>Maung Lwan Ni – Sugar coated troubles (8)

>

ဒုက္ခကို ပျားရည်ဆမ်း၍ – ၈
မောင်လွမ်းဏီ
မေ ၁၆၊ ၂၀၁၁
“မြန်မာ အုတ်အလုပ်သမားတွေရဲ့ဘဝတွေက အုတ်သားလို အသုံးဝင်လှပြီး အနုပညာမမြောက်ပေမယ့် ချွေးရွှဲနစ်စိုနေတဲ့ ကျောကုန်း၊ ပခုံးနဲ့ လက်ပြင်၊ ကြမ်းရှတဲ့ ဘယ်ညာ လက်ဖဝါးတွေကတော့ အုတ်ခဲရောင် အဆင်သွေးနဲ့ ရင့်မောင်း ခက်ထန်နေမယ်ဆိုတာ မှန်းဆကြည့်ရုံနဲ့ ပေါ်လွင်ပါလိမ့်မယ် …”
အာအက်ဖ်အေ သောတရှင်များ ခင်ဗျား
ချင်းမိုင် နိုင်ငံတကာ လေဆိပ်ကြီးနဲ့ လေယာဉ်ကွင်းကြီးရဲ့ ကျောဘက်မလှမ်းမကမ်းလို့ ပြောလို့ရတဲ့ လက်လုပ်အုတ်ကျင်းလေးတွေမှာ မြန်မာပြည်ဖွား တိုင်းရင်းသား အလုပ်သမားလေးတွေ၊ မိသားစုလေးတွေ စုဝေးနေထိုင်ကြတဲ့ အင်္ဂတေသားမဲ့၊ အုတ်နီညိုရောင် ကင်းမဲ့တဲ့ သံချေးတက် သွပ်တဲတန်းလျား အတွဲလေးတွေ။ တဲတန်းလျားလေး ဘေးဘက်မှာရှိတဲ့ ထိုင်းလူမျိုးတွေရဲ့ ရောင်စုံပန်းမျိုးစုံ၊ ထိုင်ခုံလှလှလေးတွေနဲ့ သင်္ချိုင်းဇရပ်လေး။ မြန်မာပြည်ဖွား တိုင်းရင်းသား အလုပ်သမားတွေ၊ မိသားစုလေးတွေ အတွက်တော့ ဘဝအမောလေးတွေ ခဏတဖြုတ် ဖြေလျော့လို့ရတဲ့ ပန်းခြံလေးထဲက ဘဝလေးတွေအကြောင်း သူတို့တွေ ပြောပြတာတွေကို ကျွန်တော် ဆက်နားထောင်ကြည့်ပါတယ်။

စီးပွားရေးအရ အကြီးအကျယ် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြတဲ့ အုတ်သားလုပ်ငန်းကြီးတွေနဲ့ အင်္ဂတေ ဘောက်အုတ်သားလုပ်ငန်းကြီးတွေကို ထိုင်းနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ အန်းထောင်းခရိုင်၊ ချွန်ပူရီနဲ့ ဘန်ကောက်မြို့ကြီး ပတ်ဝန်းကျင်တွေမှာ အဓိက ထုတ်လုပ် လုပ်ကိုင်ကြတာပါ။ အဲဒီလုပ်ငန်းခွင်တွေရဲ့ အောက်ခြေလုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြသူတွေထဲမှာ မြန်မာနိုင်ငံသား ရှမ်း၊ မွန်၊ ကရင်၊ ကယား လူငယ်တွေက ၆၀ ရာခိုင်နှုန်း လုပ်ကိုင်နေကြတယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော် အရင်တပတ်က ရေးသား တင်ပြခဲ့သလို ဒီလုပ်ငန်းမျိုးက ထိုက်သင့်တဲ့ လုပ်ခလစာ၊ အလုပ်သမားခံစားခွင့်တွေ အချို့အဝက်ရရှိပေမယ့် အလေးအပင်နဲ့ ပူလောင်တဲ့ဒဏ်တွေကြောင့် အတော်ပင်ပန်းဆင်းရဲပြီး ပိတ်လှောင်မွန်းကျပ်လှပါတယ်။ ဒါကြောင့်ပဲ ဒီအလုပ်ခွင်မျိုးမှာ မြဲသူရှားတယ်လို့ ပြောရမှာပါပဲ။ အောက်ခြေ လုပ်ငန်းမျိုးကို ထိုင်းနိုင်ငံသားတွေမှမဟုတ် လာအို၊ ကမ်ပူးချားလူမျိုးတွေတောင် ထိုင်းနိုင်ငံအတွင်းပိုင်းဒေသမှာ လာရောက် မလုပ်ကိုင်ကြဘူးလို့လည်း ပြောကြပါတယ်။
အုတ်ကျင်းလုပ်ငန်းလို့ အလွယ်ပြောနေကြပေမယ့် ထိုင်းနိုင်ငံ ခေတ်မီ အုတ်လုပ်ငန်းတွေက အမျိုးမျိုး အစားစား ရှိတာကိုး။ သာမန်အုတ်ချပ်မှာတင် ရိုးရိုးအုတ်၊ လိုင်းဖော်ထားတဲ့အုတ်၊ အလှခင်းအုတ်၊ နံရံအလှ ပန်းပွင့်လေးတွေ ပုံဖော်ထားတဲ့အုတ် စတဲ့ အုတ်သားတွေကို အရွယ်မျိုးစုံ ထုတ်လုပ်သလို ခေါင်းမိုး အုတ်ပြား၊ ဘုန်းကြီးကျောင်းနဲ့ ပြဿဒ် ဇရပ်အမိုးတွေအတွက် အမိုးပြားတွေအပြင် အုတ်သားနဲ့ အနုပညာမြောက် ပြုလုပ်ထားတဲ့ တိရိစ္ဆာန်ရုပ်မျိုးစုံ၊ ပန်းအိုးမျိုးစုံကိုပါ အကျယ်အပြန့် ထုတ်လုပ်ကြတာ မဟုတ်လား။ ကွန်ကရစ်ဘောက် အုတ်လုပ်ငန်း၊ ကွန်ကရစ် အမိုးပြားလုပ်ငန်းနဲ့ နည်းစနစ်ပိုင်းရော၊ ဈေးကွက်ပိုင်းပါ ကွဲလွဲတဲ့ လုပ်ငန်းလို့ ပြောရမှာပေါ့။ မြန်မာ အုတ်အလုပ်သမားတွေရဲ့ဘဝတွေက အုတ်သားလို အသုံးဝင်လှပြီး အနုပညာမမြောက်ပေမယ့် ချွေးရွှဲနစ်စိုနေတဲ့ ကျောကုန်း၊ ပခုံးနဲ့ လက်ပြင်၊ ကြမ်းရှတဲ့ ဘယ်ညာ လက်ဖဝါးတွေကတော့ အုတ်ခဲရောင် အဆင်သွေးနဲ့ ရင့်မောင်း ခက်ထန်နေမယ်ဆိုတာ မှန်းဆကြည့်ရုံနဲ့ ပေါ်လွင်ပါလိမ့်မယ်။ 
တချို့မြန်မာအလုပ်သမားတွေကတော့ လစာလုပ်ခ နည်းပါးပေမယ့် အုတ်အမျိုးမျိုး ရောင်းချတဲ့ ဆိုင်တွေမှာလုပ်သူတွေလည်း ရှိတယ်လေ။ သူတို့တွေကတော့ တကြိမ် အုတ်ချပ်ရေ ၅ သောင်း ထုတ်လုပ်တဲ့ လက်လုပ်အုတ်ကျင်းနဲ့ တကြိမ် အုတ်ချပ်ရေ ၁ သိန်းခွဲထိထုတ်လုပ်တဲ့ ခေတ်မီ အုတ်အလုပ်ရုံကြီးတွေမှာ လုပ်ကိုင်ကြသူတွေလို ဝင်ငွေ မကောင်းပေမယ့် အတန်ငယ် သက်တောင့်သက်သာရှိသလို ဝင်ငွေကလည်း ၃ ပုံ ၂ ပုံပဲ ရကြသူတွေပါ။ အုတ်ထုတ်လုပ်တဲ့ လုပ်ငန်းခွင်မှာ လုပ်ကြသူတွေက ၁၇၉ ဘတ်ကနေ ၃၀၀ ထိ ရကြပေမယ့် အုတ်အရောင်းဆိုင်မှာ လုပ်သူတွေက ၁၅၀ ဘတ်နဲ့ ၁၈၀ ဘတ်အထိသာ ရကြသူတွေပေါ့။ ဒါပေမယ့် တနေ့ တနေ့ အုတ်ဂိုဒေါင်အပေါက်ဝမှာ ထိုးရပ်ထားတဲ့ ၁၀ ဘီးကားကြီးတွေ၊ ဟီးနိုးကားကြီးတွေပေါ်ကို အုတ်ချပ်ရေ ၆ သောင်း ၇ သောင်း လက်လွှဲပစ်တင်ဖို့၊ ဇယ်ဆက်သလို အုတ်စီဖို့ ဆိုတာ တော်ရုံတန်ရုံလူ မတွေးဝံ့ရဲတဲ့ အလုပ်ပါ။ ပစ်တင်ရင်း မတော်တဆ လွဲချော်ကျိုးပဲ့ရင်လည်း အလျှော်မပေးရပေမယ့် တခြားလုပ်ခ နည်းတဲ့နေရာကို ပို့ခံရတယ်ဆိုတာလည်း ကြုံရနိုင်ပါသေးတယ်။ 
အလုပ်လုပ်ကိုင်ခွင့်ပါမစ် ကိုင်ဆောင်ချင်ရင် ကိုယ့်ငွေနဲ့ကိုယ် စိုက်ထုတ်လုပ်ဖို့ အလုပ်ရှင်က စီစဉ်ဆောင်ရွက်ပေးပေမယ့် ငွေမတတ်နိုင်သူတွေကိုတော့ အလုပ်ရှင်ရဲ့ အစီအစဉ်နဲ့ သူနေရာချထားပေးတဲ့ အုတ်ကျင်း အုတ်ဆိုင်အနီးက နေရာတခုခုမှာ ကျောတခင်း ထိုင်းဖျာတချပ်နဲ့ ရပ်တည်နေထိုင် လုပ်ကိုင် စားသောက်ကြရတယ် ဆိုပါတော့။ မြန်မာနိုင်ငံက အလုပ်ရှာဖွေခွင့်၊ အလုပ်လုပ်ကိုင်ခွင့် စာအုပ်နဲ့ ရောက်လာကြသူတွေကတော့ ဒီအလုပ်မျိုးကို မရွေးချယ်ကြပါဘူး။ အဲဒီလို အခြေအနေကြားကပဲ ထူးခြားတဲ့ ကိစ္စတခုကတော့ ရင်သွေးငယ်တွေရဲ့ ပညာရေးကိစ္စဆိုပါတော့။ ဒီလုပ်ငန်းခွင်က လူငယ် လူရွယ်တွေ လုပ်ကြကိုင်ကြသူများပေမယ့် နှစ်နဲ့ချီကြာမြင့်လာတော့လည်း မိသားစုတွေ တိုးလာသလို ကလေးသူငယ်တွေလည်း မွေးဖွားကြီးပြင်းလာကြတာကိုး။ 
ထိုင်းနိုင်ငံ တနံတလျားမှာ နေထိုင်လုပ်ကိုင်နေကြတဲ့ တရားမဝင် မြန်မာအလုပ်သမား၊ တရားဝင်မြန်မာ အလုပ်သမားတွေရဲ့ မတူကွဲပြားတဲ့ အခြေအနေတွေကြားမှာ ချင်းမိုင်ကတော့ ထူးခြားလေမလားပဲ။ ဒီလုပ်ငန်းခွင်က အလုပ်ရှင်ရော၊ အလုပ်သမားတွေရော ကလေးတွေရဲ့ ပညာရေးကို လစ်လျူမရှုကြတာပါပဲ။ မြန်မာတိုင်းရင်းသား အဖွဲ့အစည်းတွေ၊ ပညာရေးလုပ်ငန်း ဆောင်ရွက်ကြတဲ့ အသင်းအဖွဲ့တွေရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့်လို့လည်း ပြောရမှာပေါ့။ ကလေးသူငယ်တွေရဲ့ ပညာသင်ကြားခွင့်ကတော့ အပြည့်အဝရတာ ကြည်နူးပီတိဖြစ်စရာ မဟုတ်ပါလား။ လွန်ခဲ့တဲ့နှစ်က ထိုင်းနိုင်ငံမှာ စက္ကူလေယာဉ်ပျံလွှတ်ပြိုင်ပွဲ ကျင်းပတော့ မြန်မာပြည်သား ရှမ်းလူမျိုး တရားမဝင် အလုပ်သမားတဦးရဲ့သားလေး မောင်သောင်းထီက ပထမရပြီး ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် နိုင်ငံတကာပြိုင်ပွဲကို ထိုင်းနိုင်ငံကိုယ်စား စေလွှတ်ယှဉ်ပြိုင်စေခိုင်းတာဟာ မြန်မာ တရားမဝင် အလုပ်သမား နယ်ပယ်မှာ အံ့သြဝမ်းမြောက်သွားစေခဲ့ပါတယ်။ 
သို့ပေမယ့် နီမောင်းရဲပတဲ့ မီးလျှံတွေနဲ့ နီညိုရင့်မာတဲ့ အုတ်သားလွှာတွေလို အုတ်အလုပ်သမားတွေရဲ့ ဘဝတွေက ရာစုနှစ်များစွာ ခိုင်မာတည်တံ့ တန်ဖိုးကြီးတဲ့ဘဝတွေကို တည်ဆောက်နိုင်လေမလား။ သူတို့ ဖုတ်တဲ့အုတ်သားနဲ့ တည်ဆောက်ထားတဲ့ အုတ်ဂူတခုပေါ်မှာ ကျွန်တော် စဉ်းစားကြည့်နေမိတာပါ။
နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
မောင်လွမ်းဏီ
၁- ၁၁- ၂၀၁၀
မူရင်း – လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese
သရုပ်ဖော် – မောင်မောင်တင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts