ကဗျာ

ဒီလူည – ဒီအရစ်မှာ သေပန်းတွေ တလက်လက်ပွင့်လို့ အပြုံးကို လိုက်ကာချလိုက်တယ်

ဒီလူည – ဒီအရစ်မှာ သေပန်းတွေ တလက်လက်ပွင့်လို့ အပြုံးကို လိုက်ကာချလိုက်တယ်
(မိုးမခ) ဇန်န၀ါရီ ၂၉၊ ၂၀၁၆

လစ်မစ်ကျော်သွားတဲ့အမူးသမား တယောက်ရဲ့
ရမ်းကားမှုတွေလို အရှင်လတ်လတ်အလင်းရောင်လအောက်မှာ
ခြုံခိုတိုက်ခိုက်ခံနေရတဲ့ ရွာတရွာ
မနက်ဖြန် အင်္ဂါဂြိုဟ်သွားမယ်
အဲဒီစိတ်ကူးနဲ့ နှိုးလိုက်တဲ့ သက္ကရာဇ်တွေ
ရှို့လိုက်တဲ့ ဦးနှောက်တွေ
ရေတံခွန်တခုက ရေတွေစီးဆင်းနေသလို မဟုတ်ပြန်ဘူး ….။

အလင်းနှစ်ချီသွားရမယ့် ခရီးစရိတ်တွေအတွက်
အာဖရိက ကလေးငယ်တွေ ပေါင်မုန့်လျှော့စားရမယ်။

မဟုတ်ပြန်ဘူး
အဲဒီစစ်ချက်က နည်းပညာချို့ယွင်းမှုတွေနဲ့
အခုမှ အခုမှ
ဒါနောက်ဆုံးပေါ်နည်းပညာနဲ့ ရေစစ်တခုလို စစ်ထုတ်လိုက်တဲ့ အတင်းတပုဒ် ….။

ကမ္ဗာကြီးထက် ငါးဆမကကြီးတဲ့
လူသားတွေနေထိုင်လို့ရတဲ့ ဂြိုဟ်ကြီး တွေ့ပြီတဲ့။
ပျော်စရာ ရေခဲတွေ အရည်ပျော်ကျလာသလို ဖယောင်းတွေအရည်ပျော်လာသလို
ဒါနောက်ထပ် ငါတို့ ပျော်ရမယ့်နေ့တွေ
အမှောင်တွေ တိုးဝင်လာသလို
ဒါ ဒုက္ခသည်တွေအတွက်
နောက်ထပ် ရှို့လွှတ်လိုက်တဲ့ ဂြိုဟ်တုတလုံး ….။

နှစ်တွေ
ရေထဲနှစ်ထားတဲ့ နှာခေါင်းတစ်ခုလို မွန်းကြပ်ကြပ် ကိုလိုနီတွေ
ခုထိ တရားမရ
ငရဲခွေးတွေလိုက်ဆွဲနေသလို ဆွဲဆွဲချ နေတယ်
ရွာတရွာကို သွေးတွေ သံတွေနဲ့ ရေနှစ်ခါ ဆေးပြီးပြီ
ဘာပြန်ရလဲ
မျက်ရည်တွေ အကျိုးအပဲ့တွေ
ပြိုပျက်ကျလာတဲ့ အုတ်ကျိုး အုတ်ပဲ့တွေလို
ဘဝတွေ ကျိုးကြေ ပျက်ရှ
သုဿန်တစ်စပြင်လို အနိဌာရုံတွေရဲ့ ရယ်မောသံတွေ ….။

ဒါပေမယ့်
အလံတွေက ခုထက်ထိ လွှင့်ထူနေတုန်း
ငြိမ်းချမ်းရေးကတစ်ဖက် အဆိပ်လက်နက် က တစ်ဖက် နဲ့
အလုပ်အရှုပ်ဆုံးနဲ့ အလုပ်မဖြစ်ဆုံး လက်မှတ်တွေ
လှည့်မကြည့်နဲ့!
ပြေးတော့ ပြေးတော့
ခေတ်လွန် ပန့်ခ်လူငယ်တယောက်လို
အိုင်တီရာသီဥတု
ချစ်သူနှစ်ဦးရဲ့နှလုံးသားကို လေလံတင်လိုက်ပြီ
ဂီတာသံလား  လီဗာသံလား  မဟုတ်ပြန်ဘူး
“ကိုကိုရေဖုန်းလာနေတယ် ကိုကိုရေ ဖုန်းလာနေတယ်” ဆိုတဲ့အသံ
မာဖီးယားဆန်ဆန် ရွာကြီးကို ခါးစောင်းတင်နေတဲ့ အဖွဲ့အစည်းတွေ
ဟိုတစ်ပွင့် ဒီတစ်ပွင့် ဟုန်သွားတဲ့ ပဲပင်တွေလို
အိုဘားမားရဲ့ ဒုတိယသက်တမ်းမှာ လက်နက်တွေရောင်းကောင်းလာတယ် ….။
မိနစ် ၂၀ မှာ အိန္ဓိယအမျိုးသမီးတစ်ယောက် အဓမ္မကျင့်ခံနေရတယ် ….။

မငြိမ်းချမ်းနိုင်တဲ့ ငြိမ်းချမ်းမှုတွေနဲ့
ပဲခူးလည်း ရောက်ခဲ့ပြီ
စစ်ကိုင်းလည်းရောက်ခဲ့ပြီ
အစားတလုတ် တုတ်တချက် အဲဒီခေတ်လိုမဟုတ်ဘူးတဲ့
ချက်ဆို ငယ်ထိပ်ပါ မီးတောက်လောင်နေပြီဆိုပြီး
ခုတော့ အစားတစ်လုတ်နဲ့ အသက် နှစ်ရာပေးလိုက်ရတဲ့ ဆီးရီးယားကမနက်တွေ
ဆောရီးဆိုရုံနဲ့တော့
ကြွေလွင့်သွားတဲ့ ပန်းတွေက ပြန်ပွင့်မလာဘူး
တမိနစ်လောက် ငြိမ်သက်ပေးကြပါ တစက္ကန့်လောက် အသက် ရှူရပ်ပေးကြပါ
ဘုမသိ ဘမသိ ကျဆုံးသွားတဲ့ ကြယ်ပွင့်လေးတွေအတွက်
မျက်ရည်အစစ်နဲ့ ငိုပေးကြပါ
တချွင်ချွင် အသံဗလံတွေနဲ့ အသားပေါတဲ့ရွာက
သွေးဆုံးနေတဲ့ အမှန်တရားနဲ့ ထစ်ခဲဆို
တုတ်ဆွဲ ဓားဆွဲ ငယ်ကျင့်က မပျောက်နိုင်ဘူး ….။   ။

ဒီလူည


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts