>Suu and RFA listeners on Jan 7

>

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”
ကမ္ဘာလှည့်ခရီးသည်၊ အခွန် ၂ ထပ်၊ အကြမ်းမဖက် လှုပ်ရှားမှု
RFA
ဇန်န၀ါရီ ၁၄၊ ၂၀၁၁
(AP photo)
ကိုထွေး (ပြင်သစ်)၊
ကိုထွေးလေး (ရန်ကုန်)၊
ဦးခင်မောင်စိုး (မန္တလေး)၊
မသွယ်သွယ်ဇော် (မလေးရှား)၊
ကိုနောင်နောင် (ဂျပန်)
မမြကြေးမုံ (နော်ဝေ) တို့၏ မေးခွန်းများ

ဒေါ်အောင်ဆန်းစုကြည်၏ အဖြေများ


ဇန်န၀ါရီ ၇၊ ၂၀၁၁ RFA ထုတ်လွှင့်ချက်

မေးခွန်းမေးသူ။ ။ ကိုထွေး(ပြင်သစ်)
Q: အန်တီစုခင်ဗျား။ ကျွန်တော် ပဲရစ်က ကိုထွေး ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံကနေ ဒီမိုကရေစီရေးအတွက် တတ်အားသရွေ့ ဆောင်ရွက်နေသူတစ်ဦး ဖြစ်ပါတယ်။

ဥရောပ နိုင်ငံတွေကနေ မြန်မာပြည်ကို အပျော်ခရီး အလည်အပတ်များ သွားနေကြပါတယ်။ မြန်မာပြည်ကနေလည်း ခရီးသွားကုမ္ပဏီများမှတဆင့် စတိုးများအနေနဲ့ ဥရောပသို့ လာရောက် လည်ပတ်နေကြပါတယ်။ tourism လုပ်ငန်းနှင့် ပတ်သက်ပြီး ၂၀၁၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား အမြင်ကို သိပါရစေခင်ဗျား။

A: ကိုထွေးတို့လို နိုင်ငံရပ်ခြား ရောက်နေပေမယ့် မြန်မာနိုင်ငံဒီမိုကရေစီရေးအတွက် တတ်အားသရွေ့ ဆောင်ရွက်နေတယ် ဆိုတဲ့ လူတွေဆီက ကြားရတယ် ဆိုလို့ရှိရင် အများကြီး ကျေနပ်ပါတယ်။ ၀မ်းလည်း ၀မ်းမြောက်ပါတယ်။ အားလည်း တက်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ပတ်သက်လို့ကတော့ အန်တီတို့အနေနဲ့ ဘယ်လို ခရီးသည်တွေကို ဘယ်လိုပုံစံနဲ့ လာတာ အားပေးသင့်တယ်။ ဘယ်လိုပုံစံနဲ့လာတာကို အားမပေးသင့်ဘူး ဆိုတာကို စဉ်းစားပြီး ဆွေးနွေးနေပါတယ်။ အဖြေပေါ်တဲ့ အခါကျလို့ရှိရင် အားလုံး သိအောင်လို့ ပြောမှာ ဖြစ်ပါတယ်။

မေးသူ။ ။ ကိုထွေးလေး (ရန်ကုန်)

Q: ကရင်နှစ်သစ်ကူးနေ့မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကရင်ခေါင်းဆောင်တွေက လိုလားစွာ လာပြီး ပေးတဲ့ ကရင်ဝတ်စုံလေးကို ၀တ်ပြီးတော့ ရုံးတက်စေချင်တယ်ပေါ့နော်။ အလားတူ အခြားတိုင်းရင်းသား ခေါင်းဆောင်တွေက ပေးတဲ့ ၀တ်စုံတွေကို သူတို့ရဲ့ သက်ဆိုင်ရာ ပြည်နယ်နေ့တွေ၊ သူတို့ရဲ့အမျိုးသားနေ့၊ သူတို့ရဲ့နှစ်သစ်ကူးနေ့တွေမှာ ၀တ်ဆင်ပြီးတော့ ရုံးတက်မယ်။ မီဒီယာတွေ၊ သံအမတ်တွေနဲ့ ဧည့်သည်တွေကို တွေ့မယ် ဆိုရင် သက်ဆိုင်ရာ တိုင်းရင်းသားတွေကို လေးစားရာကျသလို၊ တိုင်းရင်းသားတွေကိုလည်း စည်းရုံးရာမှာ အောင်မြင်မယ်လို့ ထင်တယ်။

A: ကရင်နှစ်သစ်ကူးနေ့ဟာ ရုံးပိတ်ရက် ဖြစ်ပေမယ့် အဲဒီနေ့မှာ ကရင်တိုင်းရင်းသား ၀တ်စုံ ၀တ်ပြီးတော့ ကရင် တာလပေါဟင်း စားဖို့ အမေစီစဉ်ထားပါတယ်။ တခြား တိုင်းရင်းသားတွေနဲ့ ဆိုင်တဲ့ နေ့ထူး နေ့မြတ်တွေမှာ ဆိုလို့ရှိရင်လည်း ဒီတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုအရ ၀တ်ဆင်ပြီးတော့ တတ်နိုင်သမျှ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်း အစဉ် အလာတွေကို အားပေးမယ်လို့ အမေ စီစဉ်ထားပါတယ်။ ဒီလို အကြံတွေပေးတဲ့ အတွက်လည်း ကျေးဇူး တင်ပါတယ်။

မေးသူ။ ။ ကိုခင်မောင်စိုး (မန္တလေး)

Q: ကျွန်တော်တို့နိုင်ငံမှာ အုပ်ချုပ်တဲ့သူရော အုပ်ချုပ်ခံ လူတန်းစား ကျွန်တော်တို့ attitude ပြောင်းဖို့ လိုတာပေါ့ဗျာ။ attitude ပြောင်းမှ ကျွန်တော်တို့လည်း အပြောင်းအလဲဖြစ်မှာပေါ့ဗျာ။ တကိုယ်ကောင်း မဆန်ဖို့၊ အတ္တမကြီးဖို့။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်နဲ့လည်း လုပ်လို့မရဘူးလေ။ ကျွန်တော်တို့နိုင်ငံက နိုင်ငံတကာမပြောပါနဲ့ အိမ်နီးချင်းနိုင်ငံနဲ့ စာရင်ကို အများကြီး ကျန်ခဲ့ပြီ။ ကျန်ခြဲ့ပီ ဆိုတော့ ကျွန်တော်တို့ အတွေးအခေါ်တစ်ခု ပြောင်းပြီးတော့မှ ကျွန်တော်တို့ အလုပ်လုပ်မှ အပြောင်းအလဲဖြစ်မယ် လို့ ကျွန်တော် ထင်လို့ပါ ခင်ဗျား။ လူတွေ အတွေးအခေါ် ပြောင်းအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ ကျွန်တော် မေးပါတယ်ခင်ဗျာ။

A: ကျွန်မ စောစောကတည်းက စစ်မှန်တဲ့ တော်လှန်ရေး ဆိုတာဟာ စိတ်ဓာတ်တော်လှန်ရေးပဲ ဖြစ်တယ် ဆိုတာ ပြောခဲ့ပါတယ်။ ဒီလိုစိတ်တွေကို ပြောင်းနိုင်မှ တကယ် ကိုယ့်တိုင်းပြည်ကို ပြောင်းနိုင်မှာပါ။ ကိုယ်လိုချင်သလို ပြောင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလို စိတ်တွေ ပြောင်းနိုင်ဖို့ အတွက်ကတော့ လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။ လေ့ကျင့်ချင်တဲ့ ဆန္ဒလည်း ရှိရမယ်။ အောင်မြင်ခြင်း တရား လေးပါးအရ ပြောရမယ်ဆိုလို့ရှိရင်၊ ဆန္ဒရှိရမယ်။ ၀ီရိယရှိရမယ်။ စိတ်ဓာတ်ရှိရမယ်။ ပညာ ရှိရမယ်။ အဲတော့ ကျွန်မတို့ဟာ ပထမဦးဆုံးတော့ ကိုယ့်ကိုယ်ကို ပြောင်းလဲသင့်တယ် ဆိုတာကို လက်ခံပြီးတော့ ပြောင်းလဲချင်တဲ့ ဆန္ဒပေါ်မှာ အခြေခြံပီးတော့၊ စပြီး ကြိုးစားရမယ်လို့ ကျွန်မ ထင်ပါတယ်။

မေးသူ။ ။ မသွယ်သွယ်ဇော် (မလေးရှား)

Q: မလေးရှားမှာ အလုပ် လာလုပ်တာ လေးနှစ် ရှိပါပြီ။ အန်တီစုရယ်… သမီးကတော့ ယုံကြည်မှုကို လက်ကိုင်ထားပြီး အမြဲတမ်း မလျှော့တဲ့ ဇွဲနဲ့ သတ္တိရှိရှိ ထာဝရ ကြိုးစားသွားမယ်။ သမီးလို စိတ်ဓာတ်မျိုး လူတိုင်းမှာ ညီညီညွတ်ညွတ် ရှိနေစေချင်တယ်။ နောက်ပြီး နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာဖို့ အတွက် အန်တီစု အနေနဲ့ ဘယ်လို ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာ သိပါရစေရှင်။ ကျေးဇူး တင်ပါတယ်။

A: သမီးဟာ ယုံကြည်မှုကို လက်ကိုင်ထားပြီးတော့ မလျှော့တဲ့ ဇွဲနဲ့ အမှန်တရားအတွက် သတ္တိရှိရှိ ထာဝရကြိုးစားသွားမယ် လို့ ပြောတဲ့ အခါကျတော့ အန်တီ အင်မတန်မှ ကျေနပ်ပါတယ်။ အားရပါတယ်။ အန်တီတို့ဟာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တစိုက်မတ်မတ် ကြိုးစားနေပါတယ်။ တကမ္ဘာလုံး သိအောင်လို့ ဒီနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီး၊ နိုင်ငံရေးဖြစ်စဉ်မှာ အားလုံးပါဝင်နိုင်မှသာ တိုးတက်မှု ရှိနိုင်မယ်။ တကယ့်ကို သာယာဝပြောပြီးတော့ အင်အား တောင့်တင်းတဲ့ နိုင်ငံကြီး ဖြစ်နိုင်မယ် ဆိုတာ အများ သိနိုင်ဖို့အတွက် အများ လက်ခံနိုင်ဖို့အတွက် အစဉ်တစိုက် ကြိုးစားသွားမှာပါ။ သမီးတို့ အနေနဲ့လည်း တတ်နိုင်သမျှ ကြိုးစားသွားပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

မေးသူ။ ။ ကိုနောင်နောင် (ဂျပန်)

Q: မြန်မာနိုင်ငံသားတွေဟာ နိုင်ငံတော်အတွက် ဆိုပြီး အခွန်ငွေ လစဉ် ပေးဆောင်နေကြရသလို တဖက်မှာလည်း မိမိ နေထိုင်လျက်ရှိတဲ့ သက်ဆိုင်ရာ အစိုးရကိုလည်း Income Tax ပေးဆောင်နေကြရတဲ့ အတွက် ၀င်ငွေခွန်ကို ကျွန်တော်တို့အနေနဲ့ နှစ်ဖက် ပေးဆောင်နေကြပါတယ်။ အဲဒီလိုမှ ပေးဆောင်ခြင်းမရှိတဲ့သူတွေကို သက်ဆိုင်ရာမြန်မာနိုင်ငံသံရုံးက passport သက်တမ်း ကုန်ဆုံးသွားတဲ့ အခါ ပြန်လည် သက်တမ်းတိုးပေးခြင်း မရှိပါဘူး။ ဒီလိုမျိုး လုပ်ရပ်နဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်သလိုမျိုး ခံစားရပါတယ်။

A: နိုင်ငံ အတော်များများမှာတော့ နှစ်နိုင်ငံမှာ အကောက်အခွန် မပေးရအောင်လို့ စည်းကမ်း ဥပဒေတွေ ထုတ်ထားတာ ရှိပါတယ်။ ကျွန်မတို့ နိုင်ငံမှာကျတော့ ဒီလို စည်းကမ်းဥပဒေတွေ မရှိတဲ့ အခါကျတော့ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကျွန်မတို့ နိုင်ငံသားများဟာ မိမိတို့နေနေတဲ့ နိုင်ငံရော၊ ဒီနိုင်ငံရောကို အခွန်အကောက်တွေ ပေးနေရတဲ့ အခြေအနေမှာရောက်နေတာပါ။

ဒီအခွန်အကောက် ငွေတွေကို ပြည်သူတွေအတွက် ဘယ်လိုသုံးလဲ ဆိုတာ သိရအောင်လို့ ဆိုတာဟာ ပွင့်လင်း မြင်သာမှုရှိတဲ့ အုပ်ချုပ်ရေးစနစ် တခု ရှိဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေ အတွက် အကောက်အခွန်များကို မှန်မှန်ကန်ကန်နဲ့ သုံးဖို့ ဆိုလို့ရှိရင် ပွင့်လင်းမြင်သာမှုရှိတဲ့ တာဝန်ယူမှုရှိတဲ့ အုပ်ချုပ်မှုစနစ်တခုဟာ တကယ့်ကို လိုအပ်နေပါတယ်လို့ ကျမ ပြောပါရစေ။

မေးသူ။ ။ မမြကြေးမုံ (နော်ဝေ)

Q: မဟတ္တမဂန္ဒီနဲ့ မာတင်လူသာကင်း ဂျူနီယာတို့ရဲ့ အကြမ်းမဖက် ငြိမ်းချမ်းစွာ လှုပ်ရှားမှုကို ကျွန်မတို့ တိုင်းပြည်မှာ ဒီအတိုင်း ကြိုးစားလာခြဲ့ကတာ နှစ်ပေါင်း ၂၀ ကျော်ခြဲ့ပီ။ အခုအထိ မအောင်မြင်သေးတဲ့ အခါကျတော့ ဘာများ ကျွန်မတို့မှာ အားနဲချက်တွေ ရှိနေသလဲ။ ဒါမှမဟုတ်ရင် ကျွန်မတို့ကြိုးစားတဲ့ ဒီ အကြမ်းမဖက် ငြိမ်းချမ်းစွာ လှုပ်ရှားမှု နည်းနာကပဲ ကျွန်မတို့ အတွက် မှားများ နေသလား။ ကျွန်မတို့ဟာ အားနဲတယ်၊ တာဝန်မကျေဘူး လို့ နောက် generation က ဝေဖန်
ထောက်ပြလာခဲ့ရင် အဲဒါ ကျွန်မတို့ ဘယ်လိုများ ပြန်ဖြေရှင်းရမလဲ။

A: အိန္ဒိယနိုင်ငံ လွတ်လပ်ရေးတိုက်ပွဲနဲ့ အမေရိကန်ပြည်ထောင်စုမှာ လူမည်းများ အခွင့်အရေး အပြည့်အ၀ ရဖို့ တိုက်ပွဲတွေဟာ ဆယ်စုနှစ်တွေ များစွာ ကြာခဲ့ပါတယ်။ ဒါကြောင့်မို့လို့ အကြမ်းမဖက်တဲ့နည်းနဲ့ လုပ်တာဟာ အချိန်ယူရတယ် လို့ပြောကြတာပါ။

မဟတ္တမဂန္ဒီဟာ ဆိုလို့ရှိရင် အကြမ်းဖက်တဲ့ နည်းတွေထက် အကြမ်း မဖက်တဲ့နည်းတွေ သုံးတာဟာ ပိုပြီးတော့ သတ္တိလိုတယ် လို့ ပြောခဲ့ပါတယ်။ ဇွဲ သတ္တိတွေ လိုတာပေါ့နော်။

ဒါကြောင့်မို့လို့ အန်တီတို့နိုင်ငံမှာလည်း အကြမ်းမဖက်တဲ့ နည်းနဲ့ လုပ်ဖို့ ဆိုတာဟာ ဇွဲ သတ္တိ အများကြီး လိုတယ်။ အန်တီတို့ဟာ ဇွဲ ၀ီရိယနဲ့ ဆက်ပြီးတော့ လုပ်သွားရမယ် လို့ ထင်ပါတယ်။ ဒီလို ကြာတာဟာ အန်တီတို့ရဲ့ မှားယွင်းချက် တစ်ခုခုကြောင့်လည်း ဖြစ်နိုင်တာပေါ့နော်။ အဲဒါတွေကတော့ အမြဲပဲ လေ့လာနေရမှာပဲ။ ကိုယ်ဘာလုပ်ခဲ့သလဲ၊ ဒီလို လုပ်တာ မှန်သလားမှားသလား၊ ဒါတွေကတော့ အမြဲပဲ စဉ်းစားဆင်ခြင် သုံးသပ်နေရမှာပါ။

ဒါပေမယ့်လည်း အန်တီတို့လုပ်တဲ့ အလုပ်ဟာ ကိုယ့်အတွက် မဟုတ်ဘူး၊ ကိုယ့်အချိန်ကာလမှာတင် အောင်မြင်ဖို့အတွက် မဟုတ်ဘူး။ နောင်ခေတ် အဆက်ဆက်အတွက် ဖြစ်တယ် ဆိုတော့ စိတ်ရှည်ရှည်နဲ့ ဇွဲရှိရှိနဲ့တော့ လုပ်သွားရမှာပဲ။ ကိုယ့်အချိန်အခါမှာ ကိုယ်လုပ်သင့် လုပ်ထိုက်တာတွေကို ကိုယ် လုပ်သွားလို့ရှိရင် နောင်လာမယ့် မျိုးဆက်တွေဟာ အန်တီတို့ကို တာဝန် မကျေခဲ့ဘူးလို့ ပြောမှာ မဟုတ်ပါဘူး။ အန်တီတို့ တာဝန်ကျေခဲ့လို့ သူတို့ရဲ့ အနာဂတ်တွေဟာ ပိုပြီးတော့ ကောင်းနိုင်တယ် လို့ပဲ ပြောမှာဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts