>Books on Burmese Regime’s Luttaw Regulation sold under Police Security


>

လွှတ်တော်ဥပဒေနှင့် နည်းဥပဒေများ အပါအ၀င်စာအုပ်ကို လုံထိန်းစောင့်ကြပ်ပြီး ရောင်းချ
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇန်န၀ါရီ ၁၄၊ ၂၀၁၁
       လွှတ်တော်ဥပဒေ၊ နည်းဥပဒေများ အပါအ၀င် အခြားသော ဥပဒေများပါဝင်သည့် စာအုပ် ၁၇ အုပ်တွဲ ရောင်းချပေးရာတွင် အရေအတွက်နည်းပါးလွန်းသဖြင့် ယမန်နေ့အထိ အလုအယက်ဝယ်ယူခဲ့ကြရာမှ ယနေ့တွင် တဦးတစုံ နှုန်းရောင်းချပေးပြီး လုံထိန်းရဲများ၏ အကူအညီကိုယူပြီး တန်းစီဝယ်ယူရန် ထိန်းခဲ့သည်ကိုတွေ့ရသည်။
    ယမန်နေ့က ရန်ကုန်မြို့ ကုန်သည်လမ်း စာပေဗိမာန် စာအုပ်အရောင်းဆိုင်တွင် အလုအယက်တိုးဝှေ့ဝယ်ယူပြီး စာအုပ်မှန်ဘီဒိုကွဲခဲ့ပြီး ၀ယ်ယူသူအချို့ ထိခိုက်ဒဏ်ရာရခဲ့သည်။ ထို့သို့ဖြစ်ပျက်ပြီးနောက် နောက်တနေ့တွင် စာအုပ်အရေအတွက် ပိုမိုရောင်းချပေးလာပြီး တန်းစီဝယ်ယူရန်နှင့် ထိန်းကွပ်ခဲ့သည်ကို လည်းတွေ့ရှိရသည်။ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်း ဋ္ဌာန၏ အရောင်းဆိုင်တွင် ဆူးကြိုးအကာအရံများ နှင့် လုံထိန်းရဲများပါ စောင့်ကြပ်စေကာ စာအုပ်ရောင်းချပေးခဲ့သည်ဟု သွားရောက်ဝယ်ယူခဲ့သူ တဦး၏ ပြောဆိုချက်အရ သိရှိရသည်။
ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့၏ ဥပဒေ၊ နည်းဥပဒေများ ပါဝင်သည့် စာအုပ်ကို လွန်ခဲ့သည့် အင်္ဂါနေ့မှ စတင်ရောင်းချခဲ့ရာတွင် ၀ယ်ယူလိုသည့် အရေအတွက်ထက်နည်းပါး လွန်းသဖြင့် တိုးဝှေ့ဝယ်ယူကြသည့် အဖြစ်သို့ ရောက်ခဲ့ခြင်းဖြစ်သည်။
အချို့သော လွှတ်တော် ကိုယ်စားလှယ်များပင် စာအုပ်ဝယ်ယူမရသေးသည့် အဖြစ်များလည်း ရှိသည်ဟု ပါတီကိုယ်စားလှယ်အချို့၏ ပြောဆိုချက်အရသိရှိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts