>treasure of my life, poems from my heart – 06

>

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၆)
တင်မိုး
ဇန်န၀ါရီ ၁၊ ၁၊ ၂၀၁၁

(၁)
“ဘန်ကောက်”ဆိုတဲ့အသံ ကြားခဲ့ဖူးတာကြာပြီ။ ကလေးဘ၀ထဲက။ အလှူပွဲ၊ ရှင်ပြုပွဲ ပွဲလမ်းသဘင်တိုင်းမှာ လူကြီးသူမများ ဘန်ကောက်လုံချည် တရွှမ်းရွှမ်း။ ဘန်ကောက်လုံချည် ပိုးထည်ကို လက်တဆုပ် နဲ့ ဆုပ်လို့ရသတဲ့။ ဆူးချုံပေါ် ပစ်တင်လိုက်ရင် ဆူးမငြိဘဲ လျှောခနဲကျသတဲ့။
ရေနံရောင်၊ နံ့သာရောင်၊ မြင်းချေးရောင်စတဲ့ အရောင်စုံ ဘန်ကောက်ပိုးထည်လုံချည်များ ပွဲနေပွဲထိုင်မှာ ခပ်ကြွားကြွား။ မောင့်ကျက်သရေခေါင်းပေါင်းနဲ့ လိုက်ဖက်လှပေသား။ ဒုတိယကမ္ဘာစစ်မတိုင်မီနဲ့ စစ်ပြီးစ ကာလများ။

စစ်ပြီးစမဂ္ဂဇင်းတွေ ၀တ္ထုတွေဖတ်၊ စာရေးဆရာတွေကို စိတ်ဝင်စားလာမိတယ်။ ကဗျာနုနုရွရွ လှလှပပ ရေးတတ်တဲ့ ဒဂုန်တာရာက ဘန်ကောက်လုံချည် အမြဲဝတ်သတဲ့။ ဘန်ကောက်လုံချည် ခါးက မချဘူး..တဲ့။

အမြဲကြားနေရတဲ့အသံ။ ဘန်ကောက်…ဘန်ကောက်။ ထိုင်းနိုင်ငံရဲ့ မြို့တော်ဘန်ကောက်။ အခုမှပဲ ရောက်တော့တယ်။ စုလစ်မွမ်းချွန်တွေနဲ့။ ကွန်ကရစ်တိုက်တွေနဲ့။ မိုးပျံတံတားတွေနဲ့။ ဘုရားကျောင်းကန် ဘုံပျံနန်းတွေနဲ့။ ကနုတ်ကပီ နရီဂဇာ အဆင်တန်ဆာတွေနဲ့။ သီတာ၊ ရာမ၊ ဒဿဂီရိတွေနဲ့။ အို… ဆန်းကြယ်လှပ ကြွကြွမောက်မောက် ရွှေမြို့တော် ဘန်ကောက်တဲ့လေ။

(၂)
ကာတွန်းဆရာကြီး ဦးဘဂျမ်းရဲ့ “လိပ်ကမ္ဘာမကြီး” ပုံပြင်ထဲကလို “ရသမျှငါး မယ်ဒွေးဈေးသင်ဖို့ချည်း” ဆိုသလို ကျွန်တော့်အဖို့မှာလဲ တွေ့သမျှ ကြုံသမျှ ကဗျာဖွဲ့ဖို့ချည်းပါပဲ။ သက္ကရာဇ် ၂၀၀၀ ဒီဇင်ဘာလက ထွက်ခဲ့တဲ့ စာပေခရီးကလဲ ခရီးရှည်တခု။ နိုဝင်ဘာကတည်းက အမေရိကားကထွက်လာ။ ဥရောပ ဘယ်လ်ဂျီယမ်မှာ တထောက်ဝင်နား။ ပြီးတော့ ချိုင်းနားအဲယားလိုင်းနဲ့ သြစတြေးလျ ဆစ်ဒနီရောက်။ ဆစ်ဒနီကဆက်တဲ့ အကြိုပန်းတပွေ့နဲ့ ချမ်းမြေ့ရွှင်လန်း စာပေပန်းတွေဖြန့်ကြဲ၊ မဲလဘုန်း၊ ကင်ဘာရာ မှာလဲ ထပ်ဆင့်နွှဲ။ ပြီးတော့ တိုကျိုမြို့တော်ခရီးဆက်။ တိုကျိုပြီးတော့ နာဂိုယာမှာ စာပေတံခါးအဖွင့်။ အိုဆာကာ။ ကျိုတို၊ ဟာမမတ်စု စတဲ့ လှပတဲ့နေရာတွေကို နှင်းလွှာရုံလှပ်အကြည့်၊ ပီတိတွေလျှမ်းလျှမ်း ထ၊ ထိုမှအပြန် တိုင်ပေလေဆိပ် တငေးငေးပြီး အတွေးမျှင် စိတ်ကူးယဉ်တွေ တည်ဆောက်၊ ဘန်ကောက်သို့ ရောက်လာပါပေရော။

ခရစ်ယာန်တည်းခိုရိပ်သာ၊ ဆွစ္စလော့ဂ်ျဟိုတယ်၊ စိန့်ဂျိန်းဟိုတယ်နဲ့ ခေတ်ပြိုင်ရိပ်သာမှာ နားနားနေနေ အပန်းဖြေနေခိုက် ဆောင်းနေပြင်းပြင်းမှာ လေညင်းကလေးကို တောင့်တရင်း ကဗျာတွေ ဖွဲ့မိပြန်ပါတယ်။

ဖွဲ့မိပုံက

၃။
“ဘန်ကောက်ည”

ဘန်ကောက်ည၏
လှပဆန်းတင့်၊ စိန်ပွင့်ကြယ်ပွင့်
ပန်းရောင်ပန်းပွင့်၊ မိုးမြင့်တိုက်များ
ဖားလျားရွက်ဝေ၊ သပြေလိုလို
ပျဉ်းမလိုနှင့်၊ ကုက္ကိုယောင်ယောင်
မြစိမ်းရောင်တို့၊ မြောက်တောင်ယိမ်းနွဲ့
စိမ်းလဲ့ဝါးရုံ၊ ခေတ်ပုံစံမြောက်
ဈေးကြီးဆောက်လျက်
ထိုးဖောက်ခေတ်သစ်၊ ပဒေသရာဇ်နံ့
သင်းပျံ့ယစ်ဖွယ်၊ မိန်းမငယ်တို့
ဆေးခြယ်မြှူဆွ။ ဘန်ကောက်ည။

ဟိုတယ်ကြီးမား၊ မိုးပျံရထား
စည်ကားအုတ်ကျက်၊ တခဲနက်တည့်
ကားဆက်စီတန်း၊ လမ်းမပြည့်ကျပ်
ဖိနပ်စီးကြက်၊ ကပွဲတက်ဖို့
လျှပ်လက်သည့်အလား၊ ဖြတ်၍သွားကြ
လမ်းကြားမှာဈေး၊ လမ်းဘေးဆိုင်တန်း
လမ်းလျှောက်ရင်းစား၊ အငှားကားရှုပ်
တုတ်တုတ်မြည်ကျူး၊ ညဥ့်ဦးယံကျော်
မော်တော်ဆိုင်ကယ်၊ တုံ့လှယ်ပြေးလွှား
ဖန်သားမှန်သား၊ ဂျပန်ကားစုံ
မနားမရပ်၊ တောင်ပံခတ်သည်
လွပ်လပ်ပျော်သော ဘန်ကောက်ည…။

၎။
အင်း…ဘန်ကောက်ညကို ကဗျာဆေးခြယ်သမိတယ်။ အိုက်စပ်ဖျင်းဖျင်းဆောင်းတွင်း ဘန်ကောက်မှာ ကဗျာဆရာတယောက် ဟိုရောက်သည်ရောက် စိတ်ကူးရင်း “ဘုရားသာရှိ တရားမရှိ” ဆိုတဲ့ ကဗျာ ဖွဲ့ဖြစ်ပြန်ပါတယ်။ အဲဒီကဗျာကတော့ ဒီလိုပါ။

“ဘုရားသာရှိ တရားမရှိ”

ဆီလုံရပ် ဆွစ္စလော့ဂ်ျမှ
အသော့မြန်စွာ ထွက်ခွာသိမ်း
စန့်ဂျိမ်းဟိုတယ်ပြောင်းခဲ့တယ်။

ဆုခုမ်ဗစ်လမ်းတဲ့
ယောက်လမ်းနဲ့ခပ်ဆင်ဆင်
အာရှအသွင်ဆိုင်တန်းကလေးတွေ
လမ်းနံဘေးမှာခင်း
ထမင်းအ၀စား
တက္ကဆီကားတွေ ဆိုင်ကယ်တွေနဲ့
မြိုင်လယ်ဗွေမှာ သစ်ပင်ပန်းမာလ်
ဝေဆာဆာ
ပျော်စရာစခန်းပါပဲ။

ကောင်းကင်လမ်းမှာ ရထားပြေး
အများငေးရတဲ့ အင်ပိုရီယမ်
ဆူညံညံ ကားသံတွေကြားထဲ
သမီးလက်တွဲ မြေးလက်ဆွဲလို့
မရဲတရဲနဲ့ လမ်းဖြတ်ကူး
မရောက်ဖူးတဲ့ဒေသမို့
ဆွေပြ မျိုးပြ အလည်ထွက်သလိုပါ။

အရှေ့တောင်အာရှမှာ
မြန်မာက နောက်ကျန်
ရန်ကုန်က သေးနုပ်
သိဂုင်္တ္တရ ကုန်းမြေပေါ်က
ရွှေတိဂုံစေတီတော်သာ မရှိခဲ့ရင်
ဇာတိပျောက် မာန်ပျောက်
ခေါက်ရိုးကျေ ကျပ်တန်နွမ်းလို
မျက်နှာပန်းလှနိုင်မှာမဟုတ်။

ရွှေတိဂုံနဲ့ ပုဂံ
မြန်မာမှာ ကျန်သေးလို့
ဇာတိမာန်မစို့တစို့
နှစ်ချို့ကလေးတွေ့နိုင်သေးတယ်
ခေတ်အရေးမှာတော့
တစ်မပြေးနိုင်တော့ပါတကား။

အလျှံတောက်နေတဲ့
ဘန်ကောက်ဆိုတဲ့မြို့ကြီး
စစ်မီးလဲမလောင်ဖူး
စစ်ရူးတွေလဲ မလွှမ်းမိုး
ရှေးရိုးပဒေသရာဇ်
ဘုရင်စနစ်ပင်ဖြစ်သော်လဲ
ဒီခေတ်မှာအမှီလိုက်
အကြည်ဆိုက်နေနိုင်မှုကြောင့်
သာဓုခေါ်ခဲ့ရပါတယ်။

ဗုဒ္ဓဘာသာနိုင်ငံချင်းတော့ တူပါရဲ့
ကံကြမ္မာမတူတော့
မြန်မာဟူသမျှ မှေးမှိန်
ဂုဏ်သိက္ခာ သေးသိမ်ပြီး
ခွေးအိမ်မှာ စံရတဲ့အဆင့်ပါကလား။

ငါတို့မြန်မာနိုင်ငံ
သယံဇာတ ပေါကြွယ်ဝ
ဥတုရာသီကလဲမျှတ
စိတ်နေလဲ လှပါရဲ့။
ဘ၀ပေး ကုသိုလ်
ဘာတွေများလိုနေလို့
မပုတိုက နသိုးမွေး
အကုသိုလ်ကအကျိုးပေးနေရပါလိမ့်။

ဘုရားသာရှိပေမဲ့
အမှားအတိနဲ့
တရားမရှိတဲ့နိုင်ငံရယ်လို့
အမှန်အတိုင်း မှတ်ချက်ချကြလျှင်
ဒေါသအမျက်
ခံနိုင်ခက်ကြလေမလား မသိ။ ။

တင်မိုး
၃၁၊ ၁၊ ၂၀၀၁

ခေတ်ပြိုင်ဂျာနယ် အတွဲ (၉၄)၊ မတ် ၂၀၀၁



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts