ကျော်ဟုန်း – ဘုံ ဓလေ့
(မိုးမခ) မေ ၂၀၊ ၂၀၁၆
“ဟော့ဒီက ကဗျာသည်…
ဝယ်ကြပါဦးလား
အသည်းနှလုံးအစာသွတ်ကဗျာတွေရမယ်”
(စာနယ်ဇင်း မိတ်ဆက်ပွဲနဲ့ နီးစပ်ရာကြား
အလကား ဝေမှ ကုန်တယ်)။
သေမင်းတမန်ရထားလမ်း
မဟာတံတိုင်းကြီး
ပိရမစ်ကြီး
မာယာ ယဇ်မျှော်စင်
အရုဒ္ဓယ ပုထိုးများ
(ခုတော့လည်း
နှောင်း အနိဌာရုံတွေဖျောက်
အပန်းဖြေရာ ဖြစ်လို့ )။
ရိုဘော့မိန်းမချောလေးလောက်
ရိုစီမိန်းမချောလေး အသုံးဝင်ရဲ့လား
အပြုံးတုတွေ စိမ်းလန်းစိုပြေတဲ့ခေတ်မှာ။
ချီးယား …
ဖန်ခွက်ပွတ်တိုက်သံ ကျယ်ပြီး
သာဓုခေါ်သံ ဆိတ်ငြိမ်တိတ်လွန်းတယ်
ဘဝအမောတွေနဲ့ မိတ်ဖွဲ့ ရတဲ့ခေတ်မှာ။
လက်ချင်းချိတ်ထားတဲ့
အသားရောင် ၄ မျိုးကြားမှာ
မြေမြှုပ်ဗုံးလည်း ရှိတယ်၊
အသေခံ ဗုံးလည်း ရှိတယ်။
ချိုးဖြူငှက် စပါးနှံချီ ပျံဝဲနေတာ
စိတ်ကူးလွန် ပန်းချီဆရာတချို့ 
ရေးဆွဲပြလို့  မြင်ဖူးရုံပဲ။
ကမ္ဘာမှာတော့
တေးလင်္ကာတွေနဲ့ 
ရသ ၉ မျိုးကဗျာတွေပေါင်းရင်
ကမ္ဘာ့လူဦးရေထက် များသလောက်
လောကယဉ်ကျေးမှုက
မျိုးပွားနှုန်း နည်းလွန်းသတဲ့။
အခန်းဆက် စစ်ပွဲရှည်နဲ့ 
ခန်းပြောင်းခန်းလွဲများတဲ့ ဇာတ်ရုပ်တွေကြား
တောရိုင်းဓမ္မသတ် ရှင်သန်ထမြောက်ဆဲ။
ဒါပေမဲ့လည်း
ဓမ္မစည်သံ
ခေါင်းလောင်းသံ
ဆွဲလွဲခတ်သံတွေက
အာရုံခံအားလုံးအပေါ်
အကာပါးလေး ဖုံးအုပ်လို့ ။
ကမ္ဘာကိုတော့
လောကသားတွေရဲ့
ဆင်တူရိုးမှားအစုံ ပဉ္စလက်တွေနဲ့ 
ရှေးမူမပျက်
ကွယ်ကွယ်ဝှက်ဝှက်
အလှဆင်တတ်လွန်းလှပါပေ့ကွယ်။ ။
ကျော်ဟုန်း
၂၀၁၆၀၅၁၃။
Illustration – Aung Htet