ခရီးသွား ဆောင်းပါး ရသဆောင်းပါးစုံ

ဇာနည်ဇော်ဝင်း – ကျွန်တော် မာလိန်မှူး

ဇာနည်ဇော်ဝင်း – ကျွန်တော် မာလိန်မှူး

(မိုးမခ) ဇန်န၀ါရီ ၂၉၊ ၂၀၁၆
(သူ့ဖေ့ဘုတ်ခ်မှ ပြန်လည်ကူးယူသည်)

ဒီနိုင်ငံမှာ လူဦးရေထက် Boat ၊ ရေတံခွန်နဲ့ လှိုင်ခေါင်းတွေ အရေအတွက်က ပိုများလိမ့်မယ်ထင်ပါတယ်။ လူဦးရေက ငါး သန်းကျော်ကျော် လောက်ပဲရှိတာပါ။ ဒါပေမယ့် တအိမ်ထောင်မှာ boat တွေက အနည်းဆုံးတစီးမက ရှိကြပါတယ်။ ကျွန် တော့်သူငယ်ချင်းတွေတောင် အလယ်အလတ်တန်းစား boat တစီးနဲ့ speed boat တစီးရှိပါတယ်။ ချမ်းသာရင် ချမ်းသာ သလို ကောင်းကောင်းဝယ်စီးကြပါတယ်။ Viking အမျိုးအနွယ်တွေဆိုတော့ ရေကြောင်းလမ်းခရီးကို အသွေးအသားထဲကကို စိတ်ပါဝင်စားကြပါတယ်။ ကားမဝယ်ရင်သာနေမယ်… သင်္ဘောတို့ ရွက်လှေတို့ ဘုတ်တို့ကိုတော့ မဖြစ်မနေဝယ်ထားကြ တာပါ။

နော်ဝေးကိုစရောက်ပြီးနောက်တရက် boat trip ထွက်ကြပါတယ်။ ရာသီဥတုကလည်း ကိုယ့်ဖက်ပါနေပါတယ်။ အပူချိန်က 6ံC ဖြစ်နေတာကလွဲရင် နေသာနေပါတယ်။ ရိက္ခာတွေအပြည့်အစုံနဲ့ BBQ လုပ်တဲ့ Portable စက်လေးကို boat ပေါ်တင် လာခဲ့ပြီး မြစ်ကမ်းတလျှောက် မောင်းလာခဲ့ပါတယ်။ တည်းခိုရာ နေအိမ်ရှေ့မှာ Gloma river ရှိပါတယ်။ အိမ်က River side ပါ။ ကားပါကင်သဘောလိုပဲ ဘုတ်အစီးရေ (၃၀) လောက်ရပ်လို့ရတဲ့ ဘုတ်ပါကင်လည်းရှိတာကို တွေ့မြင်မိပါရဲ့။ ကိုယ့်သတ် မှတ်ရာနေရာမှာသာ ဆိုက်ကြရပါတယ်။ တနှစ်တခါ အစိုးရကို ပါကင်ကြေး ငွေပေးသွင်းကြရပါတယ်။

မာလိန်မှူးက ကျွန်တော်ပါ။ မအံ့သြကြပါနဲ့။ ဘုတ်ပေါ်မှာ GPS လည်းတပ်ထားတော့ လမ်းမှားစရာမရှိပါဘူး။ သက်တောင့် သက်သာနဲ့ပဲ မောင်းလာတာပါ။ ကားမောင်းသလို ညာကပ်မောင်းပါ။ မည်သည့် သင်္ဘော၊ ဘုတ်မျိုးမဆို ညာဖက်မှာ Starport နဲ့ ဘယ်ဖက်မှာ Port ဆို ပြီးရှိပါတယ်။ Starport က အစိမ်းရောင်မီးထွန်းထားပြီး Port ကတော့ အနီရောင်ပေါ့။ ညဖက်မှာ ကိုယ့်ရှေ့တည့်တည့်က သင်္ဘောလာနေရင် အစိမ်းရောင်နဲ့ အနီရောင်မီးကို စုံမြင်နေရပါ့မယ်။ အနီရောင်မီး ပဲမြင် နေရရင် ကိုယ့်ရှေ့ကသင်္ဘောက ကိုယ့်ရဲ့ညာဖက်ကနေ ကန့်လန့်ဖြတ် သွားနေတာလို့သိရပြီး အစိမ်းရောင်မီးကိုပဲတွေ့ရင် တော့ ကိုယ့်သင်္ဘောရဲ့ဘယ်ဖက်ကနေ ကန့်လန့်ဖြတ်သွားနေတာလို့ သိနိုင်ပါတယ်။ ကိုယ့်သင်္ဘောအတိုင်းပဲ အနောက်က ဖြစ်ဖြစ် အရှေ့ကဖြစ်ဖြစ် ဘယ်ဖက်မှာ အနီရောင်နဲ့ညာဖက်က အစိမ်းရောင်ဆိုတာတွေ့ရင် ရှေ့ဆင့်နောက်ဆင့် လမ်း ကြောင်းအတူတူ သွားနေကြတာပါ။

မြစ်ရိုးတလျှောက်မောင်းလာပြီး မြို့လယ်ဈေးဝယ်စင်တာနားရောက်တော့ရပ်ပြီး ဈေးဆင်းဝယ်ပါတယ်။ ကင်လို့ရမယ့် အ သား ငါးနဲ့ အသီးအရွက်တွေပါ။ မြစ်က မြို့ရဲ့အလယ်ကနေ ဖြတ်သန်းစီးဆင်းသွားပါတယ်။ ဈေးဝယ်ပြီးတော့ မြစ်ကနေ တဆင့် ပင်လယ်အစွန်းနားက ကျွန်းပေါ်မှာရှိတဲ့ Jon ရဲ့ summer house ဆီမောင်းသွားပြီး BBQ လုပ်စားကြပါတယ်။ ဓါတ် ငွေ့အိုးပါ တွဲပါတဲ့ BBQ စက်လေးက မီးသွေးမလို ထင်းမလိုဘဲ အလုပ်ဖြစ်ပါတယ်။ ပုဇွန်ဖမ်းလို့ရတဲ့ရာသီဖြစ်တဲ့အတွက် ကျွန်းပေါ်မှာပုဇွန်ဖမ်းတဲ့ Boat တွေ တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ဆီမှာလို ပုဇွန်ကြော့တွေ ပုဇွန်ကြားတွေ မရှိပါဘူး။ ပုဇွန် အကောင်ကြီးမျိုး Lobster တွေပဲရှိတာပါ။ တစ်နှစ်မှာ သတ်မှတ်ထားတဲ့ရက်အတွင်းမှာပဲ ဖမ်းလို့ရပါတယ်။ ခိုးဖမ်းရင်တော့ ဒဏ်ငွေအများကြီး ပေးဆောင်ရပါလိမ့်မယ်။

အပြန်ခရီးက ဒီရေတက်နေပြီမို့ လှိုင်းထန်နေပါတယ်။ ကျွန်တော် မာလိန်မမှူးတော့ပါဘူး။ ကြောက်ပါတယ်။ ရေကိုဆန် တက်ရတော့ ထင်သလောက်ခရီး မပေါက်လှပါဘူး။ Jon က အားပေးပါတယ်။ မကြောက်ပါနဲ့တဲ့။ Chicken wave လေး တွေပါတဲ့။ ဖျားဖျား။ ကြက်ပြေးလှိုင်းလေးတွေမို့ပဲ။ အိမ်သာပြန်ရောက်တယ်။ ကြောက်တုန်းပဲဗျ။ မြန်မာ့သွေးမို့သာ မနည်း အားတင်းနေခဲ့ရပြီး မချိပြုံးလေးတွေနဲ့ အချိုသပ်ထားခဲ့ရတာပါ။ မနေ့ညနေကလည်း Ove နဲ့ Heidi တို့ လင်မယားက ညစာ ဖိတ်ကျွေးလို့ သွားစားကြတာ Jonရဲ့ Speed boat နဲ့ပါ။ Ove တို့အိမ်နဲ့နီးတဲ့ ကမ်းမှာကပ်ပြီး လမ်းလျှောက်သွားကြပါတယ်။

Speed boat စီးရတဲ့ အရသာကလဲ တမျိုးကောင်းသဗျ။ ရည်းစားစထားဖူးတဲ့အချိန်ကလို အသည်းတရားရား ရင်တဖိုဖိုပါ။ အိမ်ကမိန်းမကြားရင် တမျိုးထင်နေပါအုံးမယ်။ ကြောက်စ်။ နော်ဝေးတွေကကျွေးတာ မက္ကဆီကန်အစားအစာတဲ့။ ခရမ်းချဉ် သီးလှီးထားတာ တပန်းကန်။ ဆလပ်ရွက် တပန်းကန်။ ပြောင်းဖူးစေ့ တပန်းကန်။ ကြက်သားနဲ့ကျွဲသား တပန်းကန်စီ။ ပလာတာလိုအပြားတွေက တပန်းကန်။ sour creamက တပန်းကန်။ ထောပတ်သီးက တပန်းကန်။ အချဉ်ရည်က တပန်း ကန်။ ကြက်သွန်နီလှီးထားတာက တပန်းကန်။ ကြက်သွန်မိတ်က တပန်းကန်။ ငရုတ်သီးစိမ်းပါးပါးလှီးထားတာက တပန်း ကန်..။

စားရတာကတော့ ဒီလိုပါ။ ပလာတာထဲကို ကြိုက်တဲ့ အသားထည့်ပြီး လိပ်လိုက်ရပါတယ်။ ပြီးတော့ ကိုယ့်ပန်းကန်ထဲကို အသီးအရွက်တွေအားလုံးထည့် cream ထည့်။ အချဉ်ရည်ထည့်။ ထောပတ်သီးထည့်။ အားလုံးရောသမမွှေပြီး ပလာ တာစားလိုက် အသီးအရွက်စားလိုက် စားရတာပါ။ ရေးရတာမောသလို စားရတာလည်း အင်မတန်မောပါတယ်။ ဒီတော့ မင်းက မစားခဲ့ဘူးလားလို့မေးရင်တော့  စားရတာပေါ့ ဗျာ။ မစားရင် ဘာသွားစားမလဲ။ ကိုယ်တွေက ထမင်းလေးတစေ့လောက် ဗိုက်ထဲဝင်သွားမှ အာသာပြေတတ်တာလေ။ နို့မို့ဆိုရင် ငတ်သွားမှာပေါ့။ မဟုတ်ဘူးလား။ ခင်ဗျားတို့ဆိုရင်ကော ဘယ် လိုလဲ။ ကဲပြော…။

znzw
141006


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts