ဟံသာဝတီ ဦးဝင်းတင်

MoeMaKa Interview with U Win Tin – NLD, Suu & Tatmadaw

>

တပ်မတော်နဲ့ အင်န်အယ်ဒီ မဆုံဖြစ်သေးဘူးလား
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ ။ ဒီဇင်ဘာ ၄၊ ၂၀၁၀
ယမန်နေ့က အင်န်အယ်ဒီပါတီက ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့က သတ်မှတ်ရက် ပြည့်လို့ အကျယ်ချူပ်က လွတ်မြောက်လာသူ တိုင်းပြည်ရဲ့ ဒီမိုကရေစီရေးခေါင်းဆောင် အောင်ဆန်းစုကြည် ပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံတကာက မိတ်ဆွေတွေနဲ့ တွေ့ဆုံ နှုတ်ဆက် ပြောဆို ဆွေးနွေးနေကြတဲ့ ကာလကလည်း ၃ ပတ်မြောက် နီးပါး ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီကွန်ယက်၊ လူငယ်နဲ့ အမျို်းသမီးတို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှု အခန်းကဏ္ဍ၊ ပင်လုံညီလာခံ၊ လူမှုကယ်ဆယ်ရေးလုပ်ငန်းများ  စတဲ့ အကြောင်းအရာတွေကို အများပြည်သူနဲ့ ပြောဆိုလျက် ရှိနေပါတယ်။ တဖက်က စစ်အစိုးရရဲ့ တရားစီရင်ရေးဌာနမှာ အင်န်အယ်ဒီပါတီ တရားဝင်ဖြစ်တည်မှုကို ဥပဒေနည်းလမ်းများနဲ့ အညီ ရင်ဆိုင်လျက် ရှိပါတယ်။
အဲသည်မှာ မေးစရာရှိတာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယခင်ကတည်းက ဆက်သွယ်ရန် သတ်မှတ်ထားသူ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ပဏာမအနေနဲ့ တွေ့ဆုံတာ၊ နှုတ်ဆက်ကြတာ မရှိဘူးလား ဆိုတဲ့ မေးခွန်းပါပဲ။
          ဆရာက ပြောကြားရာမှာ …
          “မတွေ့ရဘူး။ မတွေ့ရဘူး။ ဘာအစအနမှ မရှိဘူး။ ဒီနေ့အထိ ဦးအောင်ကြည်နဲ့ အဆက်အသွယ် မရသေးဘူး။ အဲဒါတွေ အဆက်အသွယ်တွေ မရှိတဲ့အခါကျတော့ တိုင်းပြည်မှာ လူတွေကြားထဲ သို့လော၊ သို့လော သတင်းတွေဖြစ်ပြီး ဟိုပြော သည်ပြောတွေ ဖြစ်ကုန်ကြတာက ဗိုလ်ခင်ညွန့်ကို ခေါ်သွားတယ်တို့၊ ဗိုလ်ခင်ညွန့်က ဒေါ်အောင်ဆန်းစုကြည်တို့၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ထိတွေ့ ဆက်ဆံဖို့ လုပ်လာတာဖြစ်လိမ့်မယ်လို့ အရပ်သတင်းတွေ ဖြစ်လာတယ်လေ။ ဒါက ဒေါ်စုနဲ့ စစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးစေချင်တဲ့ သဘောထားတွေ ပေါ်ပေါက်နေလို့ ဒါမျိုးတွေ အရပ်စကား ဖြစ်လာကြရတာလို့ ဆိုနိုင်တယ်။ ဒါပေမယ့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် တိုက်ရိုက်အရိပ်အယောင် မမြင်ရသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ဖက်ကပဲ တွေ့ဆုံဆွေးနွေးကြရအောင်လို့ ပြောနေတာပဲ ရှိတယ်လို့ ပြောနိုင်တယ်။ ခုချိန်မှာတော့ ဦးအောင်ကြည်က ရှိနေသေးလား၊ ဆက်ပြီးတော့ ထားထားသလားတောင် မသိရသေးဘူး။”
          နောက်မေးခွန်းတခုကတော့ ကလေးမြို့ ဆုံးဖြတ်ချက်နဲ့ ဒုတိယပင်လုံညီလာခံ ခေါ်ဖို့ တိုက်တွန်းနှိုးဆော်ကြတယ်။ ပြီးတော့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီရေး နိုင်ငံရေးအင်အားစုတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးအတွက် တာဝန်ယူ ဆောင်ရွက်နိုင်ဖို့အတွက် အားလုံးက သဘောထားပေးကြတယ်။ အဲသည်မှာ တိုင်းပြည်ရဲ့ လက်ရှိ လက်နက်တွေ အာဏာတွေကို ရယူထားတဲ့ တပ်မတော်အစိုးရကိုကော ကမ်းလှမ်းမှု ဖိတ်ခေါ်မှု အကျယ်တ၀င့် မလုပ်ခဲ့ကြဘူးလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
          “ကလေးမြို့ ဆုံးဖြတ်ချက်မှာ လုပ်တဲ့လူတွေရဲ့ စကားတွေမှာ တပ်မတော်ကိစ္စကတော့ ပါရမယ်၊ ပထမဆုံး ပဏာမအနေနဲ့ တပ်မတော်ကို ဖိတ်မယ်။ တပ်မတော်ဖက်က ဘာမှ ပြန်ကြားခြင်း မရှိခဲ့ဘူးဆိုရင် ဒုတိယပင်လုံညီလာခံခေါ်ယူရေး လုပ်ငန်း အဆင့်ဆင့်တွေက ရပ်ဆိုင်းမသွားဘူး။ ဒို့ဖက်က လုပ်စရာရှိတာတွေ ဆက်လုပ်သွားမယ်။ ပြီင်္းတော့မှာ ဒုတိယအဆင့်မှာ ထပ်မံဖိတ်ကြားမယ်။ နောက် အဆင့်ဆင့်တိုင်းမှာ တပ်မတော်ကို အမြဲတန်း ဖိတ်ကြားသွားမယ်လို့ သဘောထား ရှိပါတယ်။ ဒါကို အင်န်အယ်ဒီကကော၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံထားတယ်။
          အဲသည်မှာ ကလေးမြို့ ညီလာခံမှာ သည်ကိစ္စကို စတင်အကောင်အထည်ဖော်ကြတဲ့ တိုင်းရင်းသားအဖွဲ့တွေကော၊ ၀ါရင့်နိုင်ငံရေးအင်အားစုတွေကကောက ဒေါ်စုနဲ့တွေ့ဆုံကြတဲ့ တာဝန်ပေးအပ်တဲ့ အခမ်းအနားမှာလည်း ဒါကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ တပ်မတော်ကို ဖိတ်ခေါ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ခေါ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုအချိန်မှာ တာဝန်ပေးချက်ကို လက်ခံတာပဲ ရှိသေးတယ်။ မူအားဖြင့် လက်ခံတယ်။ အဆင့်ဆင့် ဘာတွေ ဆက်ပြီး လုပ်သွားမယ်၊ အကောင်အထည် ဖော်သွားမယ် ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘူး။ ဒီလိုမျိုး ပြောလို့ရမယ်။”
          နောက်မေးခွန်းကတော့ ဒီဇင်ဘာ ၁ ရက်မှာ အင်န်အယ်ဒီပါတီရဲ့ အမျိုးသားနေ့ကြေညာစာတမ်းမှာ ထုတ်ဖော်ပြောဆိုရာမှာ “တိုင်းပြည်တွင် အမှန်တကယ် ကြုံတွေ့နေရသော အထွေထွေအကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် အဆုံးအဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များပါဝင်လျက် တွေ့ဆုံဆွေးနွေးကြရန် …” လို့ ဖော်ပြထားပါတယ်။ အဲသည်တော့ တပ်မတော်ဖက်ကနေပြီးတော့ အဆုံးအဖြတ်ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေဆိုတာကို အင်န်အယ်ဒီဖက်က ဘယ်လိုများ ကြိုပြီး အမည်နာမနဲ့ သတ်မှတ်ထားပြီးသား ရှိလို့လား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
          “ဒါကတော့ ဒီလိုပြောချင်တယ်။ ဒါက ပြီးခဲ့တဲ့နှစ်က ကျနော်တို့ထုတ်ပြန်ခဲ့ပြီးဖြစ်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း ရှိပါတယ်။ အဲသည်မှာလည်း အဲသည်အချက်ကို ပြောခဲ့ပြီးပြီ။ ကျနော်တို့ ပြောတာကတော့ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်ချင်း တွေ့ကြပါ … ဒါပဲ။ ဒါက အန္တိမ ရည်မှန်းချက်ပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချူပ်မှူးကြီး သန်းရွှေ၊ သို့မဟုတ်ရင်လည်း ဒုဗိုလ်ချူပ်မှူးကြီး မောင်အေး၊ သူတို့အကြီးအကဲပေါ့ကွာ။ အဆုံးအဖြတ်ပေးနိုင်တဲ့သူ ဖြစ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီဖက်က၊ အတိုက်အခံအင်အားစုဖက်က အဆုံးအဖြတ်ပေးနိုင်မယ့်သူ ဖြစ်မယ်။ ဒါကို ပြောတာ ဖြစ်ပါတယ်။”
          ဒါဆိုရင် မေးစရာတခုကတော့ အကြီးအကဲတွေ၊ ခေါင်းဆောင်တွေ မတွေ့သေးခင်မှာကော အောက်ခြေကနေ အထက် အဆင့်ဆင့်မှာ ရှိနေတဲ့ ခေါင်းဆောင်တွေ အချင်းချင်းကော တွေ့ဆုံဆွေးနွေးကြတာတွေကိုကော ရှိနေပြီလား။ မျှော်လင့်သလား။ လက်ခံသလား ဆိုတာက နောက် မေးခွန်းဖြစ်ပါတယ်။
          “ဒီနေရာမှာ ကျနော်တို့တတွေဖက်က ခေါင်းဆောင် အောက်ခြေကနေ အဆင့်ဆင့် တွေ့ဆုံကြတဲ့နေရာမှာ မှန်ကန်စွာ ချည်းကပ်မှု၊ စည်းစနစ်ကျတဲ့ ချည်းကပ်မှုနဲ့ ပတ်သက်လို့ ကျနော်တို့ဖက်က ဘာမှ မငြင်းဘူး။ ဆိုပါတော့ကွာ … လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆိုရင် ကျနော် ထောင်ထဲမှာ ရှိနေတုန်းက၊ အင်န်အယ်ဒီကို တပ်မတော်အစိုးရက လာကမ်းလှမ်းဖူးတယ် လို့ ပြောတယ်။ အင်န်အယ်ဒီ စီအီးစီ နဲ့တွေ့ချင်တယ်။ ဒါပေမယ့် တဖက်က တွေ့မယ့်သူတွေက ဗိုလ်မှူးကြီး အဆင့်လောက်၊ ကာနယ်လောက်အဆင့်နဲ့ လာတွေ့ကြမှာဆိုတော့ အင်န်အယ်ဒီက လက်မခံလိုက်ဖူး လို့ ကြားတယ်။ တပ်မတော်ဖက်က ဗိုလ်မှူးကြီးလောက် အဆင့်ကနေပြီး ပါတီရဲ့ ခေါင်းဆောင်အဆင့်ကို လာတွှေတယ်ဆိုတာက တပ်မတော်ဖက်က အကြီးအကဲကြီးတွေအဖြစ် ဆုံးဖြတ်ချက် ပေးနိုင်မှာလဲ မဟုတ်တဲ့အတွက် လက်မခံနိုင်တဲ့အကြောင်းကို ပြန်ပြောလိုက်တယ်ကွ။ သဘောကတော့ ဒါပဲ၊ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ အချင်းချင်း တွေ့ကြမယ်။ ညှိနှိုင်းပြီးတော့ တွေ့ဆုံ ဆွေးနွေးရေးတွေ လုပ်ကြပါ။ ကျနော်တို့ သဘောကတော့ ဒါပဲ။
          သို့သော်လည်းပဲ ကြိုတင် ပြင်ဆင်မှုတွေ၊ ကြိုတင်ညှိနှိုင်းမှုတွေ လုပ်ကြဖို့ လိုအပ်တယ် ဆိုရင်လည်းပဲ အောက်ခြေကနေ အဆင့်ဆင့် ဖွဲ့စည်းပုံအတိုင်း ရှိနေတဲ့ အဆင့်ဆင့်သော ခေါင်းဆောင်တွေအချင်းချင်း တွေ့ကြရမှာကို လက်ခံပါတယ်။ အချိုးအဆစ် ညီမျှတဲ့ ဘက်တွေအချင်းချင်း တွေ့ဆုံဆွေးနွေးကြတာကို ကြိုဆိုပါတယ်။
          သူတို့ဖက်က ဆုံးဖြတ်ချက်ကို ကိုင်ထားတာ ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ဖြစ်နေပြီးတော့၊ သူတို့ဆီက ဗိုလ်မှူးကြီးအဆင့်လောက်နဲ့ အင်န်အယ်ဒီဖက်က ဒေါ်အောင်ဆန်းစုကြည်လို၊ သူကဲ့သို့ ခေါင်းဆောင်မှုအဆင့်အတန်းရှိတဲ့ စီအီးစီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ကြတော့ အဆုံးအဖြတ်ပေးနိုင်တဲ့ အနေအထားမျိုး၊ ညှိနှိုင်းနိုင်တဲ့ သဘောထားမျိုး မရှိတဲ့အခါကျတော့ ကျနော်တို့က ဒါကို လက်မခံနိုင်ဘူးလို့ ထောက်ပြရတာဖြစ်ပါတယ်။
          ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချူပ်မှူးကြီး သန်းရွှေတို့ တိုက်ရိုက်မတွေ့နိုင်သေးဖူး ဆိုရင်တောင်မှာ အင်န်အယ်ဒီက စီအီးစီတွေနဲ့ တပ်မတော်ရဲ့ စစ်ကောင်စီတွေထဲက အကြီးအကဲတွေဖြစ်တဲ့ ဒုတိယဗိုလ်ချူပ်မှူးကြီး မောင်အေးတို့ ဗိုလ်တင်အောင်မြင့်ဦး တို့ စသည်ဖြင့်တို့ပဲ ဖြစ်ရမှာပေါ့လို့ ပြောချင်ပါတယ်။
နောက် မေးခွန်းတခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားရင်ကြားစေ့ပေးတဲ့သူ ဖြစ်စေချင်တယ်။ စေ့စပ်ပေးတဲ့သူပဲ ဖြစ်စေချင်တယ်လို့ ပြောနေတာမျိုးတွေ ရှိလာတယ်။ ဒေါ်စုကို Facilitator အဖြစ် မြင်ချင်တယ် ဘာညာနဲ့ လျှောက်ပြောနေတာတွေ ရှိတယ်။ အဲဒါကို ဆရာ ဘယ်လို နားလည်သလဲ။ ဘာပြောချင်သလဲ။
          “ဘာကြောင့် ဒါမျိုးတွေ ပြောလာသလဲဆိုတာကတော့ ကျနော်လည်း နားလည်ကြည့်လို့ မရဘူး။ ကျနော်တို့ နားလည်သလို ပြောရရင်တော့ မြန်မာပြည်ရဲ့ အမျိုးသားနိုင်ငံရေးနဲ့ အထွေထွေ အကြပ်အတည်း ပြသနာကို ဖြေရှင်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအင်အားစုဘက်က ခေါင်းဆောင်အဖြစ် ရှိနေတယ်။ ပြည်သူလူထုက ဒေါ်စုဖက်က ရပ်နေတယ်။ တိုင်းရင်းသားတွေအားလုံးကလည်း ဒေါ်စုဖက်က ရပ်နေတယ်။ တိုင်းရင်းသားတွေ ကိုယ်စား၊ ပြည်သူလူထုကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ပြောနိုင်တယ်။ ဒါကြောင့် ဒေါ်စုက ဘာမှ facilitate လုပ်နေစရာမလိုဘူး။ ဒေါ်စုနဲ့ တိုက်ရိုက်တွေ့ဆုံစကားပြောပြီး ဖြေရှင်းရုံပဲ ဖြစ်တယ်။ ဒါပဲ။
          ဒေါ်စုနဲ့ ဗိုလ်သန်းရွှေနဲ့ အမျိုးသားရေးအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖြစ်ကြမယ် ဆိုရင် အဆင်ပြေအောင်လို့ ကြားထဲကနေပြီး ၀င်ရောက် စေ့စပ်ပေးနိုင်တဲ့၊ ဆွေးနွေး ညှိနှိုင်းပေးနိုင်မယ့် Facilitate လုပ်ပေးမယ်ဆိုတဲ့ သူတွေ၊ အုပ်စုတွေ လိုကောင်းလိုမယ်ပေါ့ကွာ။ အဲသည်လိုမျိုး ဆိုတာတွေကလည်း ခုချိန်မှာဆိုရင် သံတမန်တွေ၊ ကုလသမဂ္ဂကိုယ်စားလှယ်တွေ၊ ကျောင်းသားတွေ၊ ဘယ်သူတွေကပဲ လုပ်လုပ်ပေါ့။ ကျနော်တို့ကလည်း ကြားဝင်တဲ့လူတွေ အမှန်တကယ် လိုအပ်တယ်ဆိုရင် လက်ခံပါတယ်။ ဒါပေမယ့် အဆုံးအဖြတ်ပေးနိုင်တဲ့ ဒေါ်စုကိုယ်တိုင်ကနေပြီး ကြားဝင်တဲ့လူကိုယ်တိုင်တော့ မဖြစ်နိုင်ဘူး။ အဲဒါကို အမြင်ရှင်းကြဖို့ လိုတယ် ထင်တယ်။”
          ဟုတ်ကဲ့ပါဆရာ။ နောက်ဆုံးမေးခွန်းကတော့ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အချိန်ကာလမှာ ဒုတိယပင်လုံညီလာခံကို ခေါ်ယူဖို့ တာဝန်တွေ ပေးကြတယ်။ တိုက်တွန်း နှိုးဆော်မှုတွေ လုပ်ကြတယ်။ တချို့ကကျတော့လည်း ပင်လုံညီလာခံကို အလောသုံးဆယ် လုပ်စရာ မလိုသေးပါဘူး၊ ဘာညာနဲ့ ပြောကြတယ်။ စိုးရိမ်တယ်တို့၊ တပ်မတော်နဲ့ ထိပ်တိုက်မဖြစ်စေချင်ဘူးနဲ့ ပြောကြတယ်။ ဘာလို့ ပြောကြတာလဲ ဆရာ။
          “ အဲသည်မှာ ကျနော့်အမြင်ကတော့ ပင်လုံညီလာခံကို ဦးတည်တဲ့နေရာမှာ အခြေခံ အချက် ၂ ချက်နဲ့ ရင်ဆိုင်ရမယ်။ ကိုင်တွယ်ရမယ် လို့ ထင်တယ်။ ပထမတချက်က အများပြည်သူလူထုတရပ်လုံးရဲ့ လက်ခံမှု၊ နားလည်မှု အတိုင်းအတာ ဘယ်လောက် ရှိနေပြီလဲ။ ရှေ့ကို ဘယ်လောက်ကော အလားအလာရှိလာပြီလဲ။ အမျိုးသားရင်ကြားစေ့ရေးတို့၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးတို့ကို ဖော်ဆောင်ဖို့အတွက် လိုအပ်ချက်တခုဖြစ်တယ် ဆိုတာကို လူတွေက ဘယ်လောက်အထိ လက်ခံသဘောပေါက်သလဲ။ အရေးတကြီး လိုအပ်ချက်အဖြစ် တကယ်ကို ခံယူသလဲ ဆိုတာ က တချက် ဖြစ်တယ်။
          နောက်တချက်ကတော့ စစ်မှန်တဲ့ပြည်ထောင်စုစနစ်နဲ့ မြန်မာပြည်ကို ထူထောင်ဖို့ဆိုတာကို လူတွေက ဘယ်လို မြင်သလဲ။ ဖယ်ဒရယ်ဆိုတာကို ဘယ်လောက်အထိ လူတွေက သဘောပေါက်ထားသလဲ။ ကလေးညီလာခံမှာ သဘောထားပြောကတည်းက ခွဲထွက်ရေး မဟုတ်သော၊ တပြည်ထောင်စနစ်မဟုတ်သော ပြည်ထောင်စု စနစ်လို့ စကားကို ရှင်းအောင် ပြောထားတာကို လူတွေက ဘယ်လောက်အထိ ထဲထဲဝင်ဝင် သဘောပေါက်သလဲဆိုတာက တချက်ဖြစ်လာမယ် ထင်ပါတယ်။”
ဒါဆိုရင်လည်း ဆရာကပဲ မြန်မာပြည်ကြီးက ဖယ်ဒရယ်ပြည်ထောင်စုကနေပြီး တပြည်ထောင်စနစ်အဖြစ် ပြောင်းလဲ အသားကျလာခဲ့ပုံတွေကို နည်းနည်းလောက် ပြောပြနိုင်မလား ဆရာ။
          “သမိုင်းကို ပြန်ကြည့်ရင် ၁၉၄၇ အခြေခံဥပဒေ ရေးဆွဲစဉ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းတို့က တပြည်ထောင်ကို လက်မခံခဲ့ဘူး။ ပြည်ထောင်စုဆိုတာကို လက်ခံခဲ့ပြီးသား ဖြစ်သော်လည်း ဖယ်ဒရယ်ဆိုတာကို ခေတ်အဆက်ဆက် အုပ်ချူပ်သူတွေက လက်ခံခဲ့ကြဘူး။ ပြည်ထောင်စု ဆိုတာအစား တပြည်ထောင်ဆိုတာကို အကောင်အထည်ဖော်ခဲ့ကြတယ်။ အဲဒီအကြောင်းကို မြန်မာပြည်ထောင်စုလွှတ်တော်ထဲမှာ ၄၇ အခြေခံဥပဒေဆွဲခဲ့သူ တဦးဖြစ်တဲ့ ဦးချန်ထွန်းက ပြောဖူးတယ်။ ပင်လုံမှာ ဖယ်ဒရယ်လုပ်ဖို့ သဘောတူခဲ့သော်လည်း အခြေအနေတွေအရ ပြည်ထောင်စုစနစ်ကနေပြီး တပြည်ထောင်အဖြစ်ကို လုပ်ခဲ့ကြတယ်လို့ ပြောခဲ့ဖူးတယ်။ စဉ်းစားစရာပေါ့။
          နောက် အဲသည်တုန်းက နိုင်ငံတော်အလံကို ပြန်ကြည့်ရင် ကြယ်ကြီးတလုံးနဲ့ အရန်ကြယ် ၅ လုံး၊ အဲသည် ငါးလုံးက ပင်လုံမှာ သဘောတူခဲ့တဲ့ ဗမာ၊ ရှမ်း၊ ကချင်၊ ချင်း၊ ကယား ရယ် ၅ ဦး၊ အလယ်က ကြယ်ကြီးကတော့ အရေးတော်ပုံကြီး၊ လွတ်လပ်ရေးတိုက်ပွဲကြီး၊ တော်လှန်ရေးကြီးကို ကိုယ်စားပြုတဲ့၊ တိုင်းပြည်ကြီးတခုလုံးရဲ့ စုစည်းညီညွတ်မှုကို ကိုယ်စားပြုတဲ့ ကြယ်ကြီးပေါ့ကွာ။ ဒါပဲ။ ကျန်တဲ့ ကြယ် ၅ လုံးက ပင်လုံ စာချူပ်မှာ လက်မှတ်ထိုးတဲ့ တိုင်းရင်းသား ၅ စု ကို ကိုယ်စားပြုတယ်။
          ဒါပေမယ့် ၁၉၅၂ လောက်မှာ ကော်သူးလေ ဖြစ်လာတယ်။ ကရင်ပြည်နယ်ကို ပေးမယ်ပေါ့ကွာ။ အဲလိုဖြစ်လာတော့ ကြယ်တလုံး ထပ်တိုးရတော့မယ် ဖြစ်လာတော့ အစိုးရက ဘာလုပ်သလဲဆိုတော့၊ အဲသည်တုန်းက ဖဆပလ အစိုးရက ဘာလုပ်သလဲ ဆိုတော့ ကြယ်မကြီးကို ထားလိုက်တော့၊ နောက်ကြယ်တလုံးလည်း မတိုးတော့ဘူး။ ကြယ်မကြီးဟာ တော်လှန်ရေးတွေ၊ အရေးတော်ပုံတွေကို ကိုယ်စားပြုတယ် မလုပ်တော့ဘူး။ ဒီကြယ်ကြီးကို ပြည်မလုပ်လိုက်လို့ ပြောလိုက်တယ်။ ဒါက ပြည်မကို ကိုယ်စားပြုတယ်။ အရန်ကြယ်တွေကတော့ ရှမ်း၊ ချင်း၊ ကချင်၊ ကယား၊ ကော်သူးလေ ဆိုပြီး သဘောထားလိုက်လို့ ပြောဖူးတယ်။ အဲသလို စကားရှိဖူးတယ်။
          ပြောချင်တာကတော့ အဲသည် ၁၉၅၂ နောက်ပိုင်းမှာ မြန်မာပြည်ဟာ ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ စိတ်ထားကနေပြီးတော့ ပြည်မကြီးနဲ့ ပြည်နယ်တွေဆိုတဲ့ တပြည်ထောင်စနစ်ဖက်ကို ရောက်လာတယ်။ မင်းတို့ပြည်နယ်တွေက အရန်တွေပဲလို့ဖြစ်တယ်။
          နောက်တော့ ၁၉၆၁ မှာ တောင်ကြီးမှာ ဖယ်ဒရယ်ညီလာခံ တိုင်းရင်းသားတွေနဲ့ လုပ်ကြတယ်။ အဲသည်မှာ ရှမ်းက သြဇာအကြီးဆုံးပေါ့။ အဲသည်မှာ မြန်မာတွေက ပြည်မဆိုပြီး လုပ်ထားတာထက် မြန်မာတွေကလည်း ပြည်နယ်တခုအနေနဲ့ပဲ ရပ်တည်ပါ။ ပြည်ထောင်စုပုံစံ ပြန်သွားပါဆိုပြီး ပြောလာကြတယ်။ အဲသည်လို ပေါ်လည်း ပေါ်ရော ၁၉၆၂ မှာ ဦးနုက ပထစအစိုးရအနေနဲ့ တိုင်းရင်းသားညီလာခံ ရန်ကုန်မှာ လုပ်တယ်။ စာတမ်းတွေ ပြင်ဆင်ကြတယ်။ တရားရေးဝန်ကြီး ဦးအေးမောင် အဲသည်တုန်းက ရှိနေတယ်။ သို့သော် အဲသည် ဖက်ဒရယ်မူကို ပထစအစိုးရကလည်း မထောက်ခံဘူး၊ အတိုက်အခံ လွှတ်တော်ထဲက ပမညတတွေကလည်း မထောက်ခံဘူး ဆိုပြီး ဖြစ်လာတယ်။ အဲသည်တော့ တပ်မတော်က အဲသည်သဘောထားတွေ၊ အဲသည်လို မထောက်ခံတာတွေကို သိထားတဲ့အခြေအနေမှာ မတ်လ ၂ ရက်မှာ စစ်တပ်က အာဏာသိမ်းတာပဲ။ အကြောင်းပြချက်တွေထဲက ၁ ခုက ဘာလဲဆိုတော့ ဖယ်ဒရယ်ဆိုတဲ့ ပြည်ထောင်စုမူဆိုတာက မြန်မာပြည်ကနေ ခွဲထွက်ဖို့ လုပ်ကြတာပဲ။ ပြည်ထောင်စုပြိုကွဲရေး ကိစ္စပဲလို့ ၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးကတည်းက အဲသလိုမျိုး သတ်မှတ်ခြင်းကို ခံလိုက်ရတော့တာပဲ။
          ဒါကြောင့် စစ်အာဏာရှင်တွေကနေ ပေါ်ထွန်းလာတဲ့ မဆလတပါတီ အာဏာရှင်က ဖယ်ဒရယ်ဆိုတဲ့ပြည်ထောင်စုစနစ်ဆိုတာကို နောက်ထပ် ပေါ်မလာအောင်လို့ မြန်မာပြည်ကို ပြည်နယ်နဲ့ တိုင်းတွေ ခွဲခြားပစ်လိုက်တယ်။ ရန်ကုန်တိုင်းတတိုင်းအပါအ၀င် တိုင်း ၇ တိုင်း၊ ပြည်နယ် ၇ ပြည်နယ် ခွဲခြားပြီး သတ်မှတ်လိုက်တယ်။ အဲဒါတွေကို အခြေခံတဲ့ နိုင်ငံတော်ကောင်စီဆိုတာ ပေါ်လာတယ်။ အဲသည်မှာ ဗမာက ၀န်ကြီးချူပ် အဖြစ် ယူထားတော့ နိုင်ငံတော်ကောင်စီအဖွဲ့ပေါင်းက တိုင်းနဲ့ ပြည်နယ် ၂ ဦးကျ နဲ့ ၂၈ ဦး နဲ့ ၀န်ကြီးချူပ် တဦး အပါအ၀င် ၂၉ ဦး ကောင်စီဆိုတာ ဖြစ်လာတယ်။ ဒါကြောင့် တပ်ထဲမှာ ပါတီ၊ ကောင်စီတွေထဲမှာ လူတွေထဲမှာ ဖယ်ဒရယ်ဆိုတာ ပြည်ထောင်စု ပြိုကွဲရေးပဲ၊ ခွဲထွက်ရေးပဲလို့ လုပ်ထားလိုက်တယ်။ ဒါပဲ။
          နောက်ပိုင်းမှာ အဲဒီအချက်အလက်တွေကို သိရှိတဲ့အတွက် ၈၈ အရေးတော်ပုံနောက်ပိုင်းမှာ ဖယ်ဒရယ်ကိစ္စက ပြန်ပြီး ဖြစ်လာတယ်။ ဒါကြောင့် ၁၉၉၈မှာ မဲသဝေါထသဘောတူညီချက်ဆိုတာကို တိုင်းရင်းသားတွေ နိုင်ငံရေးအင်အားစုတွေက လက်မှတ်ရေးထိုးကြတယ်။ အင်န်အယ်ဒီက ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒါကို လက်မှတ်ရေးထိုးခဲ့တယ်။ သဘောက ဘာလဲဆိုတော့ ပြည်ထောင်စုစနစ်ပြန်လည် ပေါ်ထွန်းရေးပဲ။ ဖယ်ဒရယ်စနစ်နဲ့ နေထိုင်ကြရေးပဲ။ အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘာပြောခဲ့သလဲဆိုတော့ တိုင်းရင်းသားတွေကြားမှာ၊ မြန်မာတွေအပါအ၀င် သဘောထားတွေ ကွဲပြားတာ၊ နားလည်မှုလွဲတာတွေ မဖြစ်ရအောင် ပြည်ထောင်စု စစ်စစ်မူ လို့ သုံးကြပါလို့ တိုက်တွန်းခဲ့ဖူးတယ်။
          ဒါပေမယ့် လက်ရှိအာဏာကို ကိုင်စွဲထားတဲ့ စစ်အစိုးရက ဒီ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို လက်မခံဘူး။ တပြည်ထောင်စနစ်ကိုပဲ ရပ်တည်တယ်။ အဲသည်မှာ ရှိနေတဲ့ တိုင်းရင်းသားတွေအားလုံး ဖြစ်မြောက်စေချင်တဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ဆန့်ကျင်နေတာကို တွေ့ရတာ ဖြစ်တယ်။ ဒါကြောင့် ကလေးမြို့ညီလာခံမှာ တိုင်းရင်းသားတွေ၊ နိုင်ငံရေးအင်အားစုတွေက ကြေညာလိုက်တဲ့အခါကျတော့ ဒုတိယပင်လုံညီလာခံရဲ့ အခက်အခဲက ဘာဖြစ်လာမလဲ ဆိုတော့ ဒီလိုအဆိုတွေကို သူတို့က လက်မခံနိုင်ဘူးလို့ ပြောလာမယ့် အနေအထားတွေ ရှိလာနိုင်တယ်။”
          ဒါဆိုရင်လည်း ဆရာရယ် … ကလေးမြို့ညီလာခံက တိုက်တွန်းနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းနိုင်ဖို့ ဒုတိယပင်လုံညီလာခံ ကျင်းပရေး လုပ်ငန်းစဉ်က လက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးတို့အတွက် တပ်မတော်ကို ဦးတည်နေတဲ့ဆီမှာ ထိပ်တိုက်ဖြစ်အောင် လုပ်သလို ဖြစ်နေတယ်လို့ ပြောလာရင်ကော ဘာပြောမလဲ။
          “ဒီနေ့အထိ အင်န်အယ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ကို ဆက်လက်ပြီး ကိုင်စွဲပြီး လုပ်ကိုင်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်က အခုအချိန်မှာ ထပ်ပြီး ပြောတဲ့စကားကတော့ ညီလာခံကြီးဖြစ်လာဖို့ဆိုတဲ့ အချိန်မတိုင်ခင်မှာ မြန်မာပြည်သူပြည်သားတွေ အားလုံးမှာ အမျိုးသား စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ် စစ်စစ်တွေ မွေးမြူပြီး ဆောင်ရွက်ကြရမယ်။ တည်ဆောက်ကြရမယ်လို့ ဆိုထားတယ်။ ဒီလိုမျိုး ကျနော်တို့တတွေက ဆက်ပြီး သွားကြရလိမ့်မယ်လို့ ပြောချင်ပါတယ်။

)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts