>Tu Maung Nyo – Look into the Situation eye to eye

>

အရှိ အရှိအတိုင်း ရိုးရိုးလေးပြောပါ
တူမောင်ညို
မိုးမခ၊ ဧျပီၤ ၁၆၊ ၂၀၁၁
“အရှိ အရှိအတိုင်းပဲ အသိအမှတ်ပြုပါတယ်” ဆိုတဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး ကျနော့်မိတ်ဆွေနဲ့ကျနော်ဆွေးနွေး ပြောဆိုဖြစ်ပါတယ်။ အဲဒီလို ပြောဆိုဆွေးနွေးတာတွေကို မိတ်ဆွေများလည်းစိတ်ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေးပြောဆိုနိုင်ဖို့ တင်ပြလိုက်တာပါ။
(ကျနော်)                 ရှုပ်ကုန်ပြီဗျ။
(မိတ်ဆွေ)      ပစ်တိုင်းထောင်ရုပ်ကြိုးရှုပ်တာလား။ ခင်ဗျားကလည်းဗျာ သင်္ကြန်တွင်းကြီးမှာ။ ဘာတွေရှုပ်ကုန်တာလဲဗျ။
                   “ဒေါ်ဒေစီကျော်ဝင်း” က သူမအပေါ် ရန်သူသဖွယ်ပြုမူပြီး အသက်ကိုရန်ရှာမယ်လို့ ခြိမ်းချောက်နေတဲ့  သားဖြစ်သူ“မောင်အာကာစိုး”ကို သွာနုတ္တသား အဖြစ် ကြေညာကာ ရဲစခန်းတိုင်ကြားပြီး ပြစ်မှုကြောင်းအရအရေးယူမယ် လို့ ဆိုတဲ့ ကိစ္စကိုပြောတာလား။
သားနဲ့ အမိအကြား အခုလိုဖြစ်တဲ့ကိစ္စကကျနော်တို့ လူ့အဖွဲ့အစည်းမှာ  အလေးအနက်ထား စဉ်းစားကြရမယ့် ကိစ္စတစ်ခုဗျ။
(ကျနော်)       အဲဒီကိစ္စနောက်မှပြောဗျာ။ အခုပြောချင်တာ အဲဒီကိစ္စမဟုတ်ပါဘူး။
 အခုရှုပ်ကုန်ပြီဆိုတဲ့ကိစ္စက “အရှိ အရှိအတိုင်းပဲ အသိအမှတ်ပြုပါတယ်” ဆိုတဲ့ ကိစ္စဗျ။ တချို့မီဒီယာတွေက ရေးသားဖေါ်ပြကြတာကလည်း မီဒီယာကျင့်ဝတ်မရှိဘူးဗျ။ ဖွဆွချွန်တွန်းလုပ်ဖို့လောက်ပဲစဉ်းစားတယ်ဗျ။ 
(မိတ်ဆွေ)      “၂၀၁၀ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲရလဒ်” ကို ဘယ်လိုသဘောထားမလဲ၊ “ထွက်ပေါ်လာတဲ့အစိုးရသစ်” အပေါ်ဘယ်လိုသဘောထားမလဲ ဆိုတဲ့ကိစ္စတွေ နဲ့ပတ်သက်ပြီး ကျနော့်အတွက်တော့မရှုပ်ပါဘူးဗျာ။
                   “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ” အပေါ် ဘယ်လိုသဘောထားခဲ့သလဲ ဆိုတဲ့အချက်ကအဓိကပဲဗျ။
 ဒီအချက်အပေါ်ပြတ်ပြတ်သားသားသဘောထားခဲ့ရင် ကျန်တဲ့ “၂၀၁၀ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲရလဒ်” နဲ့ “ထွက်ပေါ်လာတဲ့ အစိုးရသစ်”အပေါ်မှာလည်းပြတ်သားတဲ့သဘောထား ထားနိုင်မှာပဲလေ။
ဘာမှရှုပ်နေစရာမရှိပါဘူး။

( ကျနော်)      အခုဟာက ဒီလိုဗျ။ မီဒီယာတချို့က အခုလိုခေါင်းစဉ်တပ်ကြတယ်လေ။
                   “အစိုးရသစ်ကို အသိအမှတ်ပြုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော”
ဒီတော့ဗျာ နိုင်ငံရေးပိဋိကတ်အိုးကွဲမဟုတ်ရှာတဲ့ ကျနော်တို့ ပြည်သူတွေအကြားမှာ သို့လော သို့လော တွေဖြစ် ကုန်တယ်ဗျာ။ ပိုဆိုးသွားတာက ဒီလိုပြောပြီးရှေ့စဉ်နောက်ဆက်ဆိုသလို “ဒီချုပ် က သမ္မတဦးသိန်းစိန်ထံစာ ရေး” တယ်။
“အရှိ အရှိတိုင်းပဲ အသိအမှတ်ပြုပါတယ်” ဆိုတာရဲ့ မူရင်းဇစ်မြစ်က ဒီလိုလေ။
RFA က သောကြာနေ့ညတိုင်း ထုတ်လွှင့်နေတဲ့ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အမေးအဖြေ အစီအစဉ် မှာ မေးမြန်းသူတဦးက “လက်ရှိအစိုးရကိုအသိအမှတ်ပြုပါသလား” လို့မေးမြန်းခဲ့တယ်။ ဒါကို ဒေါ်အောင်ဆန်း စု ကြည်က အခုလိုဖြေကြားလိုက်တာဗျ။
“အခု အစိုးရသစ်တခုရှိနေတယ်ဆိုတာကို အရှိ အရှိအတိုင်းပဲ အသိအမှတ်ပြုပါတယ်။ တကယ့်ကို ပြည်သူ တွေရဲ့ဆန္ဒကိုလေးစားပြီး ပြည်သူတွေနဲ့ တိုင်းပြည်အတွက်အကျိုးရှိစေမယ့်အစိုးရမျိုးဖြစ်မဖြစ်ဆိုတာကို တော့ နည်းနည်းတော့စောင့်ကြည့်ရအုံးမှာပါ”
ဒီလိုပြောတာကို “အစိုးရသစ်ကို အသိအမှတ်ပြုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော” လို့ ကွက်ပြီး ခေါင်းစဉ် တပ်လိုက်ပြီး သမ္မတဦးသိန်းစိန်ထံဒီချုပ်ကစာပေးတဲ့ကိစ္စနဲ့ကဆက်စပ်သွားတယ်လေဗျာ။ ဒီတော့ရှုပ် ကုန်တာ ပေါ့။
ပြီးတော့ ဒီချုပ်ပြောခွင့်ရ ဦးဉာဏ်ဝင်းကလည်း သမ္မတဦးသိန်းစိန်ထံစာရေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး  (RFA)  နဲ့ ဗျူးရာမှာ –
ဘယ်လောက်ထိမျှော်လင့်သလဲ (RFA) 
“ကျနော်တို့မျှော်လင့်ယုံနဲ့မပြီးပါဘူးခင်ဗျ။
အခုသမ္မတကြီးရဲ့မိန့်ခွန်းတွေကိုကြည့်ရင် ဒါမျှော်လင့်နိုင်တဲ့အချက်တွေရှိတယ်လို့ကျနော်တို့ယုံကြည် ပါတယ်”
NLDရဲ့လှုပ်ရှားဆောင်ရွက်မှုတွေအပေါ်မှာ လက်ရှိအစိုးရအဖွဲ့သစ်သစ်အနေနဲ့ ကန့်သတ်မှုတွေ ထိန်းချုပ်မှုတွေရှိလာ မယ်လို့ မထင်ဘူးလား(RFA) 
“ဒါကတော့သူတို့အပေါ်မှာတည်တဲ့ကိစ္စပဲ။
ကျနော်တို့ အခုအချိန်အထိ ခန့်မှန်းကြည့်ရတာပေါ့နော်၊ ကျနော်တို့ အတွေ့အကြုံတွေအရ ခန့်မှန်းကြည့်ရတာ အဲဒီလိုဖြစ်လာမယ်လို့ မထင်ဘူး အဲဒီလို ကန့်သတ်မှု တွေဖြစ်လာမယ်လို့ မထင်ဘူး” လို့ ဖြေသွားတယ်။  
(မိတ်ဆွေ)      ဘယ်လိုမျှော်လင့်နိုင်တဲ့အချက်တွေရှိတာလဲဗျ။
 ဦးဉာဏ်ဝင်း ပြောတဲ့မျှော်လင့်နိုင်တဲ့အချက်တွေသမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်း ထဲမှာခင်ဗျားရှာမကြည့်ဘူးလား။
(ကျနော်)                 သမ္မတဦးသိန်းစိန်က လောလောဆယ်အချိန်အထိ မိန့်ခွန်း (၃) ခုပေးခဲ့တယ်ဗျ။
      ၃၀ မတ် ၂၀၁၁ ပြည်ထောင်စုလွှတ်တော်မိန့်ခွန်း  (နိုင်ငံတော်အခြေပြုမိန့်ခွန်း)
      ၃၁ မတ် ၂၀၁၁ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့်ဒုတိယဝန်ကြီးများ အား ပြောကြားချက် (အစိုးရအဖွဲ့သို့ပေးသည့်မိန့်ခွန်း)
      ၆ ဧပြီ ၂၀၁၁ သမ္မတဦးသိန်းစိန် ၏ အမှာစကား  တို့ဖြစ်တယ်။
အဲဒီ (၃) ခုထဲမှာ ပြည်ထောင်စုလွှတ်တော်မှာပြောတဲ့မိန့်ခွန်းက အဓိကပိုကျတယ်ဗျ။ အဲဒီမှာတွေ့ရသလောက် အချက် ၃ ချက်ကို မူရင်းအတိုင်း ကောက်နှုတ်ပြချင်တယ်။
– မတူညီတဲ့သဘောထားအမြင်တွေ ရှိကြမှာဖြစ်သော်လည်း တိုင်းပြည်ရဲ့အကျိုးစီးပွားအတွက်တူညီတဲ့ကိစ္စတွေ မှာ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမယ် ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး လုပ်ပိုင်ခွင့် အာဏာကို တရားနည်းလမ်းကျနစွာဖြင့် ရယူကြမယ်ဆိုရင်လူသာဓုခေါ်၊ နတ်သာဓုခေါ် ကြမှာဖြစ်တဲ့အတွက် ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားပြီး လက်ကမ်းကြိုဆိုနေမှာဖြစ်ကြောင်း၊ အသိပေး ပြောကြားအပ်ပါတယ်ခင်ဗျာ။
– ဒီမိုကရေစီစနစ်ကိုပြောင်းလဲရာမှာ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအတွင်းမှာ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားအောင်ဆောင်ရွက်ဖို့ လိုသလို ပြည်သူလူထုအတွင်းမှာလည်း ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားအောင် ဆောင်ရွက်ဖို့လိုပါတယ်။ ဒီလုပ်ငန်းတွေကိုလုပ်ဆောင်တဲ့အခါ ကျွန်တော်တို့အစိုးရအဖွဲ့ဟာလွှတ်တော်အတွင်း ရှိနိုင်ငံရေးပါတီများ၊ လွှတ်တော်ပြင်ပရှိ စိတ်ရင်းစေတနာမှန်ကန်တဲ့ နိုင်ငံရေးအင်အားစုများ အရပ်ဘက်လူမှုအဖွဲ့ အစည်းများအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ကတိပြုပြောကြားလိုပါတယ်။ မြန်မာနိုင်ငံနဲ့နိုင်ငံသူ နိုင်ငံသား များရဲ့ အကျိုးစီးပွားကို လိုလားသူတိုင်းဟာ အခြေခံဥပဒေဘောင်ထဲကသာ နိုင်ငံ နဲ့ လူမျိုးအကျိုး ဆောင်ရွက်ကြဖို့နဲ့ အခြေခံဥပဒေပြင်ပနည်းလမ်းများကျင့်သုံးပြီး လက်ရှိဒီမိုကရေစီဖော်ဆောင်မှုကို ပျက်ပြား အောင်၊ တရားဥပဒေစိုးမိုးမှုနဲ့ တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်ခြင်းများမပြုကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။
– ပြည်ထောင်စုအစိုးရအနေနဲ့ အခြေခံဥပဒေဘောင်အတွင်းက လုပ်ဆောင်မှုအားလုံးကို ကြိုဆိုနေမှာဖြစ်သလို အခြေခံဥပဒေ ပြင်ပကလုပ်ဆောင်မှုများအားလုံးကိုလည်း လက်မခံဘဲ ထိုက်သင့်တဲ့တား ဆီးကာကွယ်မှုတွေ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
(မိတ်ဆွေ)      “အစိုးရသစ်” သဘောထားကရှင်းပါတယ်။
                   ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို လက်ခံ/ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင် ရင်လက်ကမ်းကြိုဆိုမှာဖြစ်တယ်။
အခြေခံဥပဒေပြင်ပက လုပ်ဆောင်လာမှုအားလုံးကိုလက်မခံဘူး၊ ထိုက်သင့်တဲ့တားဆီးကာကွယ်မှုတွေ လုပ် သွားမယ် ဆိုတာပဲလေ။
အချုပ်ကတော့  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ကိုလက်ခံဖို့ပဲဗျ။
(ကျနော်)                 ဟုတ်ပါတယ်။
ဦးဉာဏ်ဝင်း ပြောတဲ့ “မျှော်လင့်နိုင်တဲ့အချက်တွေ” ရှာလို့မတွေ့ဘူးဆိုတာကို ကျနော်ရိုးရိုးသားသား ဝန်ခံပါ တယ်။
(မိတ်ဆွေ)      အမှန်ကတော့ဗျ။ အခုလို ရှုပ်ထွေးမှုတွေ/ပြည်သူတွေအတွင်းသို့လော သို့လော ဖြစ်မှုတွေမဖြစ်အောင် ပြောတဲ့ သူတွေဘက်က အစကတည်းက စကားလုံးရိုးရိုးကလေးတွေနဲ့ ရှင်းရှင်းကလေးပြောသင့်တာဗျ။
 အပြောကပညာတတ်ဆန်လွန်းသွားလေတော့ နိုင်ငံရေးပိဋိကတ်အိုးကွဲမဟုတ်ရှာတဲ့ပြည်သူတွေအဖို့ သို့လော သို့လောဖြစ်ကုန်ရတော့ပေါ့ဗျာ။
“အစိုးရသစ်”အပေါ်ဘယ်လိုသဘောထားတယ်ဆိုတာလူထုနားလည်အောင် ရိုးရိုးရှင်းရှင်းပြောသင့်ပါတယ်။
ဥပမာပြောမယ်ဗျာ –
      ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ဒီချုပ် က လက်မခံဘူး။
      ယခုပေါ်ထွက်လာတဲ့ “အစိုးရသစ်”ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ပေါ်ပေါက်လာတာဖြစ်ပါ တယ်။
      ဒီချုပ်အနေနဲ့ တွေ့ဆုံဆွေးနွေးရေးတံခါးကိုဖွင့်ထားမြဲ ဖွင့်ထားဆဲဖြစ်တယ်။
စသဖြင့်ဆိုရင် လုံလောက်ပါတယ်။
 ဒီနေရာမှာ ဦးဉာဏ်ဝင်းတစ်ယောက်ပြောဖူးတဲ့ (နအဖ) စစ်အစိုးရမှာ Political will မရှိသေးဘူးဆိုတဲ့စကား ကို အမှတ်ရမိတယ်။“ အစိုးရသစ်”မှာရော Political will ရှိပြီလား လို့ မေးချင်တယ်။
Political will ရှိလာတော့မယ့် အရိပ်အယောင်တွေရော ပေါ်လာနေပြီလား။ မြင်တွေ့နေရပြီလား။
(ကျနော်)                 ပြေလည်ရေးလမ်းစကို မရှာဖွေသင့်ဘူးလားဗျ။
 ကိုယ့်ဘက်က ပြည်သူ့အကျိုးရှေ့ရှုပြီး သင့်မြတ်ရေးလမ်းစတွေကို မကမ်းလှမ်းသင့်ဘူးလားဗျ။         
( မိတ်ဆွေ)     “ပြောလည်ရေးလမ်းစ/သင့်မြတ်ရေးလမ်းစတို့၊ တွေ့ဆုံဆွေးနွေးရေးအတွက် စိတ်ကောင်းစေတနာ” တို့ ဆိုတာ ကိုယ့်ဘက် က တစ်ဖက်တည်းရှိနေလို့ ဖြစ်တာမှမဟုတ်တာ။ ကုန်လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်မှာ အကြိမ်ကြိမ် အခါအခါ ကမ်းလှမ်းခဲ့ကြပြီဗျ။ ကိုယ့်ဘက်ကတစ်ဖက်တည်း ဒီလိုသဘောထားနဲ့ဆန္ဒရှိနေရုံ မဖြစ်ခဲ့ဘူးလေ။
                   အားမနာစတမ်း ရှင်းရှင်းပြောရရင် တွေ့ဆုံဆွေးနွေးရေးဆိုတာ (နအဖ) စစ်အစိုးရ/ အစိုးရသစ် တို့က လက်ခံ မှဖြစ်မယ့်ကိစ္စဗျ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်းမှာ (နဝတ-နအဖ) စစ်အစိုးရက လက်မခံခဲ့ဖူးဗျ။
                   လက်ရှိအစိုးရသစ်ကရောလက်ခံမှာလား။
                   အခုလည်း “သမ္မတဦးသိန်းစိန် အစိုးရသစ်”က “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)” ဘောင်ထဲကနေ စကားပြောနေ တာဗျ။
                   မတ်လ (၃၀ )ရက်နေ့မှာပြောတဲ့ သူ့မိန့်ခွန်းထဲမှာ  သမ္မတကြီးက –
“ ၂၀၀၈ ခုနှစ်က ပြည်သူလူထုအများစု ဆန္ဒပြုခဲ့ကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ အတည်ဖြစ်ပြီးဖြစ်တဲ့အတွက် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ မိမိတို့ အစိုးရအဖွဲ့အနေ ဖြင့် တိကျစွာအကောင်အထည်ဖေါ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ပြောထားတယ်လေ။
ခင်ဗျား ဘာကိုမျှော်လင့်မလဲ။
(ကျနော်)       အရှိ အရှိတိုင်း ပြောရင် “ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)”ဘောင်ထဲမှာတော့ မျှော်လင့်စရာဘာမျှမတွေ့မိပါဘူး။
မျှော်လင့်စရာမရှိလို့လည်း “ဒီမိုကရေစီ မိတ်ဆွေပါတီများ” လို့ဆိုတဲ့  ရွေးကောက်ပွဲဝင် (၁၀) ပါတီက “ပြည်ထောင်စုညီလာခံ”  ခေါ်ပေးဖို့ အစိုးရသစ်ထံတောင်းဆိုနေကြတယ်။
(မိုးမခ ဖြည့်စွက်ချက် – ဦးဝင်းတင်နဲ့ မိုးမခမေးခွန်းများ အင်တာဗျူးမှာ အောက်ပါအတိုင်း ဖြေဆိုသွားပြီ ဖြစ်တာကို ထပ်မံဖြည့်စွက်လိုက်ပါတယ်။
မိုးမခမေး – ကောင်းပါပြီ။ ကြံ့ဖွံ့အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြသနာတွေနဲ့ ပတ်သက်ပြီး တိုးတက်ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပေါ်ထွန်းလာအောင်  အတိုက်အခံနိုင်ငံရေးအင်အားစုတွေက ဘာတွေကို ဦးစားပေးပြီး တောင်းဆို လှုပ်ရှားသင့်သလဲ ဆရာ။
ဦးဝင်းတင်ဖြေ –             စစ်အစိုးရက ခန့်အပ်လိုက်တဲ့ ကြံ့ဖွံ့အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို ဘယ်လို ဖြေရှင်းမယ်၊ ဘယ်လို ဆောင်ရွက်ပေးမယ် ဆိုတာတွေက နိုင်ငံရေးအင်အားစုတွေနဲ့ သက်ဆိုင်တယ်။ သူတို့ကို ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုတုန့်ပြန်မလဲဆိုတာကို ရင်ဆိုင်ကြရမှာက ကျနော်တို့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေနဲ့ သက်ဆိုင်ပါတယ်။ ဒါက တပိုင်း။
            သူတို့က ပြောတာက ငြိမ်းချမ်းရေးတံခါးကြီး ဖွင့်ထားတယ်လို့ ဆိုတယ်။ သို့သော် သူတို့ ငြိမ်းချမ်းရေးတံခါးကြီးဆိုတာက ၂၀၀၈ အခြေခံဥပဒေကို သစ္စာခံဖို့၊ အဲသည် အခြေခံဥပဒေကို ကာကွယ်ပေးတဲ့ ရွေးကောက်ပွဲတွေ ၀င်ဖို့ ဒါပဲ ဖြစ်တယ်။ ဒီလို ပြောလိုက်တာကို အပေါ်ယံအားဖြင့် ကြည့်လိုက်ရင် ကြံ့ဖွံ့အစိုးရနဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေက လက်တွဲလုပ်ကြဖို့ပဲ ရှိတယ်။ ဘာလို့ လက်မခံနိုင်စရာရှိရမှာလဲ ဆိုပြီး တချို့တွေက လျောက်ပြောနေကြတာကို ကြားနေရတယ်။
            အစကတည်းက ဒါကိုလက်မခံတဲ့ အင်န်အယ်ဒီပါတီနဲ့ မဟာမိတ်နိုင်ငံရေးအင်အားစုတွေအနေနဲ့ကတော့ လက်ရှိ ကြံ့ဖွံ့အစိုးရနဲ့ ရင်ဆိုင်တဲ့နေရာမှာ သူတို့ပြောနေတဲ့ ၂၀၀၈ အခြေခံဥပဒေကို သစ္စာခံဖို့ထက် ဒီမိုကရေစီနည်းလမ်းမကျတဲ့ အချက်အလက်တွေကို ပြုပြင်ဖို့၊ ဒီမိုကရေစီနည်းလမ်းကျတဲ့ အခြေခံဥပဒေကို ပေါ်ထွန်းအောင် ၀ိုင်းဝန်း ဆောင်ရွက်ကြဖို့က အဓိကကျတယ်။ နောက်တချက်ကလည်း သာမန်ရွေးကောက်ပွဲဝင်တာထက် ဒီမိုကရေစီနည်းလမ်းကျတဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို အာမခံမှုရှိတဲ့ ရွေးကောက်ပွဲတရပ် ပေါ်ထွန်းဖို့က အရေးကြီးတယ်။ ဒီမိုကရေစီကျတဲ့ လွတ်လပ်ပွင့်လင်းတဲ့ လွှတ်တော်တွေ ဖြစ်ပေါ်ဖို့ ဖြစ်တယ်။ ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေး၊ ဒီမိုကရေစီရေး လူ့အခွင့်အရေး ပေါ်ထွန်းရန် တွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့ကို နိုင်ငံရေးအင်အားစုများ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
         
          အသေးစိတ်ကို သည်နေရာမှာ သွားဖတ်နိုင်ပါတယ်။ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts