ဖိုးထက်

Phoe Htet- Essay

ဆူနာမီ၏ ချစ်ခြင်းမေတ္တာတရား
ဖိုးထက်
သြဂုတ် ၂၆၊ ၂၀၁၃


ကမ္ဘာပေါ်ရှိ သက်ရှိ သတ္တ၀ါတွေအကုန်လုံးမှာ ဖျော်ဖြေရေး ရှိသလား၊ မရှိဘူးလား မသေချာ။ ငှက်ကလေးတွေ တေးဆိုတာ၊ လိပ်ပြာလေးတွေ တောင်ပံခတ်တာ၊ သူတို့တစ်တွေ မိတ်လိုက်တာ စတာတွေက သူတို့ အသိုင်းအ၀ိုင်းအတွက် ဖျော်ဖြေရေးဟုဆိုလျှင် လူဆိုသည့် သတ္တ၀ါကိုတော့ ဘယ်လိုမှ မမှီနိုင်။ ကျွန်တော်တို့က ဖျော်ဖြေရေးအတွက် စာရေး၊ စာဖတ်နိုင်သည်။ သီချင်း ဆိုနိုင်၊ နားထောင်နိုင်သည်။ ပန်းချီဆွဲနိုင်သည်။ အတင်းပြောနိုင်သည်။ ရည်တွက်လို့ မရည်မတွက်နိုင်သော အပန်းဖြေစရာ ဖျော်ဖြေရေးတွေကြားမှာ ရုပ်ရှင်ကြည့်ခြင်းသည် လူတွေ အကုန်လုံးနီးပါး လွယ်လွယ်ရနိုင်သည့် ဖျော်ဖြေရေး ဖြစ်သည်။ ဟိုး ပိစိကွေးလေးတွေအတွက် ကာတွန်းကားတွေမှသည် လူကြီးတွေ၊ 18+ တွေသာ ကြည့်နိုင်သည့် ဇာတ်လမ်းတွေအထိ။ 
ကျွန်တော်လဲ အချိန်အားရလျှင် ရသလို ရုပ်ရှင်ကြည့်သည်။  ရုပ်ရှင်နှင့် ပါတ်သက်လျှင် ကျွန်တော်က အနည်းငယ် ဂျီးများသည်။ စိတ်အပန်းပြေစေဖို့ ရုပ်ရှင်ကြည့်တာ မှန်ပေမယ့် လူလွန်မသား ဇာတ်လမ်းတွေတော့ ကျွန်တော် မကြိုက်တတ်။ Super Man၊ Spider Man၊ Iron Man၊ Bat Man စသည့် ဇာတ်လမ်းတွေကို ပျင်းလွန်းလွန် ဘာခံစားမှုမှ မပါဘဲ ကြည့်နိုင်သေးသည်။ သို့သော် Fast and Furious ဇာတ်လမ်းတွေကြတော့ ဘယ်လိုမှ ခံစားလို့မရ။ အကြည့်မတော်သော လူငယ်တွေအတွက် သေလမ်းမြန်မြန်ပွင့်စေမည့် ဇာတ်လမ်းတွေလို့ ထင်မိသည်။ 
တစ်မြန်မနေ့က The Impossible ဆိုသည့် ဇာတ်လမ်းကို ကျွန်တော် ကြည့်မိသည်။ ဇာတ်လမ်းက ထိုင်းကို ခရစ်စမတ် အားလပ်ရက် ခရီးသွားရင်း ၂၀၀၄ ခုနှစ်က ဖြစ်သွားသည့် ဆူနာမီဘေးဒုက္ခကြီးနှင့် ပက်ပင်းတိုးမိကြသော မိသားစု ငါးယောက်အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။ ထိုင်းဆိုတာ ခရီးသွားလုပ်ငန်းကနေ ၀င်ငွေ အဓိက ရနေသည်။ တစ်နှစ်ကို ခရီးသည် ၁၂ သန်းခန့် ထိုင်းကို နိုင်ငံခြားသားတွေ ၀င်၊ ထွက် သွားလာနေကြသည်ဟု စာရင်း ဇယားများက ဆိုသည်။ ထိုင်းရဲ့ အိမ်နီးချင်း နိုင်ငံတွေက Tourism အောင်မြင်လွန်းသည့် သူ့ကို ၀န်တိုစိတ်နဲ့ အဆိုး၊ အပြစ်များကို ရှာကြံထောက်ပြကြသော်လည်း သူ့လို အောင်မြင်အောင်တော့ မစွမ်းဆောင်နိုင်ကြ။ သူတို့ထက် ပိုပြီးကျဆင်းလာတာဘဲ ရှိသည်။
ထိုင်းမှာ သဘာဝကမ်းခြေတွေရှိသည်၊ တောင်တက် ခရီးကြမ်း အစီအစဉ်တွေ ရှိသည်။ ဒါမှ မဟုတ် စက်ဘီးစီးမလား၊ အေးအေးဆေးဆေး အနားယူမလား။ အခုလဲ ဇာတ်လမ်းထဲမှာ အင်္ဂလိပ်လူမျိုး ဆရာဝန်မ နှင့် သူ့အမျိုးသား စကော့လူမျိုး။ နောက်ပြီး သူတို့ သားတွေ ဖြစ်သည့် ဆယ့်သုံးနှစ်သားတစ်ကောင်၊ ခုနှစ် နှစ်ခွဲသား တစ်ကောင်နှင့် ငါးနှစ်သား ကောင်လေးတို့ ထိုင်းက ကမ်းခြေတစ်ခုကို အလည်ထွက်လာကြခြင်းဖြစ်သည်။ ကမ်းခြေဟော်တယ်တစ်ခုမှာ အပန်းဖြေကြရင်း ဆူနာမီရေလှိုင်းကြီးတွေနဲ့ ကြုံရသည်။ အမေနဲ့ သားအကြီးဆုံးက တစ်တွဲ၊ အဖေဖြစ်သူနဲ့ အငယ်နှစ်ကောင်က တစ်တွဲ ဆူနာမီကြောင့် ကွဲသွားကြသည်။ အသက် မသေကြသော်လည်း ဘေးဒုက္ခတွေ ကြုံရသည်။ 
စိတ်ညစ်ငြူးစရာ အနိဌာရုံတွေ ကြားထဲက လူတွေရဲ့ အကြောင်းကို ရုပ်ရှင်ဖန်တီးသူတွေက လွမ်းစရာဖြစ်အောင် ဖန်တီးသွားခဲ့သည်။ အလွန်လှပ သပ်ရပ်အောင် ရုပ်ရှင် အနုပညာနဲ့ အသွင်ပြောင်းခဲ့သည်။ လူတွေ အတုံးအရုံးသေကြ၊ ထိမိခိုက်မိကြ ဖြစ်နေတာတွေထဲက လူသားတွေရဲ့ သံယောဇဉ်တွေ၊ ရုန်းကန်အားတွေကို ပေါ်လွင်စေခဲ့သည်။ သူတို့ မိသားစု ငါးယောက်အကြောင်းကို ဇာတ်လမ်း ကျောရိုးယူခဲ့သော်လည်း ကမ္ဘာမြေကြီး၏ ကြောက်မက်ဖွယ်ရာ သဘာဝဘေးကြီးကို ပေါ်လွင်အောင် ရိုက်ကူးခဲ့ကြသည်။ 
2004  ကဖြစ်ပွားခဲ့သော ဆူနာမီကြောင့် သီရိလင်္ကာ၊ ထိုင်း၊ မော်လဒိုက်၊ အိန္ဒိယ၊ ဆိုမာလီယာတို့ အထိနာခဲ့ကြသည်။ လူပေါင်းများစွာ၏ အသက်တွေကို ဖဲ့ချွေသွားခဲ့သည်။ ဆူနာမီဆိုတာ ပင်လယ်၊ သမုဒ္ဒရာ ကြမ်းပြင်မှာ ဖြစ်ပေါ်သော အင်အားပြင်းထန်သည့် ငလျင်ကြီးတွေကြောင့် ရေလှိုင်းလုံးကြီးတွေက ကမ်းခြေတစ်လျှောက်ရှိ သက်ရှိ၊ သက်မဲ့ အရာမှန်သမျှကို တိုက်စား ၀ါးမျိုသည်။ ၂၀၁၁ က ဖြစ်သော ဆူနာမီကြောင့် တိုးတက်လှပါသည်ဆိုသည့် ဂျပန်နိုင်ငံသည်မှဘဲ အလူးအလဲ ခံရသည်။ အခုတော့ ဆူနာမီတိုင်း ကိရိယာတွေ ရှိပြီဆိုသော်လည်း မဖြစ်အောင် တားနိုင်၊ ဆီးနိုင်တာတော့ မဟုတ်။ ဆူနာမီကြောင့် ဖြစ်ပေါ်လာသော ရေလှိုင်းလုံးကြီးတွေ ပင်လယ်ကမ်းခြေကို မရောက်လာခင် နာရီအနည်းငယ်မျှ ကြိုသိအောင် တီထွင်ကြံဆ ထားခြင်းသာဖြစ်သည်။ ဆူနာမီဖြစ်ပြီဆိုလျှင် အချက်ပေး သတိပေးသံတွေ မြည်ဟီးမည်။ ပြီးလျှင် လူတွေကို ဘေးလွတ်ရာ shelter တွေဆီသို့ ရွှေ့ပြောင်းပေးရမည်။ သဘာဝဘေးကြီးကို လူတွေ လွန်ဆန်နိုင်ခြင်း မဟုတ်။ အခုရပ်လို့ အမိန့်ပေးနိုင်ခြင်း မဟုတ်။ အထိအခိုက် အကျအဆုံးနည်းအောင် အကာအကွယ်ယူဖို့ ကြိုးစားခြင်းသာ ဖြစ်သည်။ 
ဇာတ်လမ်းထဲမှာ ဇာတ်ဆောင်တစ်ယောက်က ပင်လယ်က ကုန်းမြေကို အလည်လာတယ်လို့ သုံးနှုံးသွားတာ ကျွန်တော် သတိထားမိလိုက်သည်။ ဒါဆိုရင် ပင်လယ်က ကုန်းမြေကို အလည်လာရင် ရေကြီးမည်၊ ဆူနာမီဖြစ်မည်။ တိမ်တွေက တောင်တွေဆီကို အလည်လာရင် တောင်ကျချောင်းတွေ၊ မြစ်ကြီးတွေ ရေကြီးမည်။ မီးတောင်တွေက ပင့်သက်မောတွေ မှုတ်ထုတ်ရင် ပါတ်ဝန်းကျင်က သစ်ပင်၊ တော၊ တောင်တို့ ရင်မနေရမည်။ ဘယ်လိုဘဲ ကဗျာဆန်အောင် တွေးတွေး လူသားတွေအတွက် ဘယ်လိုမှ မသက်သာလှ။ 
ကျွန်တော်တို့ဆီမှာလဲ နာဂစ်မှုန်တိုင်းကြီးက လူတွေ၏ အသက်ပေါင်း သိန်းချီပြီး ယူဆောင်သွားခဲ့ သည်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကမ္ဘာကြီးကတော့ ကောက်ကြစ်ရက်စက်သော စိတ်ထားမျိုးဖြင့် သဘာဝဘေးကြီးတွေ ဖန်တီးနေတယ်လို့ ကျွန်တော် မထင်။ ဖန်တီးသူ သူ့မှာ တာဝန်ရှိသည် ဆိုအုံးတော့ လူတွေကို ရှင်သန်၊ နေထိုင်၊ လုပ်ကိုင်၊ စားသောက်ခွင့် ပေးထားသော ကျေးဇူးတရားတွေနှင့် နှိုင်းယှဉ်လျှင် မပြောပလောက်ဘူးလို့ဘဲ ဆိုကြပါစို့။
The Impossible ဇာတ်လမ်းကို ဆူနာမီကိုယ်တိုင် ကြုံတွေ့ ခံစားလိုက်ရသော လူတစ်ချို့က Overdramatic ဖြစ်လွန်းသည်လို့ ဆိုသည်။ ကြောက်မက်ဖွယ် ရေလှိုင်းလုံးကြီးတွေ၊ ကိုယ်ချစ်ခင်နှစ်သက်သော လူတွေ ရေနစ်သေတာတွေကို အူအသဲ ဗြောင်းသန္တာလန်အောင် ကိုယ်တွေ့ကြုံခဲ့ရသော သူတွေ အတွက် The Impossible က အလွန်အကြူး မေတ္တာဖွဲ့ဖြစ်နေတာ သဘာဝကျပါသည်။ ကျွန်တော်က ကိုယ်တိုင်မကြုံခဲ့ဘူးတော့ ဇာတ်လမ်းထဲက သရုပ်ဆောင်တွေ၏ ချစ်ခြင်း မေတ္တာ သံယောဇဉ်တွေကို ပိုပြီး ခံစားမိသည်။ ကမ္ဘာလောကကြီး၏ ချစ်ကျီစယ်မှုကြီးတွေကို လူတွေက ချစ်ခြင်းအားဖြင့်ဘဲ တွန်းလှန်ကြတာ လက်တွေ့ကြသည်လို့ဘဲ မြင်သည်။ ကမ္ဘာမြေကြီးသည် သက်မဲ့ဖြစ်သည်ဟု ကျွန်တော်တို့ သိကြသည်။ လူဆိုသည့် သတ္တ၀ါတွေက ကမ္ဘာကြီးထက် အသိဥာဏ်ပိုရှိသောကြောင့် အခုအချိန်အထိ လူသားဖြစ်တည်ခွင့် ရနေတာဘဲ မဟုတ်ဘူးလား။ ငလျင်ကြီးတွေထဲမှာ လူတွေ ရှင်သန်ခဲ့ကြသည်။ မီးတောက်ကြီးတွေကြားထဲမှာ လူတွေ လက်တွဲထွက်လာခဲ့သည်။ ရေကြီးမှုကြီးတွေထဲက လူတွေက ရုန်းကန်ကူးခပ်လာခဲ့ကြသည်။ 
ဘေးအန္တရာယ်ကြီးတွေမှာ လူတွေ ဖန်တီးသော ဘေးဆိုးကြီးတွေနှင့် သက်မဲ့ မြေကမ္ဘာကြီး ဖန်တီးသော ဘေးဆိုးကြီးတွေ ဘယ်အရာက ပိုပြီး ကြီးမားသလဲ။ မြေကမ္ဘာကြီးက ပိုမှာပါ။ ဒိုင်နိုဆောကြီးတွေပင် ပျောက်ကွယ်စေသည့် ဘေးဆိုးကြီးတွေ သူကဘဲ ဖန်တီးခဲ့တာဘဲ မဟုတ်ဘူးလား။ ဘေးဆိုးကြီးတွေကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာ အနာတရတွေ အနာကျက်ဖို့ အချိန်ယူရတာကြတော့ လူတွေ ဖန်တီးသည့် ဘေးဆိုးကြီးတွေက ပိုသာကဲမည် ထင်သည်။ ဟီရိုရှီးမားဘေးဆိုးကြီးကြောင့် ကျွန်တော်တို့မှာ အခုအချိန်အထိ သတိကြီးစွာ ထားရဆဲဘဲ မဟုတ်ဘူးလား။ ကမ္ဘာစစ်ကြီး နှစ်ခုကြောင့် သေကြ ကြေကြသော လူသားအရည်အတွက်ထက် ဒဏ်ရာဒဏ်ချက်က ပိုပြီး ကြီးသည် ထင်သည်။ 
မြေကမ္ဘာကြီးကတော့ ကျွန်တော်တို့ကို သူ့ရဲ့ကြီးမားပြင်းထန်လှသော အားကြီးဖြင့် မကြာခဏ ချစ်ကြည်စယ်နေအုံးမည်သာ။ လူတွေကတော့ ချစ်ခြင်းမေတ္တာတွေဖြင့် နလန်မြန်မြန်ထဖို့ ကြိုးစားကြမည်။ လူတွေကိုယ်တိုင်ဖန်တီးသည့် ဘေးဆိုးကြီးတွေ၊ လူတွေ၏ လောဘ၊ ဒေါသ၊ မနာလိုဝန်တိုစိတ်များကြောင့် ဖြစ်ပေါ်လာသည့် ဘေးဆိုးကြီးတွေကတော့ ဒဏ်ရာပျောက်ကင်းဖို့ မသေချာ။ အခု အီဂျစ်မှာ ဖြစ်နေသည့် ဘေးဆိုးကြီးတွေကတော့ ဘယ်တော့များမှ အနာကျက်ကြမှာလဲ။ အာရပ်၊ အစ္စရေး အနာကြီးကတော့ သေရာပါမည့် ရောဂါ။ ကျွန်တော်တို့၏ ၈၈ အနာဆိုးကြီး၊ ဘာသာရေးပဋိပက္ခ ဘေးဆိုးကြီးတွေ ကတော့ သေရာပါမသွားဖို့ဘဲ ဆုတောင်းရမည်။ 

The Impossible ထဲကလို ဆူနာမီကို ချစ်ခြင်းမေတ္တာသံယောဇဉ်တွေအားဖြင့် တွန်းလှန်ပုန်ကန်ဖို့ ရွေးချယ်ခဲ့ကြသလို လူတွေဖန်တီးသည့် ဘေးအန္တရယ်တွေကို တွန်းလှန်ဖို့ ချစ်ခြင်းမေတ္တာတွေဘဲ ရွေးချယ်ကြသင့်သည်ဘဲ မဟုတ်လား။ အမုန်းကို အမုန်းဖြင့်၊ မယုံကြည်မှုတွေကို မနာလိုဝန်တိုစိတ်တွေဖြင့် တွန်းလှန်နေကြလျှင်ဖြင့် ကျွန်တော်တို့ ကမ္ဘာကြီးကတော့ ရီမော လှောင်ပြောင်နေပါလိမ့်မည်။ သက်မဲ့ကြီးက သက်ရှိလေးတွေကို လှောင်ပြောင်ရီမောသံတွေ အတိုင်းသားကြားနေရသည်။ ရှက်ဖို့ ကောင်းလိုက်တာလို့ ကျွန်တော် ညည်းမိရင် လွန်တယ်လို့ ခင်ဗျားမထင်စေချင်ဘူးဗျာ။ The Impossible ထဲက ဆူနာမီကြီးရဲ့ ချစ်ခြင်းမေတ္တာတော် တရားတွေကို ကျွန်တော်တို့ သင်ယူကြရအောင်လေ။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts