ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

ဟယ်လို … သုခဆေးခန်းကပါ
ဇူးဇူး (နာရေးကူညီမှုအသင်း – ရန်ကုန်)
မေ ၁၃၊ ၂၀၁၃

အများပြည်သူတို့၏ လိုအပ်ချက်၊ မျှော်လင့်ချက်သည် ကျွန်မတို့နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းကြီး၏ အဓိကထားဆောင်ရွက်ရမည့် အချက်ပင်ဖြစ်သည်။ ယခုဆိုလျှင် သုခကုသိုလ်ဖြစ်ဆေးခန်း သို့ ဖုန်းလေးတစ်ချက် ဆက်လိုက်ရုံဖြင့် ဆေးဝါးကုသနိုင်ရန်အတွက် တိုကင်နံပါတ်ရယူနိုင်ပြီဖြစ်သည်။ တယ်လီဖုန်းဖြင့် တိုကင်ရယူဆောင်ရွက်ရန် အကြံပေးချက်အား သုခကုသိုလ်ဖြစ်ဆေးခန်း၌ လူနာများအား စေတနာဖြင့် အပါတ်စဉ်လာရောက်၍ ဆေးဝါးကုသပေးလျှက်ရှိသည့် Dr.သီတာ (မသီတာ-စမ်းချောင်း)မှ ဆေးခန်း (၆) နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် အကြံပြုဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးချက်အား ၂၈.၄.၂ဝ၁၃ ရက်နေ့ အလုပ်အမှုဆောင် အစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ချက်ဖြင့် ၇.၅.၂ဝ၁၃ ရက်နေ့မှစတင်၍ နံနက် (၉းဝဝ) နာရီမှ (၁၁းဝဝ) နာရီအတွင် တယ်လီဖုန်းနံပါတ် ဝ၉ – ၈၅ဝ၁၆၅၆ ၊ ဝ၉ -၈၆၄ဝ၂၂ဝ တို့အားဆက်သွယ်၍ တိုကင်ရယူပြီး ဆေးဝါးကုသနိုင်ပြီဖြစ်သည်။

သုခ  – “ဟုတ်ကဲ့ … သုခဆေးခန်းကပါခင်ဗျာ”

လူနာ  – “ဆေးခန်းပြဖို့ တိုကင်ယူချင်လို့ပါ”
သုခ  – “လူနာက ဘာရောဂါဖြစ်တာလဲ”
လူနာ  – “ဗိုက်အောင့်လို့ပါ”
သုခ  – “ဒါဆိုရင် အထွေထွေဆရာဝန်နဲ့ပြဖို့ စာရင်းသွင်းရပါမယ်”
လူနာ  – “ဟုတ်ကဲ့ … ဘာတွေလိုအပ်ပါသေးလဲ”
သုခ  – “လူနာ အမည်လေးပြောပေးပါ”
လူနာ  – “ဟုတ်ကဲ့ … ဦး…… / ဒေါ်……. / မောင်……. / မ…….”
သုခ  – “အသက် ဘယ်လောက်ရှိပြီလဲ”
လူနာ  – “ (…….) နှစ်”
သုခ  – “အဖေနာမည်လေးပြောပေးပါ”
လူနာ  – “ဦး ……. ပါ”
သုခ  – “လူနာရဲ့ မှတ်ပုံတင်နံပါတ်လေး ပြောပေးပါ။”
လူနာ – “၁၂/ ဥကမ(နိုင်) ……. ”
သုခ  – “ ဟုတ်ကဲ့ … အရင်ကရော သုခဆေးခန်းမှာ ပြဖူးသေးသလား”
လူနာ  – “ပြဖူးပါတယ် / မပြဖူးပါဘူး”
သုခ  – “ပြဖူးတယ်ဆိုရင်၊ ဆေးခန်းစာအုပ်နဲ့ မှတ်ပုံတင်မူရင်းယူလာပြီး မနက်ဖြန်( … ) နာရီအချိန်မှာ
သုခကုသိုလ်ဖြစ်ဆေးခန်းကို အရောက်လာခဲ့ပေးပါခင်ဗျာ”
“မပြဖူးဘူးဆိုရင်၊ မှတ်ပုံတင်မူရင်း၊ မိတ္တူ (၁) စောင်ကူးပြီး မနက်ဖြန်( … ) နာရီအချိန်မှာ
သုခကုသိုလ်ဖြစ်ဆေးခန်းကို အရောက်လာခဲ့ပေးပါခင်ဗျာ”
လူနာ – “ဟုတ်ကဲ့ … ကျေးဇူးတင်ပါတယ်”
ယခင်ကာလတွင် လူနာတိုကင်ပေးချိန်အား နံနက် (၉းဝဝ) နာရီအချိန်မှ စတင်လက်ခံရာတွင် ည (၁ဝးဝဝ) နာရီအချိန်ခန့်တွင် တိုကင်ရယူရန်အတွက် လာရောက်ခဲ့ကြပြီး မိမိတို့ နေအိမ်တို့အား အိုးပစ် အိမ်ပစ် တိုကင်ရရှိရေးအတွက် လာရောက်ယူရခြင်း၊ နံနက်မလင်းခင်အချိန်တွင် လိုင်းကားစီးရခြင်း၊ ကား ငှါး၍ လာရခြင်းများရှိသဖြင့် အခက်အခဲများကြုံတွေ့ခဲ့ကြသည်။ ထို့အပြင် တိုကင်လာရောက်ယူကြသော လူနာရှင်များတို့အား လူသားချင်းစာနာစိတ် ကင်းမဲ့စွာဖြင့် တိုကင်နေရာရောင်းချခြင်း၊ တုတ်၊ ဓါး လက်နက် များဖြင့် ခြိမ်းခြောက်သော မသမာသူတချို့ရှိကြောင်း သိရှိခဲ့ရသည်။ ထို့နောက် နံနက် (၁၂းဝဝ) နာရီ အချိန်သို့ပြောင်းရွှေ့၍ တိုကင်ပေးခြင်းကို ပြုလုပ်ခဲ့သည်။ ရာသီဥတုဒါဏ်ကြောင့် မူးမေ့ခြင်း၊ အော့အန် ခြင်း၊ အဖျားတတ်လာခြင်းများ မကြာခဏဖြစ်ပွားခဲ့သည်။ ညအချိန်မတော် အမိုးအကာမရှိ၊ ခြင်ကိုက်ခြင်း၊ အအေးဒါဏ်ကြားမှ လာရောက်၍ တိုကင်ယူနေကြသော လူနာများတို့သည် ခြင်ထောင်၊ ခေါင်းဦး၊ ဖျာ အခင်းများတို့ဖြင့် တိုကင်ရယူရန် ညဦးပိုင်းအချိန်ကတည်းကပင် စောင့်စားနေကြပြီး ခက်ခက်ခဲခဲ တိုကင် ယူရန်တန်းစီချိန်၌ တိုကင်ပွဲစားများတို့မှ ဝင်ရောက်လာပြီး ဇွဲရှိရှိဖြင့် ပင်ပန်းခဲ့သမျှ အလကားဖြစ်မည်ကို စိုးရိမ်နေကြသည့် လူနာများအား မြင်တွေ့ခဲ့ရသည်။
ထို့သို့ နေ့စဉ်တိုကင်အတွက် တန်းစီနေကြသောလူနာများတို့သည် နေပူမိုးရွာ၊ အအေးဒါဏ်တို့အား အန်တု၍ တန်းစီနေရခြင်းကို မြင်တွေ့ကြသော လူအများ ဂရုဏာသက်ကြသည် မီဒီယာအများစုမှလည်း မျက်စိကျကြသည်ဖြစ်ရာ ထိုအရေးကိစ္စအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိသူများတို့မှ အစဉ် အလေးထားရသော နေရာတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့်တကွ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ အုပ်ချုပ်ရေးမှုး၊ အလုပ်အမှုဆောင်များ၊ နေ့တာဝန်ခံများ၊ ဝန်ထမ်းများ၊ အသင်းသား/သူများ၊ စေတနာဆရာဝန်ကြီးများတို့မှ ယင်းကိစ္စအား များစွာစိတ်မကောင်း ဖြစ်သဖြင့် နည်းလမ်းမျိုးစုံတိုင်ပင်ဆွေးနွေးလျှက် အစီအစဉ်သစ်များရေးဆွဲခဲ့ကြပြီး ၇.၅.၂ဝ၁၃ ရက်နေ့ မှစတင်၍ ယခုကဲ့သို့ တယ်လီဖုန်းဖြင့် လူနာတိုကင်ယူဆောင်ခြင်းတို့အပေါ် လူနာများတို့အား တွေ့ဆုံမေး မြန်းခဲ့ကြရာတွင် –
“တအားဝမ်းသာတယ်။ ညမအိပ်ရတော့ဘူးပေါ့။ အရင်ကဆိုရင် ကျွန်မအမျိုးသားက နံနက် (၄းဝဝ) နာရီကတည်းက လာတန်းစီတာ။ တိုကင်နံပါတ် (၁၁) ရတယ်။ သုခဆေးခန်းပြနေတာ (၁) နှစ်ကျော်ပြီ။ အခုဆိုရင် ဖုန်းဆက်ရုံဘဲ (၉းဝဝ) နာရီလောက်ကဆက်နေတာ (၉းဝ၅) မိနစ်မှာရတယ်။” ဟု အထွေထွေရောဂါ လာရောက်ပြသသော လှိုင်သာယာမြို့နယ်နေ ဒေါ်ကျော့မေ အသက် (၄ဝ) နှစ်မှ ပြောကြားခဲ့သည်။
နှလုံးရောဂါဝေဒနာ လာရောက်ပြသသည့် မင်္ဂလာဒုံမြို့ နယ်၊ ကြံခင်းစု(လေဆိပ်လမ်း)နေ ဒေါ်လှမှ လည်း “ခါတိုင်းဆိုရင် မနက်စောစော (၂းဝဝ) နာရီလောက်က အိမ်ကထွက်လာတယ်။ ဆိုင်ကယ် ကယ်ရီ ငှားတာ (၁ဝဝဝ) ပေးရတယ်။ အိမ်မှာလည်း လူခွဲမရှိတော့ ကိုယ်တိုင်လာတန်းစီရတယ်။ ဖုန်းဆက်တာ (၉း၃ဝ) နာရီမှာဆက်တာ (၁ဝးဝဝ) နာရီမှာဖုန်းဝင်တယ်။ ပိုပြီးကောင်းမွန်ပါတယ်။ ကျွန်မတို့ဆို အရင်က ညပိုင်းလာပြီး တန်းစီတာတောင် တိုကင်မှီပါ့မလားလို့ စိုးရိမ်နေရတာ။ ဒုက္ခမရောက်တော့ဘူး။ အခုဆို မိုးတွင်းအတွက် သက်သာသွားတာပေါ့။”
မရမ်းကုန်းမြို့နယ်၊ သမိုင်းရပ်ကွက်နေ ဦးစံဝင်း အသက် (၆၅) နှစ်မှလည်း “တနင်္လာနေ့က ဆေးခန်းလာပြရင်း ကျွန်တော့်ရှေ့မှာ ဖုန်းနဲ့ တိုကင်ယူလို့ရပြီဆိုတဲ့ စာလာကပ်တာတွေ့လို့ ဖုန်းဆက်ပြီး တိုကင်ယူတာပါ။ ဆေးခန်းမှာ ကျွန်တော်ကော ကျွန်တော့်မိန်းမကောပြပါတယ်။ နှစ်ယောက်လုံးက နှလုံးရောဂါရှိတယ်လေ။ ဖုန်းဆက်တော့ နံနက် (၉း၁၅) နာရီမှာ စဆက်တယ် ဆက်ဆက်ချင်းရတယ်။ ဖုန်းဆက်တာ (၁ဝဝ) ဘဲကျတယ်။ အရင်ကလူကိုယ်တိုင် လာတန်းစီရတော့ ခရီးစရိတ် (၂ဝဝဝ) လောက်ကျတယ်။ ငွေကုန်တာထက် လူတော်တော်သက်သာသွားတယ်။ နှလုံးရောဂါရှိတော့ ခရီးပင်ပန်း တာဆိုးတယ်။”ဟု ပြောကြားခဲ့သည်။
အများပြည်သူတို့၏လိုအပ်ချက်၊ မျှော်လင့်ချက်သည် ကျွန်မတို့အသင်းကြီး၏ အဓိကထား ဆောင် ရွက်ရမည့်အချက်ပင်ဖြစ်သည်။ ၄င်းတို့၏ ပီတိသံ၊ သာဓုခေါ်သံ၊ မေတ္တာပို့သသံများအား ပြည်တွင်း/ပ အလှူရှင်များကြားသိရပြီး မိမိတို့၏လှူဒါန်းမှုသည် အများပြည် သူတို့အတွက် တိုက်ရိုက်ချက်ချင်းရလဒ်ကို ခံစားရသည်ကို ကြားသိမြင်တွေ့ကြရပြီး မုဒိတာပွားများနိုင်ရန် တင်ပြလိုက်ရပါ တော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts