတ်ပြည်တော့ ကျွန်တော် မသွားချင်။  တောင်ကြီး၊ အင်းလေးက ဒီအချိန်ဆိုရင် ရာသီဥတု မဆိုးဘူး။ ဖောင်တော်ဦးဘုရားထိ စက်လှေသွားလို့ရနေသေးတယ်ဆိုသည့် သတင်းစကားကလဲ ရောက်လာသည်။ ဒါဆိုရင် ဘာနဲ့ သွားကြမှာလဲ။ ကိုယ်ပိုင်ကားလေးနဲ့ဆို ကိုယ့်စိတ်ကိုယ်ပိုင် ရှိမှာပေါ့ ဆိုသည့်အတွေးကြောင့် ကားရဖို့ စီစဉ်ကြရသည်။ အမျိုးအဆွေတွေ ကောင်းမှုကြောင့် ကားရသည်။ ဒရိုက်ဘာ မခေါ်ဘဲ သွားကြမယ်ဆိုတော့ အိမ်က လူကြီးတွေက ခါးခါးသီးသီး တားကြသည်။ ကျွန်တော်ကလဲ ကျွန်တော်။ ကျွန်တော့်ကားမောင်းစွမ်းရည်ကို ကျွန်တော်ယုံသည်။ လမ်းတွေကို ကျွန်တော်မသိ။ သို့သော် ပါးစပ်ပါ ရွာရောက် ဆိုသည့် မြန်မာစကားပုံရှိတာဘဲမို့လား။ တောင်ကြီးလမ်းများ ကျွန်တော် ဘယ်နှစ်ခေါက် မောင်းဘူးမှန်းတောင် မမှတ်မိဘူး ဆိုသည့် အာပါတ်လွတ် စကားကို ပြောလိုက်ရသည်။ မမှတ်မိဘူးဆိုသည့် အဓိပ္ပါယ်က ကျွန်တော် မမောင်းဘူး ဘူးဆိုသည့် အဓိပ္ပါယ်။ လူကြီးများက ဘယ်လို သဘောပေါက်ကြသည် မသိ။ “ဒါဆိုရင်လဲ ဖြေးဖြေးမောင်းသွားကြပေါ့” ဟု ခွင့်ပြုချက်ကျလာသည်။
ကားသွားယူရတော့ မန္တလေးမှာ။ လမ်းစနစ်၊ လမ်းစည်းကမ်း၊ ကိုယ့်အသက်ကိုယ်မှ မသနားဘဲ ဦးထုပ်မဆောင်း ဘာမဆောင်း ဖြစ်ချင်တိုင်း ဖြစ်နေသည့် မန္တလေးမြို့လမ်းတွေပေါ်မှာ ကျွန်တော့် ကားမောင်းစွမ်းရည်ကို သံသယဖြစ်လာသည်။ သို့သော်လည်း ဒရိုက်ဘာတော့ မခေါ်ချင်။ ဒရိုက်ဘာပါလျှင် လွတ်လပ်ခွင့် အနည်းငယ် ဆုံးရှုံးတယ်လို့ ကျွန်တော် ခံစားမိသည်။ သူ့အတွက် စီစဉ်ရ။ သူ့ကို ခေါ်ရ။ ပြောရနှင့် အလုပ်တွေ ပိုလာနိုင်သောကြောင့် ခပ်ဖြည်းဖြည်းမှန်မှန်ဘဲ တောင်ကြီးမြို့သို့ ဦးတည်ပြီး မနက်ခပ်စောစောမှာ ကျွန်တော်တို့ မိသားစုထွက်လာကြသည်။
နိုင်ငံခြားမှာ ကျွန်သက်ရှည်နေသော ကျွန်တော့်အတွက် ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမသစ်ကြီးကို စိတ်တိုင်းမကျချင်။ အကွေ့တိုင်း အကွေ့တိုင်းမှာ မီတာ နှစ်ရာ၊ သုံးရာလောက်က စပြီး သတိပေး လမ်းညွှန်တွေက ရှိတစ်ချက်၊ မရှိတစ်ချက်။ ကွန်ကရစ်လမ်းမကြီးကလဲ ကားတာယာတွေအတွက် မကောင်းဘူးဆိုသည့် အသိကြောင့်လဲ အလွန်သတိထားမောင်းရသည်။ အမြန်လမ်းမကြီးပေါ်ကနေ မိထ္တီလာမြို့ကို ခွဲထွက်ပြီး ကန်ဘောင်ပေါ်ကို ဖြတ်တော့ မီးလောင်ထားသော နေအိမ်တွေကို မြင်နေရသေးသည်။ စိတ်မသက်သာစရာ။
ဒီလိုနဲ့ မသေချာရင် ဆင်းမေးလိုက်။ ဖြေးဖြေးမောင်းလိုက် လုပ်ရင်း ရွှေညောင်ရောက်တော့ နေ့လည်သုံးနာရီလောက်ရှိလေပြီ။ အင်းထဲဆင်းဖို့အချိန်မရှိတော့။ သင့်တော်ရာဟိုတယ်တစ်ခုမှာ ၀င်အိပ်ပြီး နောက်ရက် မနက်စောစော အင်းထဲသို့ ဆင်းကြသည်။ စက်လှေတွေက ရွှေညောင်ကနေ ဘုရားအထိ သွားလို့ရနေသေးသည်။ စက်လှေ တစ်ဖက် တစ်ချက်ရှိ “အင်းလေးကန်စိမ်းစိုသာယာလှပရေးအတွက် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူလုပ်ဆောင်နေပါသည်။” ဆိုသည့် ဆိုင်းဘုတ်ကို ကြည့်ပြီး အစိုးရ၀န်ကြီးဌာနတွေကို လူတွေ ယုံကြည်မှုရဖို့ ဆိုင်းဘုတ်ထောင်မှလား။ အလုပ်တွေ လုပ်ပြလို့ မရဘူးလားလို့ တွေးမိပြန်သည်။ ဟဲရာရွာမ၊ အင်းလေးကန် လမ်းညွှန်မြေပုံ၊ ပိုးသတ်ဆေး အလွန်အကျွံမသုံးရ စသည့် ဆိုင်းဘုတ် အကုန်လုံးကို မြန်မာဘီယာ တံဆိပ်ကြီးနဲ့ တွဲတွဲမြင်ရတာ ကျွန်တော့်စိတ်ထဲက ဘ၀င်မကျလှ။ ကမ္ဘာက တန်ဖိုးထားသော ရေကန်ကြီးထဲမှာ ဆိုင်းဘုတ်တွေ ထောင်တာမှာတောင် စပွန်ဆာရှာရလောက်အောင် ကျွန်တော်တို့ မွဲနေကြပြီလား။
စက်လှေက အင်းရေကို ထိုးခွဲပြီး လိုရာသို့ သွားနေသည်။ အင်းထဲက ဟိုတယ်တွေကို ဟိုမှာ တစ်ခု၊ ဒီမှာ တစ်ခု မြင်ရသည်။ အင်းရေထဲမှာ ဆောက်ထားသော ဟိုတယ်တွေ၏ ဘေးထွက်အမှိုက်တွေ၊ အညစ်အကြေးတွေကို ဘယ်လို စွန့်ပြစ်ကြသလဲ မသိဘူးဟု တွေးမိပြန်သည်။ ISO လက်မှတ်တွေ ဘာတွေနဲ့ သေချာ စစ်ကြရင် သိပ်ကောင်းမှာဘဲလို့ ကျွန်တော်တွေးမိသည်။
ကျွန်တော့် အဖျက်အတွေးတွေကို အင်းရေ စိမ်းစိမ်း၊ မြေနီတွေ အတိုင်းသား မြင်နေရသည့် တောင်တန်းကြီးတွေက ချော့မြူပေးသည်။ ဒါ ငါတို့မြေ၊ ငါတို့လေ ဆိုသည့် အတွေးတွေကြောင့် စိတ်က ကြည်လင် လန်းဆန်းလာသည်။ ခရမ်းချဉ်သီးတွေ အပြည့်အသိပ်တင်လာသော စက်လှေတွေ၊ ခြေဖြင့်လှေလှော်နေသော အင်းသားတွေကို ငေးရင်း နိုင်ငံခြားသားတွေမဆိုထားဘိ၊ နိုင်ငံသား ကျွန်တော်တောင်မှ တန်ဖိုးထားတတ်လာသည်။ အတွေးအစဉ်တွေက အပြုသဘော ဆောင်လာသည်။
အင်းထဲကနေ ကျွန်တော်တို့ ပြန်ထွက်တော့ ညနေ လေးနာရီထိုးခါနီးလေပြီ။ တောင်ကြီးကို သွားလျှင် မှီနိုင်သေးသည်။ နောက်ရက်အတွက် အချိန်သက်သာနိုင်သည် ဆိုသည့်အတွေးကြောင့် တောင်ကြီးကို ကျွန်တော်တို့ ထွက်လာခဲ့သည်။ တောင်ကြီးရောက်တော့ နေရောင်မရှိတော့။ ရာသီဥတု အလွန်ကောင်းသည်၊ သန့်ရှင်းသပ်ရပ်သည်ဆိုသည့် နာမည်နှင့် ကျော်ကြားသည့် တောင်ကြီးမြို့က ကျွန်တော်တို့ မိသားစုကို ဆီးကြိုနှုတ်ဆက်သည်။
တောင်ကြီးရာသီဥတုက မန္တလေး၏ ၃၇ ဒီဂရီ စင်တီဂရိတ်ကို ပြက်ရယ်ပြုရလောက်အောင် နေထိုင်ကောင်းရုံ ခပ်အေးအေး ရှိသည်။ တောင်ကြီးက ဟော်တယ်တစ်ခုမှာ ကျွန်တော်တို့ တည်းရင်း တောင်ကြီးမှာ တာဝန်ကျနေသော ဦးလေးတစ်ယောက်ကို ဖုန်းဆက်သည်။ ဦးလေးက ကျွန်တော်နှင့် အနည်းငယ်စိမ်းသည်ဆိုပေမယ့် သူ စာအလွန်ဖတ်သည် ဆိုသည့် အသိကြောင့် ကျွန်တော်က ခင်တွယ်ရသည်။ သူက ပန်းချီလေး ဘာလေးလဲ ရေးတတ်၊ ခြစ်တတ်သေးသည်။ ပလေးဘွိုင်သန်းနိုင်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် ဂစ်တာတီးပြီး သီဆိုတတ်သည့် ဦးလေးကို တောင်ကြီးရောက်တုံးမှ မတွေ့ရရင် ကျွန်တော့်အလွန်ရှိနိုင်သည် မဟုတ်လား။
ညနေစာစာပြီးမှာတော့ ဦးလေး ဆိုင်ကယ်နောက်ကနေ လိုက်ရင်း တောင်ကြီးမြို့ကို ဇိမ်ခံဖို့ တူဝရီးနှစ်ယောက် ထွက်လာခဲ့သည်။ ဆိုင်ကယ်စီးသူတွေ ဦးထုပ်သေသေချာချာ ဆောင်းတာကြည့်ရင်း မန္တလေးမှာ ဘာလို့ စည်းကမ်းတင်းတင်းကျပ်ကျပ်မကိုင်သလဲ ဆိုသည့် မေးခွန်းကို ဦးလေးကို မေးကြည့်သည်။ မကိုင်ချင်လို့ပေါ့ကွာ ဆိုသည့် ဦးလေး အဖြေက တိုလှ၊ ရှင်းလှပေမယ့် တွေးစရာတွေ အများကြီး ရသည်။
ဦးလေးက ကျွန်တော်တို့ မိသားစုကို တောင်ကြီးတစ်ဝိုက် လည်စရာနေရာများကို အလုပ်မအားသည့်ကြားက လိုက်ပို့ပေးရှာသည်။ တောင်ကြီးမြို့ကြီးကို တောင်ပေါ်ဘုရားမှ စီးမိုးကြည့်ရင်း ဦးလေးက ရဲတိုက်ကြီးတွေလို ခမ်းနားလှသည့် အိမ်တွေကို လက်ညှိုးထိုးပြသည်။ ဘယ်လူကြီးအတွက် ဘယ်လူကြီးက ဆောက်ပေးထားတာ ဆိုသည့် ဦးလေး၏ ရှင်းပြသံတွေက စိတ်မချမ်းမြေ့စရာ။
ကျွန်တော်တို့ တောင်ကြီးက ပြန်ထွက်တော့ ဦးလေးက လိုက်မပို့နိုင်ရှာအား။ ၁၅၀၀ တန် တယ်လီဖုန်း ဆင်းကဒ်မဲဖောက်ဖို့ ကိစ္စတွေနှင့် အလုပ်ရှုပ်နေသည်။ တောင်ကြီးခရိုင်အတွက် ဆင်းကဒ် ၁၅၀၀ ချပေးတာမှာ စစ်ထောက်ချုပ် အမိန့်နှင့် ဆင်းကဒ် ၈၀၀ ယူသွားသည်ဆိုသည့် ဌာနတွင်းသတင်းကို ကျွန်တော့်စိတ်က မေ့လို့မရ။ စစ်တပ်နဲ့ ပြည်သူ အမြင်ကြည်ကြဖို့ နှစ်ဦးနှစ်ဖက်မှာ တာဝန်ရှိတယ်။ ပွင့်လင်းမြင်သာရမယ်..စတဲ့ နိုင်ငံရေး ဂုရုကြီးတွေများ သိရင် ပါးစပ်ပိတ်သွားနိုင်သည်။
တောင်ကြီးကနေ ပျော်ဘွယ်၊ ပျော်ဘွယ်မှ တပ်ကုန်းအထိ လမ်းအဟောင်းပေါ်မှာ ကျွန်တော် ကားကို သပ်သပ်ရပ်ရပ် အန္တရာယ်မရှိအောင် မောင်းလာသည်။ တပ်ကုန်းရောက်တော့ ကွန်ကရစ် အမြန်လမ်းမကြီးပေါ်သို့ တက်သည်။ နေပြည်တော်ကြီးလမ်းမကြီးတွေပေါ်မှာ တစ်မေ့တစ်မောမောင်းရင်း သစ်လွင်တောက်ပသည့် အဆောက်အဦးများ၊ လမ်းများ၊ လမ်းပြစနစ်များကိုကြည့်ရင်း ရန်ကုန်ပြန်ရောက်မှာ ကျွန်တော် စိုးရိမ်လာသည်။ ရန်ကုန်မှာ ကားတွေ အရမ်းကြပ်နေတာကို သိထားသော ကျွန်တော့်အတွက် ကားမောင်းရတာ ခြေ၊ လက်တွေ တုန်ချင်လာသည်။
မည်သို့ပင်ဖြစ်စေ ခပ်ဖြေးဖြေး လေးလေး မောင်းရင်း ရန်ကုန် ပြန်ရောက်တော့ မိုးစုပ်စုပ်ချုပ်လေပြီ။ ကျွန်တော့်ခွင့်ရက်တွေလဲ ပြည့်လို့ ပြန်ထွက်ရပေအုံးမည်။ အလုပ်တွေ လက်စ မြန်မြန်သပ်၊ ကားပြန်ပို့ဖို့ စီစဉ်အပြီးမှာတော့ ကျွန်တော့်လေယာဉ်ထွက်ရမည့် နေ့နှင့် ကွက်တိ ဖြစ်နေတာ ကံကောင်းသည်လို့ ဆိုရမည်။
လေယာဉ်ကွင်းရောက်တော့ အိမ်က လိုက်ပို့သော မိသားစုကို စောစောပြန်လွှတ်လိုက်သည်။ လူဝင်မှုကိုကြီးကြပ်ရေးကို အဖြတ်မှာ ကျွန်တော့် နိုင်ငံကူးလက်မှတ် အနီလေးကို ကြည့်ပြီး စစ်ဆေးသူ အရာရှိက ခွင့်ပြန်လာတာလားဟု မေးသည်။ “ဟုတ်ကဲ့ ခင်ဗျ” ဟု ယဉ်ယဉ်ကျေးကျေး ကျွန်တော့်အဖြေက သူ့ကို အားတက်သွားစေသည်လား မသိတတ်။ “အဆင်ပြေရင် တစ်ဆယ်လောက် ထားခဲ့ကွာ” ဆိုသည့် စကားသံကို ဆက်ပြီးကြားလိုက်ရသည်။ ကျွန်တော် အလွန်ဝမ်းနည်းရပါသည်။ စိတ်ဆိုး၊ စိတ်ကုန်တွေမဖြစ်ဘဲ ၀မ်းနည်းစိတ်ကသာ လွှမ်းမိုးလာသည်။ ၀တ်စုံဖြူဖြူသန့်သန့်ဝတ်ထားသည့် နိုင်ငံတံခါးပေါက်စောင့် အရာရှိတစ်ယောက်က ဒီလို တစ်ဆယ်၊ နှစ်ဆယ် တောင်းနေရတာ သူကိုယ်တိုင်လဲ လုပ်ချင်မှာမဟုတ်။ သို့သော် သူ့နှုတ်ဖျားက မပြောသင့် မပြောအပ်သော စကားကို ပြောထွက်ခဲ့သည်။ သူ့အတွက်ရော၊ မြန်မာနိုင်ငံသား ကျွန်တော့်အတွက်ပါ အလွန်ဝမ်းနည်းသွားသောကြောင့် “အဆင်မပြေဘူးဗျာ” လို့ ကျွန်တော် အဖြေပေးမိခဲ့သည်။
အဆင်မပြေဘူးဗျာ ဆိုသည့် ကျွန်တော့်စကား အဓိပ္ပါယ်က ဘာကို ဆိုလိုတယ်ဆိုတာ အရာရှိကြီးမှ သိပါလေစ။ ကျွန်တော်တို့ အဆင်မပြေဖြစ်နေကြတာ မဟုတ်ဘူးလား။ နိုင်ငံကို ရှေ့ဆက် သွားကြမယ်၊ လုပ်ကြမယ်လို့ ပြောကြရင်း ကျွန်တော်တို့ အဆင် မပြေဖြစ်နေကြတာ မဟုတ်ဘူးလား။ ပြည်သူတွေ လက်ထဲမှ ၈၀၀ သော တယ်လီဖုန်း ဆင်းကဒ်ကို ယူသွားသော စစ်ထောက်ချုပ်ကြီးလဲ အဆင်မပြေလို့ နှုတ်မိန့်ပေးရသည်။ တစ်ဆယ် ဒေါ်လာလောက်ဟု ရှေ့မျက်နှာ နောက်ထားပြီး တောင်းရသော လူဝင်မှုကြီးကြပ်ရေး အရာရှိသည်လည်း အဆင်မပြေလို့ တောင်းရရှာသည်။ ကျွန်တော်ကိုယ်တိုင်ကရော။ ပြည်တွင်းမှာ အဆင်မပြေလို့ နိုင်ငံခြားမှာ ကျွန်ထွက်ခံပြီး အလုပ် လုပ်ရတာ မဟုတ်ပေဘူးလား။ အရာအားလုံးက အဆင်မပြေစွာ ရှိနေတာဘဲ မဟုတ်ဘူးလား။ အဆင်ပြေအောင် ကျွန်တော်က စရမှာလား။ စစ်ထောက်ချုပ်က စရမှာလား။ လ၀က အရာရှိက စရမှာလား။ လူတန်းထဲကို ဇွတ်ဖြတ်ဝင်နေသော နိုင်ငံခြားမှာ အလုပ်လုပ်နေသည့် ခေတ်ပညာတတ် ကျွန်တော့် မိတ်ဆွေက စရမှာလား။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျွန်တော်တို့ အဆင်မပြေ ဖြစ်နေကြတာတော့ သေချာလှသည်။ အဆင်ပြေဖို့ ကျွန်တော်တို့ ဘယ်က စရမလဲ ဆိုတာ တွေးရင်း ကျွန်တော်စီးလာသော လေယာဉ်ကြီးက အမိမြေကြီးနဲ့ ဝေးရာသို့ ပျံသန်းလာနေခဲ့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts