ဟံသာဝတီ ဦးဝင်းတင်

MoeMaKa Interview with U Win Tin – Burmese Draft and Political Prisoners

>

စစ်မှုမထမ်းမနေရ ဥပဒေ၊ နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်ရေး ကွန်ယက် နဲ့ …
ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ
ဇန်န၀ါရီ ၁၃၊ ၂၀၁၁
မြန်မာစစ်အုပ်စုရဲ့ စစ်မှုမထမ်း မနေရ ဥပဒေကို နိုဝင်ဘာ ၄ ရက်မှာ ပြဋ္ဌာန်းခဲ့ပြီး ဖြစ်တယ်။ ဒါကို ရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း အခု ၂၀၁၁ နှစ်သစ်မှာ အများပြည်သူတွေက သိရှိခွင့် ရကြတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပမှာ ပြောဆိုမှု၊ ဝေဖန်ဆွေးနွေးမှုတွေ အများအပြား ဖြစ်နေတယ်။ ဒါကိုရော ဆရာက ဘယ်လိုပြောချင်ပါသလဲ။
  စစ်မှုမထမ်းမနေရဥပဒေကို ပြဋ္ဌာန်းတာနဲ့ ပတ်သက်ပြီး အများကြီး ပြောဆိုနေကြတယ်။ ဒီလိုဥပဒေမျိုး ပြဋ္ဌာန်းရတယ် ဆိုတာက နိုင်ငံတနိုင်ငံမှာ ကာကွယ်ဖို့ အင်အားမရှိတဲ့ အချိန်မှာ လုပ်တယ်။ နောက်တခုကတော့ နိုင်ငံမှာ စစ်အင်အားကို အမြဲတမ်း အပြည့်မထားချင်တဲ့အခါမှာ အရေးပေါ် စစ်မှုထမ်း ဆင့်ခေါ်နိုင်အောင် လုပ်တာမျိုး ရှိတယ်။ အခုအချိန်မှာ မြန်မာပြည်မှာ နိုင်ငံခြားက အန္တရာယ်တွေ ကျရောက်နိုင်ဖို့ ရှိသလား ဆိုရင် မရှိဘူးလို့ ပြောရမှာပဲ။ အိမ်နီးချင်း နိုင်ငံတွေက စစ်လက်နက် အင်အားတွေနဲ့ ကျူးကျော်လာနေတာတွေလည်း မတွေ့ရဘူး။ ဥပမာ အိမ်နီးချင်း တရုတ်လို နိုင်ငံမျိုးက ဆိုရင် စစ်သားတွေ၊ လက်နက်တွေနဲ့ ၀င်လာမယ့်အစား ပေါက်တူးတွေ၊ ပေါက်ပြားတွေ၊ ဂေါ်ပြားတွေနဲ့ ဂက်စ်တွေ၊ သယံဇာတတွေ တူးဖော် သယ်ဆောင်ဖို့ ၀င်လာနေတာပဲ တွေ့နေရတယ်လို့ ပြောရမှာပဲ။ အိန္ဒိယတို့ ထိုင်းတို့ကလည်း အလားတူပဲ။ ဘာမှ စစ်ရေး အန္တရယ် မရှိဘူး။
    တိုင်းပြည်မှာ ပြည်ပက အန္တရာယ် မရှိဘူးဆိုရင် ပြည်တွင်းက အန္တရာယ်ကို စိုးရိမ်ရအောင်ကလည်း စစ်အာဏာရှင်တွေဘက်က ကြောက်ရ စိုးရိမ်ရမယ့် အင်အားဟာ တိုင်းသူ ပြည်သားတွေပဲ ရှိတယ်။ ပြည်သူတွေကို ဖိနှိပ်ဖို့ နှိမ်နှင်းဖို့ စစ်အာဏာရှင်တွေက စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရတယ်ဆိုရင်လည်း ဒါဟာ မလိုအပ်ဘူး လို့ ပြောချင်တယ်။
     တကယ်တမ်း စစ်မှုမထမ်းမနေရ လုပ်ခဲ့မယ် ဆိုရင်လည်း စစ်အာဏာရှင်တွေဖက်က ဖြေရှင်းရမယ့် ကိစ္စတွေကလည်း အများကြီး ရှိတယ်။ ဥပမာအားဖြင့် စစ်မှုထမ်းဟောင်းတွေကို ဘယ်လိုမျိုး အပြင်လောကမှာ ဘယ်လို အသက်မွေးဝမ်းကြောင်းအလုပ်တွေနဲ့ အဆင်ပြေအောင် ဘယ်လို စီစဉ်ပေးမှာလဲ၊ ပြင်ဆင်ပေးမှာလဲ။
နောက်တခုကတော့ အခုအချိန်ကတည်းက ကလေးစစ်သားပြသနာတွေ၊ အဓမ္မလုပ်အားပေးခိုင်းတာတွေနဲ့ စစ်အာဏာရှင်တွေကို နိုင်ငံတကာက ဝေဖန်ထောက်ပြနေရတာတွေ၊ အရေးယူပြောဆိုနေရတာတွေ အများကြီး ရှိနေတယ်။ အိုင်အယ်လ်အိုလိုမျိုး အဖွဲ့အစည်းမှာ တိုင်ကြားထားတဲ့ အမှုအခင်းတွေ အများကြီး ရှိနေတယ်။ ဒါတွေကို ဘယ်လို သူတို့ ရင်ဆိုင်မှာလဲ။
ကျနော်က စစ်ရေးတွေ ဘာတွေ နားလည်လို့ ပြောတာမဟုတ်ပါဘူး။ အခုလိုမျိုး ပြဋ္ဌာန်းလိုက်တာကို နိုင်ငံရေးရှုထောင့်ကနေပြီး ဆွေးနွေးပြတာပါ။
နောက်မေးခွန်းတခုကတော့ အခု ဇန်န၀ါရီလဆန်းမှာ စတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်လို့ ဆောင်ရွက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေကို မိသားစုတဦးကဲ့သို့ စောင့်ရှောက် ကူညီတဲ့ နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေး ကွန်ယက် စတင်နေပြီ ဖြစ်ပါတယ်။ အဲသည်ကွန်ယက်မှာ လူကိုယ်တိုင် မိသားစုတဦးလို၊ မိတ်ဆွေတဦးလို ကိုယ်ထိလက်ရောက် ကူညီကြဖို့ မဲနှိုက်ကြတာတွေ ရှိသလို အဝေးကနေပြီးတော့ ဘယ်လိုမျိုး ကူညီ စောင့်ရှောက်မှုတွေ ပေးနိုင်ကြမှာလဲလို့ မေးနေကြတာတွေ ရှိပါတယ်။ နယ်က အကျဉ်းသားတွေကို စောင့်ရှောက်နိုင်ဖို့၊ ရန်ကုန်က အကျဉ်းသားတွေကို နယ်က ကူညီအားပေးနိုင်ဖို့၊  ပြည်တွင်းက အကျဉ်းသားတွေကို ပြည်ပက မြန်မာမိသားစုတွေက အားပေးကူညီ ထောက်ခံကြောင်း ပြသနိုင်ဖို့ ဘယ်လို ဆောင်ရွက်နိုင်မလဲ ဆိုတာမျိုးတွေ မေးလာကြပါတယ်။ ဒါကို ဘယ်လို ပြောမလဲ။
       ဟုတ်ကဲ့ပါ။ ခုချိန်မှာ လူငယ်ကွန်ယက်၊ သတင်းဂျာနယ်လစ်ကွန်ယက်၊ ဥပဒေပညာရှင်များ ကွန်ယက် စတာတွေကို ပြောဆိုဆွေးနွေး အကောင်အထည် ဖော်နေကြတယ်။ ဖော်ကြတယ် ဆိုရာမှာလည်း အချင်းချင်း ချိတ်ဆက်ပြီး ထိစပ်ပြီး လက်တွဲ လုပ်ကြတဲ့ သဘောပါပဲ။ ဒေါင်လိုက် အပေါ်အောက် လှုပ်ရှားတာမဟုတ်ဘူး။ အလျားလိုက် လှုပ်ရှားကြတာ ဖြစ်တယ်။ လူတိုင်း လုပ်နိုင်ကြတယ် ဆိုတာကို သိစေချင်တယ်။
         သည်လိုပဲ အခု ကျနော်တို့မှာ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီဖို့ ကွန်ယက်ကို စတင်တယ်။ အင်န်အယ်ဒီမှာ စာရင်းရှိထားတဲ့ လူ ၆၀၀ က စပြီးတော့ ကျနော်တို့ ကွန်ယက်ကို စတင်တယ်။ နိုင်ငံရေးအကျဉ်းသားဆိုတာမှာလည်း ပါတီဝင်တွေမှ မဟုတ်ဘူး၊ ၈၈ မျိုးဆက်တွေ ရှိတယ်။ ရဟန်း သံဃာတော်တွေ သီလရှင်တွေ ရှိတယ်။ နိုင်ငံရေးလှုပ်ရှားလို့ အားပေးလို့ ဖမ်းဆီး ခံထားရသူတွေ ရှိတယ်။ ဖမ်းချူပ်ပြီး အဖိနှိပ်ခံထားရတဲ့ စာနယ်ဇင်းသမားတွေ အနုပညာရှင်တွေလည်း အားလုံး အကျူးံဝင်ပါတယ်။ ကျနော်တို့ကိုလည်း လာပြီး အကြောင်းကြားကြပါ။ ကျနော်တို့ အစွမ်းကုန် ကူညီ အားပေးနိုင်အောင်လို့ ကြိုးစားပါ့မယ်။
       ကျနော်တို့က ကူညီစောင့်ရှောက်တယ် ဆိုတဲ့နေရာမှာ ကျနော်တို့ ပါတီက ရှိနေတဲ့ ပြည်နယ်နဲ့ တိုင်းအလိုက် ဖွဲ့စည်းထားတဲ့ ပါတီဌာနတွေကတဆင့် အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေကို သွားရောက်ကူညီဖို့ လုပ်ကိုင်နေတာ ဖြစ်တယ်။ သူတို့တတွေကို ကျနော်တို့က အဆင့်ဆင့် ပူးပေါင်းပြီး အလုပ်လုပ်နေတာ ဖြစ်တယ်။ သည်တော့ နယ်က အဝေးက သူတွေကို ကျနော်တို့က လက်ဆင့်ကမ်း ကူညီစောင့်ရှောက်မှုတွေ ပေးနေပါတယ်။
     ဒါဟာ ကျနော်တို့ရဲ့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်တဲ့ ကွန်ယက်ဖြစ်ပါတယ်။ ကျနော်တို့က ကိုယ်တိုင်ကိုယ်ကျ မိသားစုလို၊ မိတ်ဆွေတွေလို ကိုယ်ထိလက်ရောက် ကူညီတာမျိုးကို ဖြစ်ပေါ်အောင် မဲနှိုက်ပေးတာ ဖြစ်တယ်။ သို့သော်လည်း ဖြစ်တဲ့နည်းနဲ့ တတ်နိုင်သလို ကူညီချင်ကြသူတွေကလည်း ရပ်နီး ရပ်ဝေးကနေပြီး နီးစပ်ရာ ပါတီဌာနတွေမှာ တိုင်းနဲ့ ပြည်နယ်တွေမှာ ဆက်သွယ်မေးမြန်းပါ။ ရွေှ့ဂုံတိုင် ရုံးချူပ်ကို ဆက်သွယ်ပါ။ ကူညီအားပေးမှု တတ်နိုင်သလောက် လုပ်ပေးပါ။
         ကျနော်တို့ လူမှုထောက်ကူအဖွဲ့ကို ဦးဆောင်တဲ့သူက ပါတီရဲ့ ခေါင်းဆောင် ဦးတင်ဦးဖြစ်ပါတယ်။ အဲသည်မှာ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးကို တာဝန်ခံထားတာက ဦးနိုင်းနိုင်းတို့ ဖြစ်ပါတယ်။ ရန်ကုန်က ရွှေဂုံတိုင်ရုံးချူပ်ကို ဆက်သွယ်ပြီးတော့ ကူညီနိုင်သလောက် ကူညီမှုတွေ ပေးလို့ရပါတယ်။ သည်လိုမျိုး ပြောချင်ပါတယ်။
     ကျနော်တို့ဆီမှာလည်း ဒီထက်ပိုပြီး ကူညီမှုတွေ ပေးနိုင်အောင်လို့ ရန်ုပုံငွေ ဈေးရာင်းပွဲတွေ လုပ်ခဲ့တယ်။ နောက်လည်း ဆက်ပြီး လုပ်သွားရမှာပဲ။ ဒီကွန်ယက်ဟာ အမြဲတန်း ဆက်လက်တိုးတက် ကျယ်ပြန့်သွားနေတဲ့ နိုင်ငံရေးအကျဉ်းသားများ၊ မိသားစု ကွန်ယက်ဖြစ်တယ်။
        နောက်ဒါနဲ့ ဆက်စပ်ပြီး ပေါ်ပေါက်လာနိုင်တဲ့ ကွန်ယက်ကတော့ နယ်မြေအသီးသီးမှာ ရှိနေတဲ့ အကျဉ်းထောင်များ စောင့်ကြည့်ရေး ကွန်ယက်တွေ ဖြစ်ပါတယ်။ အခုလို နိုင်ငံရေးအကျဉ်းသားများနဲ့ မိသားစုတွေကို ကူညီစောင့်ရှောက်တဲ့ကွန်ယက်ထဲက လူတွေထဲမှာ အကျဉ်းထောင်တခုကို လူ ၅ ဦး ၆ ဦးက ပုံမှန် သွားရောက် ကူညီစောင့်ရှောက်မှုတွေ လုပ်နေရတယ် ဆိုကြပါတော့ … အဲသည် လူ ၅ ဦး၊ ၆ ဦးဟာ အဲသည်အကျဉ်းထောင်ကို စောင့်ကြည့်နေတဲ့ ကွန်ယက်တခု အလိုလို ဖြစ်ပေါ်လာပြီပဲပေါ့။ သည်လိုမျိုး အကျဉ်းထောင်တွေအလိုက် စောင့်ကြည့်ကွန်ယက်တွေ ဖြစ်ပေါ်လာမှာကိုလည်း မြင်ယောင်ကြည့်စေချင်ပါတယ်။ ဒါဆိုရင် အကျဉ်းထောင်တခုထဲမှာ အရေးကိစ္စဖြစ်လာရင် ကွန်ယက်တွေ အဆင့်ဆင့်ကတဆင့် ကျနော်တို့တွေ သိရှိကြမယ်၊ အများပြည်သူတွေ သိရှိကြမယ် ဖြစ်ပါတယ်။ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ကိုင်လာနိုင်မယ် ဖြစ်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ
(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts