>Rushing for Regime’s Luttaw Law Books caused accidents

>

လွှတ်တော် ဥပဒေ၊ နည်းဥပဒေ စာအုပ်များ တိုးဝှေ့ဝယ်ကြ၊ လူတွေ ထိခိုက်ဒဏ်ရာရ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇန်န၀ါရီ ၁၄၊ ၂၀၁၁
ယခုသီတင်းပတ် အဂါင်္နေ့မှ စတင်ရောင်းချသည့် လွှတ်တော် သုံးရပ်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် အခြားသော ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ၊ စာရင်းစစ်ချုပ်ဥပဒေ စာအုပ်များဝယ်ယူရရှိရန် စာအုပ်ဆိုင် မဖွင့်မီကတည်းက စောင့်ဆိုင်းနေရပြီး ရောင်းချသည့်အခါတွင်လည်း တိုးဝှေ့ဝယ်ယူမှုကြောင့် ထိခိုက်အနာတရဖြစ်မှုများပင်ရှိသည်ဟု သွားရောက်ဝယ်ယူသူ တဦးကပြောသည်။
         ဖြစ်ပျက်ပုံမှာ စာအုပ်ရောင်းချပြီး ၃ ရက်မြောက်သည့် ယနေ့နံနက်တွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင်တွင် စာအုပ်ဝယ်ယူရရှိရန်အတွက် စောင့်ဆိုင်းနေကြသည့် လူအုပ်က စာအုပ်စတင်ရောင်းချသည့်အချိန်တွင် တိုးဝှေ့ရင်း စာအုပ်ဆိုင်မှန်ဗီဒို ကွဲပြီးနောက် စာအုပ်ဝယ်ယူသူတချို့ ခြေထောက်တွင် မှန်ကွဲစထိရှဒဏ်ရာရခဲ့ခြင်းဖြစ်သည်။
    စတင်ရောင်းသည့်နေ့၏ နေ့ခင်းတွင်ပင် စာအုပ်ရောင်းကုန်သွားခြင်း၊ နောက်တနေ့တွင်လည်း အရေအတွက်အနည်းငယ်သာ ရောင်းချပေးခြင်းကြောင့် တတိယမြောက်နေ့တွင် နံနက် ၉နာရီမတိုင်မီကတည်းက လူ၂၀၀ ၀န်းကျင် စာပေဗိမာန်စာအုပ်ဆိုင်တွင် စောင့်ဆိုင်းနေကြပြီး ၉နာရီခွဲ ၀န်းကျင် စာအုပ်ရောင်းသည့်အချိန်တွင် တိုးဝှေ့ဝယ်ယူကြခြင်းဖြစ်သည်။
      ယနေ့နံနက် စာအုပ်မရောင်းချမီ စာပေဗိမာန်မှ စာတည်းမှူးက ၀ယ်ယူသူများအထဲတွင် လွှတ်တော် ကိုယ်စားလှယ်နှင့် ၀န်ထမ်းများ ပါဝင်သလားဟုမေးပြီး အဆိုပါ ပုဂိုလ်များအား ဦးစားပေးရောင်းချပေးမည့် သဘောပြောသဖြင့် လာရောက် ၀ယ်ယူသူအချို့က ပြစ်တင်ဝေဖန်ပြီးနောက်မှ သာမန်လူများကိုပါ တပြေးတည်း ရောင်းချပေးခဲ့သည်ဟု ၀ယ်ယူခဲ့သူကပြောသည်။ 
      ဥပဒေ နှင့် နည်းဥပဒေ ၁၇ မျိုးပါဝင်သည့် စာအုပ် တစ်စုံကို ၂၉၀၀ ကျပ်ဖြင့်ရောင်းချပြီး စာအုပ်အတွင်းဘက်တွင် စာအုပ်ရိုက်နှိပ်သည့် ရက်စွဲမှာ ၂၀၁၀ ခု အောက်တိုဘာ ၂၁ရက်နှင့် ၂၈ ရက်စွဲရိုက်နှိပ်ထားသည်ကို တွေ့ရသည်။ နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲ  မတိုင်မီကတည်းက ရိုက်နှိပ် ပြီးဖြစ်သော်လည်း ၂ လခွဲအကြာယခုအချိန်မှာ အဆိုပါဥပဒေများအား ထုတ်ပြန်ခြင်းဖြစ်သလို စာအုပ်အလုံအလောက် ဖြန့်ဖြူးခြင်း မပြုသေးသည့် အချက်က ထူးဆန်းနေသည်ဟု ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာ တဦးကပြောသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts