အီကြာအော်

Ei Kyawr Aww – Staire

ဖွတ်ကလေး၊ နေပူတော်မှ အပ်ပုန်းများနှင့် အီကြောက်အော်၏ တရား
အီကြာအော်
မေ ၁၃၊ ၂၀၁၃


ဖွတ်ကလေး တစ်ယောက် ပျောက်နေသည်မှာ အတော်ကြာပြီ ဖြစ်သည်။ တလောက နှာတချေချေနှင့် ဖြစ်ပြီးကတည်းက ယခုမှ ပြန်ပေါ်လာတော့သည်။
“ဟေ့ကောင် ဖွတ်ကလေး….၊မင်း ပျောက်ချက်သား ကောင်းလှချေလား၊ ဘယ်များ သဝေထိုးနေတာလည်း”
အီကြာအော်က ဖွတ်ကလေးကို မတွေ့သည်မှာ ကြာပြီ ဖြစ်သဖြင့် စကားနာ ထိုးလိုက် သည်။
“အရင်တစ်ခါ အပူရှပ်ပြီးကတည်းက တရှောင်ရှောင် ဖြစ်တော့တာပါပဲ ဆရာအော်ရေ”
ဖွတ်ကလေးက ညှောင်နာနာ အသံဖြင့် အီကြာအော်၏ အမေးကို ပြန်၍ဖြေလိုက်လေသည်။
သူကဆက်ပြီး……
“ယုန်ကန်ဆေးရုံကြီးကိုတောင် အလုပ်သွားမဆင်းနိုင်လို့ အုပ်ကြီးနဲ့ အုပ်ကလေးတွေဆီတောင် ခွင့် တိုင်ရသေးတယ်”
“အင်း….၊မင်းမရှိတော့ လူနာစောင့်တွေတော့ တော်တော်ဒုက္ခရောက်မှာပဲကွ”
“ဘာဖြစ်လို့လည်း ဆရာအော်ရဲ့ ”
“မင်းက သနားတတ်တော့ ဆေးရုံ လူနာစောင့်တွေက ၀င်ခကို လျှော့ဈေးလေး ဘာလေးနဲ့ ရသေးတယ်”
ဖွတ်ကလေးကား ခက်သေးရွာသား အများစုကဲ့သို့ပင် သနားတတ်သူတည်း။ သူအလုပ်လုပ်ရာ ယုန်ကန်ဆေးရုံကြီးတွင် လူနာစောင့်များက ပုံမှန်ဝင်ကြေး မတတ်နိုင်၍ နည်းနည်းငိုပြလျှင် အလကားသာ ပေးဝင်လိုက်သည်။ တစ်ခါကလည်း အမေ နေမကောင်းဖြစ်ပြီး ဆေးပုလင်း မ၀ယ်နိုင်သဖြင့် ဆေးရုံပေါက်ဝတွင် ငိုယိုနေသော ကလေးမ တစ်ယောက်ကို သူ့ရှိစုမဲ့စု အောက်ဆိုက်ငွေဖြင့် အိပ်စိုက် ၀ယ်ပေးလိုက်သည်။ ယခုအထိ ယုန်ကန်ဆေးရုံကြီးတွင် ဆေးရုံတက်လျှင် လူနာများက ကိုယ့်ဆေးကိုယ် ၀ယ်ပေးနေရဆဲ ဖြစ်သည်။ ထို့ကြောင့်လည်း ယုန်ကန်ဆေးရုံကြီးကို “ယုန်ကန်ဆေးကုန်ကြီး” ဟု၎င်း “ကုန်ရန်ဆေးရုံကြီး” ဟု၎င်း သမုတ်ကြသည်မှာ လွန်အံ့ မထင်။
“ကျုပ်တော့ အိမ်နားက ဆေးခန်းက ဂျီပီနဲ့ အလုံးသေးတွေ၊ အလုံးကြီးတွေ လုပ်လိုက်ရသေးတယ် ဆရာအော်ရဲ့ ၊ ဒီတစ်ခါတော့ ဂန့်ပြီထင်နေတာ”
“ဘာ အလုံးကြီး၊ အလုံးသေးတွေလည်းကွ ဖွတ်ကလေးရ”
“အကြောဆေး သွင်းတာကို ပြောတာပါဗျာ”
ထိုအခါမှ ဖွတ်ကလေးတစ်ယောက် နေထိုင်မကောင်း၍ ဂျီပီဆီသွားပြီး အကြောဆေးသွင်းရသည်ကို အီကြာအော်တစ်ယောက် သဘောပေါက်သွားတော့သည်။
“မင်းကလည်း ရှင်းရှင်းပြောလေကွာ၊ အလုံးတွေနဲ့ ရှုပ်ကိုနေတာပဲ”
“မင်းက ဂျီပီတွေဘာတွေ ပြနိုင်တယ်ဆိုတော့ တယ်ပြီး အဆင့်မြင့်ပါလား ဖွတ်ကလေးရဲ့ ”
ခက်သေးရွာသား အများစုမှာ ဆင်းရဲကြရှာသောကြောင့် နေထိုင် မကောင်းလျှင် ဆေးမီးတိုဖြင့် နှစ်ပါးသွားကြရသည်မှာ များလှသည်။ လိုအပ်လျှင် လမ်းထိပ် ကွမ်းယာဆိုင်များမှ အတိုင်ပင်ခံခ ကော်န်ဆာလ်တေးရှင်းအတွက်  ပေးစရာမလိုသော အလကားသမားတော်များနှင့် တိုင်ပင်ကာ ဆေးအ၀ယ်တော် ထွက်ကြသည်။ ခက်သေးရွာကား တကမ္ဘာလုံးတွင် ဆေးမျိုးစုံကို လူတိုင်းလွတ်လပ်စွာ ၀ယ်ချင်သလို ၀ယ်၍ရသော တစ်ခုတည်းသော ရွာကြီးတစ်ရွာပင်ဖြစ်၍ ဂုဏ်ယူစရာ အလွန်ကောင်းသည် မဟုတ်ပါလား။ တစ်ချို့ကလည်း အကြွေးကု၍ရသော အပ်ပုန်းများနှင့် ကြိတ်၍ ကုကြသည်။ “အပ်ပုန်း”ဟု ခေါ်သော်လည်း  ပုန်းလျှိုးကွယ်လျှိုး ဆေးကုသောသုများ မဟုတ်ကြချေ။ ခက်သေးရွာသမတဂျီး နေထိုင်တော်မုသော နေပူုတော်ရပ်ကွက်ကြီး၏ လမ်းမကြီးဘေးတွင်ပင် ပေါ်ပေါ်ထင်ထင် ခပ်တည်တည်ကြီးဖြင့်  တိုင်းရင်းဆေးဆရာအရေကို ခြုံပြီး သကာလ အပ်ပုန်းများက လူနာဂျီးများကို ပုလင်းအသေး၊ အကြီး၊ အလတ် မျိုးစုံကို ပေါက်ဈေး၊ လျှော့ဈေးများဖြင့် ဖောဖောသီသီ ချိတ်ကြလေသည်။ ရွာလူကြီးများမှာကား ဆိတ်ဖမ်းရေး၊ လမ်းဖာရေး၊ မီးလာရေး၊ ဖုန်းကဒ်ရောင်းရေး ကိစ္စများဖြင့် ရှုပ်နေသဖြင့် အပ်ပုန်းများကို လှည့်မကြည့်နိုင်ရှာကြပေ။
“ဟေ့ကောင်ဖွတ်ကလေးရဲ့ …၊ ဘာဖြစ်လို့ အကြောဆေးတွေ သွင်းရတာလည်းကွ၊ အင်္ဂါလန်လို ရွာကြီးတွေမှာတောင် ဂျီပီဆရာဝန်တွေက ဆေးသိပ်မထိုးကြဘူး၊ လူနာက ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်လို့ အသက်ကယ်ဖို့လိုမှ ဆေးထိုးတယ်လို့ ငါ ကြားဘူးတယ်ကွ”
“မင်းအဖွား အကြောဆေးထိုးပြီး ဂန့်သွားတာ မင်း မမှတ်သေးဘူးလား”
အီကြာအော်က ဖွတ်ကလေးကို ကရုဏာဒေါသဖြင့် ဟောက်လိုက်လေသည်။
ဖွတ်ကလေး၏ အဖွားဒေါ်သေးကား အသက်ရှစ်ဆယ်ကျော်ရှိပြီး အသက်ကလေး ထောက်လာသဖြင့် အားနည်းနေသည်ကို ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းက အကြောအားဆေး သွင်းရန် ရွှေဉာဏ်တော် စူးရောက်ကြသည်။ ဂျီပီတစ်ဦးဆီတွင် ပထမ ပုလင်းအကြီးသွင်းပြီး အမောဖောက်လာသည်။ ဂျီပီကတော်ကြီးက စေတနာဗလပွဖြင့် နောက်ထပ် ပုလင်းအကြီး ထပ်သွင်းသည်တွင် ဖုတ်လှိုက်ဖုတ်လှိုက် နှင့် တစ်ခါတည်း အွန့်သ်စပေါ့ ဘ၀ကူးသွားရရှာသည်။ ဤသည်ကိုပင် ရွှေတော်မျိုးတော်တို့က အတတ်နိုင်ဆုံး ဆေးကုပေးလိုက်ရသဖြင့် သေပျော်ကြောင်း ဖြေကြရှာသည်။ ခက်သေးရွာသားများပီပီ ရှာကြံ၍ ဖြေနိုင်ကြသည်မှာ ရှာမှရှားပင် ဖြစ်ပေတော့သည်။
“ငါ မင်းတို့ကို ပြောသားပဲ၊ အကြောဆေးတွေ မသွင်းနဲ့၊ သွင်းတာမှန်သမျှ ရှူရှူးပဲ ဖြစ်သွားလိမ့်မယ်ဆိုတာ၊ အသက်ကြီးလို့ အိုလာရင် နှလုံးသားက အားနည်းနေရော၊ အဲဒီလို နှလုံးအားနည်းနေသူကို ပုလင်းကြီးချိတ်လို့ကတော့ ရေနစ်တဲ့သူကို ၀ါးကူလို့ ထိုးသလိုပဲ ဖွတ်ကလေးရဲ့ ၊  သောက်ဆေးတွေ သောက်ရင်လည်း အူလမ်းကြောင်းကတစ်ဆင့် ကိုယ်ခန္တာထဲကို ရောက်သွားတာပဲလေ”
အီကြာအော်က ဖတ်ထားမှတ်ထားသော ကျန်းမာရေးဗဟုသုတ ကလေးဖြင့် ခက်သေးရွာသားတို့ ထုံးစံအတိုင်း ဖွတ်ကလေးကို ဆရာကြီး လုပ်တော့သည်။ နားထောင်သူ တစ်ဦးတည်းသော ပရိသတ် ဖွတ်ကလေးရှိတုန်း ၀မ်းတုဝမ်း တစ်ဦးချင်း ကျန်းမာရေးတရားဟောပြောပွဲကို အီကြာအော်လည်း ဆက်လက်၍ အားတက်သရော ဆင်နွှဲလေသည်။
“ကျုပ်ကို ထိုးပေးတာ “မောရိယမန်းဆေး”လို့ပြောတယ်၊ ပရိုတင်းတွေပါတယ်တဲ့”
ဖွတ်ကလေးက အီကြာအော်ကို အကြောဆေးသွင်း အတွေ့အကြုံ ရှင်းလင်းပွဲ လုပ်လိုက်သည်။
“မင်းကလည်းကွာ ဘယ်က “မောရိယမန်းဆေး”ရမှာလည်း၊ “မိုရိယာမင်း” “မိုရိအေမင်း”လို့လည်း ခေါ်တယ်၊ အဲဒီ အကြောဆေးက အစားအသောက် လုံးဝမ၀င်တဲ့ လူနာတွေကိုပဲ သွင်းရတာကွ၊ မင်းလို တစွပ်စွပ် စားနိုင်တဲ့သူဆိုရင် ပုလင်းထဲမှာပါတဲ့ ပရိုတင်းက ပဲလှော်တစ်ထုပ်လောက်တောင် မများပေဘူး”
ဖွတ်ကလေးလည်း အီကြာအော်၏ တရားကြောင့် အကြောဆေးသွင်းခကို နှမြောမိလေတော့သည်။
“အဲဒီလိုမှန်း သိရင် ပဲလှော် တစ်ထုပ်လောက်ပဲ ၀ယ်စားလိုက်ပါတယ် ဆရာအော်ရယ်”
ဖွတ်ကလေးက နောင်တရသော လေသံဖြင့် အီကြာအော်ကို ၀န်ခံလိုက်သည်။
“မင်း ကျန်းမာချင်ရင် ငါ့လို နေရတယ်ကွ၊ ငါကတော့ ဆေးထိုးမယ့် ဂျီပီဆိုရင် ဝေးဝေးက ရှောင်တယ်၊ အပ်ပုန်း ဆိုရင်တော့ ဝေလာဝေးပဲ”
အီကြာအော်ကား ဆေးထိုးအလွန် ကြောက်သူတည်း။ အီကြာအော်ငယ်ငယ်က ပြေးလွှားဆော့ကစားရင်း နှုတ်ခမ်းပေါက်သဖြင့် ဆရာဝန်က ဆေးရုံတွင် နှုတ်ခမ်းကို ချုပ်တော့သည်။ ထုံဆေးမပါပဲ ချုပ်သဖြင့် အီကြာအော်က အာခေါင်ခြစ်၍ အသားကုန်ဟစ်သော် ဆေးရုံတစ်ရုံလုံး လန့်နိုးကုန်သည် ဟူ၏။ သူ့အမေက ဆေးခန်းသွား၍ ဆေးထိုးမည်ဆိုလျှင် ရွာကိုပတ်၍ ပြေးတော့သည်။ ဤသည်မှာလည်း အီကြာအော် အပြေးသန်ရခြင်း အကြောင်းရင်း တစ်ခုပင် ဖြစ်ပေတော့သည်။
“တို့ရွာမှာ တချို့ဆရာဝန်တွေက အစိမ်းချုပ်ကြတာ ဘယ် ဆရာကြီးတွေကများ သင်ကြားပေးသွားလည်း မသိပါဘူးကွာ၊ အခုခေတ်အထိ အစိမ်းချုပ်နေကြတာ တလောက စာစောင် တစ်ခုထဲမှာ ဖတ်လိုက်ရသေးတယ် မဟုတ်လား၊ ယောင်္ကျားကို ဖနောင့်ခွဲတာ အစိမ်းခွဲလို့ ယောင်္ကျားကအော်တာ သူ့မိန်းမခမျာ ဆီးတောင်ထွက်ကျဆိုလား၊ ငါတော့ ကိုယ်ချင်းစာသကွ” အီကြာအော်က တကယ်ကို ကိုယ်ချင်းစာသော လေသံဖြင့် ပြောလိုက်သည်။
“ငါ ဆေးထိုးကြောက်လို့ အခုလို အသက်ရှင်နေသေးတာ ဖွတ်ကလေးရဲ့ ၊ သေရေးရှင်ရေးဆိုရင်တော့ ထိုးရမှာပေါ့ကွာ”
ပြောလည်း ပြောလောက်သည်။ အီကြာအော်နှင့် သက်တူရွယ်တူ သူငယ်ချင်း ဆွေမျိုးမိတ်သင်္ဂဟများ ဘီပိုး၊ စီပိုး၊ အိပ်ခ်ျအိုင်ဗွီပိုးတွေနှင့် အချိန်မတန်မီ ကြွကုန်ကြရှာပြီ။ အများစုမှာ မသန့်ရှင်းသော ဆေးထိုးအပ်များမှ ရောဂါပိုးများ ကူးကြခြင်း ဖြစ်လေသည်။
ခက်သေးရွားသားများကလည်း ခက်ကိုခက်သည်။ ဂျီပီနှင့် ပြလျှင် ဆေးထိုးလိုက်ရမှ ကျေနပ်သည်။ ခက်သေးရွာသားများပြီပြီ အကြွားကလည်း ပိုသည်မို့ သူများအကြောဆေးသွင်းလျှင် နေကောင်းကောင်း မကောင်းကောင်း ကိုယ်လည်း အကြောဆေး ချိတ်နိုင်ကြောင်း ကြွားချင်သည်။ ဂျီပီဆီကို မလိုလည်း သွား၍ ပုလင်းကြီး ချိတ်ကြသည်။
“ဂျီပီတွေကလည်း ကပ်စတမ်မာရဲ့  ဒီမန်းဒ်ကို မလွန်ဆန်နိုင်ကြဘူးလေကွာ”
“ငါ့ကို ဆေးထိုးအပ်ကြောက်လို့ “အီကြောက်အော်” လို့ လှောင်ဘူးတဲ့မှတ်ကြီးတောင် လေးလုံးနဲ့ ကြွသွားပြီ၊ သနားပါတယ်ကွာ၊ သူ့အမေက ဆေးထိုးသန်တယ်လေ”
အီကြာအော်၏ ကျောင်းနေဘက် မှတ်ကြီးတစ်ယောက် ဆေးခဏခဏထိုးရင်း အပ်မှ အိပ်ခ်ျအိုင်ဗွီပိုး အဆစ်ပါလာသောကြောင့် လေးလုံးရောဂါ အေအိုင်ဒီအက်စ်ဖြစ်ပြီး ဆုံးရရှာသည်။
“အခုတော့ တစ်ခါသုံးအပ်တွေ သုံးတယ် ပြောတာပဲ ဆရာအော်ရဲ့ ”
“မင်းကလည်း အဲဒီ ဘယ်ကလာလို့ လာမှန်းမသိတဲ့ ဆေးထိုးအပ်တွေက ဘယ်မှာ ကွာလတီကွန်ထိုးလ် ရှိလို့လည်းကွ၊ တို့ရွာမှာက ဆေးထိုးအပ်တွေ နေရာတကာမှာ ၀ယ်လို့ရတယ်လေ၊ ဒီအပ်တွေကို ရီဆိုက်ကယ်လ် မလုပ်ဘူးလို့ ဘယ်သူက များ အာမခံနိုင်လို့လည်းကွ”
ဖွတ်ကလေးလည်း အီကြာအော်၏ အပ်ကြောက်ရေး တရားတော်ကြီးကို နာကြားပြီးသကာလ အတော်ပင် ကြောက်သွားတော့လေသည်။
“နောက်ကို ဆရာအော်ရဲ့  စကား နားထောင်ပြီး ဆေးမလိုပဲ မထိုးတော့ပါဘူး”
“အေးလေ…၊ ကောင်းတာပေါ့ ဖွတ်ကလေးရဲ့ ၊ တို့တစ်ရွာလုံးသာ မင်းလို လိမ္မာကြရင် တကမ္ဘာလုံးမှာ ချန်ပီယံနီးပါး ဖြစ်နေတဲ့ တို့ခက်သေးရွာက ဘီပိုး၊ စီပိုး နဲ့ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုတွေ ကင်းရှင်းသွားတော့မှာပေါ့”
“ကျုပ်တော့ ဆရာအော့စကား နားထောင်ပြီးတော့ ဆေးထိုးမယ့်အစား  ပဲလှော်ပဲ ၀ယ်စားတော့မယ်”
အီကြာအော်လည်း မိမိ၏ ဆေးထိုးအပ်ကြောက်ရေးတရား အောင်မြင်ပုံ ရသွားသဖြင့် ပြုံးပြုံးကြီး ဖြစ်သွားလေသည်။
ထိုအခါတွင် အီကြာအော်၏ဇနီး ဒေါ်အွန်မေးတစ်ယောက် မီးဖိုချောင်ထဲမှ ပေါက်ချလာပြီး
“ဖွတ်ကလေးရေ….၊မင်းဆရာရဲ့ တရားကိုနာရင်တော့ လေလည်ဖို့ကတော့ သေချာလိမ့်မယ်၊ လေကလည်း ပေါ..ပေါနိုင်လွန်းတယ်တော်….၊ ကိုအော်…..ပဲလှော်ထုပ်တွေကို ဇီးထုပ်တွေတုန်းကလို နောက်မကျစေနဲ့နော်၊ အချိန်မီအောင်လုပ်ဦး၊ တော်ကြာ ကျုပ်တို့ကို နောက်ကျရင် အော်ဒါမအပ်ပဲ နေဦးမယ်”
ဤသည်တွင် အီကြာအော်လည်း ကျန်းမာရေးတရားဟောပွဲကို အမြန် အဆုံးသတ်ကာ ဖွတ်ကလေးကို  ပဲလှော်တစ်ထုပ် မေတ္တာလက်ဆောင် ပေးလိုက်လေသည်။ ပြီးလျှင် ပဲလှော်ထုပ်များကို ဖယောင်းတိုင် တစ်ချောင်းဖြင့် ကျွမ်းကျင်စွာ ဆက်လက်၍ ထုပ်နေတော့သည်။
ဖွတ်ကလေးတစ်ယောက်လည်း သူ လေးလုံးရောဂါ အေအိုင်ဒီအက်စ် ရလျှင်တော့ဖြင့် ဒုက္ခပါပဲဟု တွေးတောပူပန်စွာဖြင့် ပဲလှော်ထုပ်ကိုပိုက်ကာ ထွက်သွားလေတော့သတည်း။   ။
 သဗ္ဗေသတ္တာ ကမ္မသကာ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts