ဟံသာဝတီ ဦးဝင်းတင်

Interview with U Win Tin – NLD & 88 Generation Students

>

 တင်ရေး၊၀င်ရေး၊ ပြင်ရေး၊ ထူထောင်ရေး (NLD နဲ့ ၈၈ မျိုးဆက်)
ဦးဝင်းတင်နဲ့မေးခွန်းများ
မိုးမခ၊ဒီဇင်ဘာ ၁၅၊ ၂၀၁၁
ဒီတပတ် ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံစဉ်မှာမေးဖြစ်တဲ့ မေးခွန်းတွေကတော့ လက်ရှိပြည်တွင်းမှာ ရွေးကောက်ပွဲ ၀င်ရေး၊ အခြေခံဥပဒေပြင်ဆင်ရေး၊မှတ်ပုံတင်ပြီး ပါတီပြန်လည်ထူထောင်ရေး စတဲ့ ကိစ္စများအပေါ်မှာ ၈၈ မျိုးဆက်များ၊ ကျောင်းသားများ၊တိုင်းရင်းသားများ၊ သံဃာတော်များနဲ့ ပါတီဝင်များ၊ ပါတီထောက်ခံသူများနဲ့ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံသူများရဲ့အမျိုးမျိုးသော သဘောထားများ၊ လုပ်ထုံးလုပ်နည်းများ ပြောဆို ထင်မြင်ချက်များနဲ့ ပတ်သက်ပြီးမေးမြန်းဖြစ်ပါတယ်။
မေး။    ။         ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဦးဆောင်ပြီးတော့ အင်န်အယ်ဒီပါတီက ရွေးကောက်ပွဲဝင်ဖို့လုပ်တယ်၊ အဲသည်အပေါ်မှာ အမျိုးမျိုးအဖုံဖုံသော သဘောထားတွေပေါ်ထွက်လာတယ်။ မှတ်ပုံတင်မယ်၊ရွေးကောက်ပွဲဝင်မယ်။ ဒါကို လက်ခံကြိုဆိုကြတယ်။ တချို့ကတော့ နိုင်ငံရေးအကျဉ်းသားတွေ၊ရဟန်းသံဃာတော် မလွတ်မြောက်သေးတဲ့အခြေအနေမှာ ဒါကို စဉ်းစားစေချင်တယ်။ တချိုကတော့လည်းပါတီနဲ့အတူ ရွေးကောက်ပွဲဝင်ဖို့ ၈၈ မျိုးဆက်တွေ၊ ကျောင်းသားတွေအတွက် နေရာပေးပါ။ သူတို့ကိုအရေအတွက်တခုပေးပြီး အတူတူ ‘တင်’ ကြ၊ ‘၀င်’ ကြပါလို့ ပြောတယ်လို့ ဆိုတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး ဆရာတို့က ဘယ်လိုမြင်တွေ့နေရသလဲ။
ဖြေ။     ။ အင်န်အယ်ဒီမှာက ရွှေဂုံတိုင်ရပ်တည်ချက်ရှိတယ်။၂၀၀၉ ဧပြီမှာ ထုတ်ပြန်ခဲ့တာ။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါ။ ခုနောက်ပိုင်းမှာ လွတ်မြောက်လာသူတွေရှိသော်လည်း   မလွတ်မြောက်သေးတဲ့သူတွေ ရှိနေတယ်၊ ကျန်နေတယ်။ နောက်တခုက၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ တောင်းဆိုတာ။ အဲသည်တုန်းက အနယ်နယ်က အင်န်အယ်ဒီခေါင်းဆောင်တွေ၁၀၀ ကျော် စည်းဝေးပြီးတော့ ဆုံးဖြတ်ထားခဲ့တာ။ ဒါက “လွှတ် / ပြင် / ၀င်” လို့ပြောမလား။ ” ပြင် / ၀င်” လို့ ပြောမလား။ လွှတ်ပေးရမယ်၊ ပြင်ဆင်ရမယ်။ ဒါမှရွေးကောက်ပွဲဝင်နိုင်မယ်ပေါ့။ ဒါပေမယ့် အခုဟာက ၀င်မယ်လို့ ဆုံးဖြတ်လိုက်တော့ …”၀င်/ ပြင်” ဖြစ်သွားပြီ။ ဒီတော့ ပြင်/၀င်ဖက်ကနေပြီး ၀င်/ပြင်ကို မေးခွန်းထုတ်တာတွေ၊စကားပြောဆိုတာတွေ ရှိနေတာပေါ့လေ။ အရင်က လွှတ်တော်တွေကို သပိတ်မှောက်မယ်လို့ ဆိုတဲ့ သဘောထားတွေရှိကြတယ်။ နောက်တော့ လွှတ်တော်ထဲဝင်ပြီး ဆောင်ရွက်လုပ်ကိုင်ကြမယ်ဆိုတဲ့ သဘောထားတွေ ဖြစ်လာကြတယ်။ဒါက နိုင်ငံရေးရဲ့ ဖြစ်မြဲထုံးစံပဲ။ (Process)။ နောင်ကျရင်တော့ သမိုင်းမှာ ပြေလည်ရင်လည်းပြေလည်သွားနိုင်မယ်။ မပြေလည်ရင်လည်း ဒီကိစ္စဟာ သမိုင်းမှာ မှားတယ်၊ မှန်တယ်ဆိုတာ ဆက်ပြီးဆွေးနွေးစရာ အရှည်သဖြင့်တခုလည်း ဖြစ်သွားနိုင်တယ်။ 
မေး။    ။ အဲသည်မှာ သဘောတခုက လက်ရှိနိုင်ငံရေးအခြေအနေ အကြပ်အတည်းရဲ့ပကတိကို ကြည့်ပြီး ‘၀င်/ပြင်’ သင့်သလား၊ ‘ပြင်/၀င်’ သင့်သလားဆိုတဲ့ အချိန်ကျ မကျကိုဆွေးနွေးနေကြတာမဟုတ်လား ဆရာ။ အခုဟာက အင်န်အယ်ဒီပါတီကိုယ်တိုင်က တခဲနက်တည်း ‘၀င်/ပြင်’ကို ရွေးချယ်ထားပြီးပြီပဲ။
ဖြေ။     ။ ကျနော်တို့ ပတ်ဝန်းကျင်မှာ ပြောနေကြတာက ‘၀င်/ပြင်’ဖက်ကဆိုရင်ပေါ့ကွာ။  အခုဆိုရင် အနှစ် ၂၀ ရှိပြီ။ဘာဖြစ်လို့ အချိန်ကို စောင့်နေကြဦးမှာလဲ။ နောက်ပြီးတော့ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလွတ်မြောက်နေတယ်။ ကိုယ်တိုင်ဦးဆောင်မှု ပေးနေတယ်။ သူ့ရဲ့ ခေါင်းဆောင်မှုနဲ့ စည်းရုံးနိုင်မှုအင်အားကိုလည်း ထည့်တွက်သင့်တယ်။ ဒါမျိုးတွေ ပြောကြတယ်။ လွှတ်တော်ထဲမှာ တတိယအင်အားစုတွေ၊တိုင်းရင်းသားအင်အားစုတွေ၊ တပ်မတော်သားတွေ၊ ကြံ့ဖွံ့ပါတီဝင်တွေ၊ တစညလိုမျိုး ပါတီတွေကကိုယ်စားလှယ်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘောထားချင်း ထပ်တူထပ်မျှဖြစ်လာပြီး ၂၀၀၈ အခြေခံဥပဒေထဲကဒီမိုကရေစီနည်းလမ်းမကျတဲ့ အချက်အလက်တွေကို ပြင်ဆင်ပြဋ္ဌာန်းမှုတွေ လုပ်ဆောင်လာနိုင်မယ်လို့ပြောလာကြတာတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားကို ပွားယူနိုင်တယ်လို့ ပြောဆိုကြတာတွေကြားရတယ်။ မူလက ၁၀၊ ၂၀ လောက်ကနေ ၁၀၀၊ ၂၀၀ အဆဆ ပွားသွားမယ်လို့ ပြောကြတယ်။
မေး။    ။ အဲဒါက ‘၀င်/ပြင်’ တွေဖက်က ပြောတာပေါ့ဆရာရယ်။နိုင်ငံရေးအကျဉ်းသားတွေ၊ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ၊ သံဃာ့တော်တွေ၊ သံဃာ့ခေါင်းဆောင်တွေလွတ်မြောက်ခြင်း မရှိတဲ့အတွက် ပြည်သူတွေကို ချုပ်နှောင်ထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို အဓိကထားပြင်ဆင်ဖို့ လိုအပ်တယ်။ အဲဒါပြီးမှ ရွေးကောက်ပွဲဝင်သင့်တယ်ပေါ့လေ။ ‘ပြင်/၀င်’တွေ ဖက်ကပြောဆိုတာတွေ၊ နောက်ပြီးတော့ အခုတလောမှာ ၈၈ မျိုးဆက်တွေ၊ ဗကသကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊သံဃာ့တပ်ပေါင်းစုတို့ကလည်း နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်သေးလို့ သူတို့ကတော့ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီရဲ့ ရွေးကောက်ပွဲအပေါ်သဘောထားကို မကန့်ကွက်ဘူး၊လေးစားတယ်။ သူတို့အနေနဲ့ သူတို့နံမယ်သုံးပြီးတော့ မ၀င်ဘူးလို့ ထုတ်ပြန်တာတွေ ရှိလာတယ်လေ။အဲဒါတွေကို ဆရာတို့ ဘယ်လိုမျိုး ရင်ဆိုင်နေရသလဲ။
ဖြေ။     ။ ၈၈မျိုးဆက်တွေ၊ ကျောင်းသားတွေ၊ တိုင်းရင်းသားတွေ၊ရဟန်းသံဃာတွေနဲ့ လူထုလူတန်းစားအသီးသီးရဲ့ ခေါင်းဆောင်တွေ၊ စွန့်လွှတ်အနစ်နာခံသူတွေ အများအပြားဟာထောင်ထဲမှာ ဖမ်းချုပ်ခံထားရဆဲဖြစ်တယ်။ သူတို့တွေရဲ့ အင်အားတွေ ဆောင်ရွက်မှုတွေ အားနည်းနေချိန်မှာရွေးကောက်ပွဲကို အပြင်ကလူတွေ ၀င်ကြရင် ဒီမိုကရေစီအင်အားစုတွေအချင်းချင်းတွေကြားမှာသဘောထားတွေ ကွဲကြတာ၊ ညီညွတ်မှုတွေ ထိခိုက်ကုန်တာတွေ ဖြစ်နိုင်တယ်။ လှုပ်ရှားမှုတွေ ရုန်းကန်မှုတွေမှာအားလျော့သွားနိုင်တယ်။ အချင်းချင်းတွေကြားမှာ လမ်းခွဲကြီး တခုလို ဖြစ်သွားမယ်။ နောင်ကျရင်လွှတ်တော်ထဲက ဒီမိုကရေစီအင်အားစုတွေကို အာဏာရှင်တွေက လက်ကိုင်တုတ်သဖွယ် သုံးပြီးတော့အပြင်ကဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားသူတွေကို တိုက်ခိုက် နှိမ်နင်းတာတွေ လုပ်လာမယ်လို့လည်းပြောဆိုကြ၊ ထင်မြင်ချက်ပေးကြတာတွေလည်း ရှိပါတယ်။ သူတို့ပြောတာကလည်း မှားတယ်လို့ ပြောလို့မရဘူးလေ။လက်ခံပြီး နားထောင်ပေးရပါတယ်။ ဒါကလည်း ကျနော်တို့ရဲ့ ၂၀၀၉ ရွှေဂုံတိုင်ကြေငြာချက်ထဲက’လွှတ်/ ပြင်/ ၀င်’ ဆိုတဲ့ သဘောမျိုးပဲလို့ ပြောရင်ရပါတယ်။
မေး။    ။ အခုထွက်ပေါ်လာတဲ့ သဘောထားတွေနဲ့အတူ ဆရာတို့ရဲ့ပါတီပြင်ပမှာဘယ်လိုမျိုး နိုင်ငံရေးအင်အားတွေပေါ်ပေါက်လာတယ်လို့ တွေ့ရသလဲ။
ဖြေ။     ။ ကျနော့်အမြင်ပြောရရင် “၈၈မျိုးဆက်”လို့ပြောရမယ့် နိုင်ငံရေးအင်အားစု ထွက်ပေါ်လာတယ်လို့ ပြောချင်တယ်။ ယခုထက်ထိ အကျဉ်းထောင်ထဲမှာဖမ်းချုပ်ခံထားရတဲ့ ၈လေးလုံးတွေ၊ အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ၈၈တွေ၊ ပြီးတော့ အဲသည်၈၈မျိုးဆက်တွေကို လိုလားတဲ့ ထောက်ခံတဲ့ အင်အားစုတွေဆိုပြီး သိသိသာသာပေါ်ထွက်လာတယ်လို့ပြောချင်ပါတယ်။ အဲသည် ၈၈မျိုးဆက်တွေထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းပြီးရွေးကောက်ပွဲဝင်မယ်ဆိုတဲ့သူတွေ ရှိလာတယ်။ နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်တာကိုလက်မခံဘူး၊ ဆန့်ကျင်တယ်ဆိုတဲ့ သဘောထားလည်း ထွက်လာတယ်။ ပြီးတော့ နောက်ဆုံးတခုကတော့ ရွေးကောက်ပွဲကို၈၈အမည်ခံပြီး မ၀င်ဘူး၊ ရွေးကောက်ပွဲဝင်တာကိုလည်း ကန့်ကွက်ခြင်းမပြုဘူး၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်နဲ့အင်န်အယ်ဒီပါတီရဲ့ နိုင်ငံရေးအင်အားနဲ့ ရပ်တည်ချက်တွေကို ၀န်းရံပေးမယ်ဆိုတဲ့ သဘောထားလည်းထွက်ပေါ်လာတယ်။ 
မေး။    ။ ဒါတွေ ထွက်လာတာက ဆရာကိုယ်တိုင် တွေ့ကြုံကြားသိနေရတာပေါ့။သူများတွေ ပြောဆိုနေတာကို တဆင့်အကြားသက်သက်နဲ့ မဟုတ်ဘူးပေါ့။
ဖြေ။     ။ ကိုယ်တိုင်မြင်ရ၊ သိရတာတွေပါ။ ထောင်ထဲက သဘောထားတွေထွက်လာတယ်။ စာနဲ့ ပေနဲ့ ရေးသားကြတယ်။ ထောင်ပြင်က ၈၈ တွေကလည်း ပြောဆိုဆွေးနွေးကြတာတွေလုပ်လာကြတယ်။ ဒေါ်စုကို ထောက်ခံတယ်၊ မထောက်ခံဘူး ဆိုတာမျိုးကအစ ပြောကြ တင်ပြကြ ဆွေးနွေးကြတာတွေရှိတာကို မြင်တွေ့နေရတယ်။ အဲသည်မှာ နောက်ဆုံး အများစုရဲ့ သဘောထားက ဘာဖြစ်လာသလဲဆိုတော့၈၈မျိုးဆက်တွေအနေနဲ့က သူတို့ရဲ့ ခေါင်းဆောင်တွေ၊ အခြားတိုင်းရင်းသားတွေ၊ သံဃာတော်တွေ၊ကျောင်းသားလူငယ်တွေ ထောင်ထဲမှာ ရှိနေသေးသမျှမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီနဲ့ချိတ်တွဲပြီးတော့ ရွေးကောက်ပွဲကို မ၀င်ကြဘူးဆိုတဲ့ သဘောထား ကျသွားတယ်။ လိုင်းပြတ်သွားတယ်ပေါ့ကွာ။ဒါ့အပြင် နောက်ထပ်ပြတ်သွားတဲ့ လိုင်းတခုကတော့ ဘာပဲဖြစ်ဖြစ် အင်န်အယ်ဒီပါတီကိုတော့ ၀ိုင်းရံကြရမယ်ဆိုတာအရေးကြီးတယ်။ အင်န်အယ်ဒီမှ ၀န်းရံပြီး အသွင်သဏ္ဍန်အမျိုးမျိုးရှိသော ဒီမိုကရေစီလုပ်ငန်းတွေမှာဆက်လက်လုပ်ဆောင်သွားကြမယ် ဆိုတာမျိုးဖြစ်လာတယ်။ တသီးပုဂ္ဂလအနေနဲ့ ပါတီနဲ့ ပူးပေါင်းပြီးလုပ်ကိုင်ကြတာတွေ၊ ရွေးကောက်ပွဲဝင်ကြတာတွေကိုလည်း ဘာမှ မှတ်ချက်ပေးစရာမလိုဘူးလို့လဲသူတို့ဖက်က ရှင်းလင်းပေးလိုက်တယ်။ ဒါကတော့ ပြည်တွင်းမှာရှိနေတဲ့ ၈၈ မျိုးဆက်ဆိုတဲ့နိုင်ငံရေးအင်အားစုရဲ့ ရပ်တည်ချက်၊ သဘောထားဖြစ်လာတာကို နောက်ဆုံးမှာ ထင်ထင်ရှားရှားတွေ့ရတယ်လို့ပြောချင်တယ်။
မေး။    ။ ပြည်တွင်းမှာ ၈၈မျိုးဆက် နိုင်ငံရေးအင်အားစုအနေနဲ့ကနောက်ဆုံးမှာ ‘၀င်/ပြင်’တွေ ‘ပြင်/၀င်’တွေ အခြားအချက်အလက်တွေ၊ ရွေးကောက်ပွဲတို့၊ ပါတီမှတ်ပုံတင်တာတို့ကိုအဓိကထား ပြောဆို ဆွေးနွေးနေကြတာထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီကို အတိုက်အခံနိုင်ငံရေးအင်အားစုတခုအဖြစ်အားလုံးက ၀န်းရံမယ်ဆိုတာမျိုး ဆုံးဖြတ်ချက်ကျသွားတယ်လို့ ပြောရမှာပေါ့၊ ဟုတ်လား ဆရာ။
ဖြေ။     ။ အဲလိုမျိုး ဖြစ်ပေါ်လာတယ်လို့ ပြောရမယ် ထင်ပါတယ်။အဲသည်လိုမျိုး အခြားသော ပြည်ပကဖြစ်စေ၊ ပြည်တွင်းကဖြစ်စေ၊ နိုင်ငံရေးအင်အားစုတွေမှာလည်းပဲအလားတူသဘောထားမျိုး၊ ရပ်တည်ချက်မျိုး လိုင်းကျသွားမယ်၊ ဆုံးဖြတ်နိုင်ကြမယ်ဆိုရင်ဖြင့်အချင်းချင်းတွေကြားထဲမှာ ရှင်းရှင်းလင်းလင်းဖြစ်သွားကြမယ်။ ရှုပ်ထွေးမှုတွေ မဖြစ်ပေါ်တော့ဘူး။လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျဉ်းမှာလည်း ထိရောက်မှုတခုခုဖြစ်လာတော့မယ်လို့ယူဆပါတယ်။
မေး။    ။ ဆရာကိုယ်တိုင်လည်း ရွှေဂုံတိုင်ကြေညာချက်ကို လက်ခံသူ၊ထောက်ခံသူတဦးဖြစ်နေရက်နဲ့ အင်န်အယ်ဒီပါတီဝင်တဦးဖြစ်နေတဲ့အတွက် အများဆုံးဖြတ်ချက်ကိုလက်ခံပြီးတော့ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာဝင်ပြီး လုပ်ကိုင်ဆောင်ရွက်နေရတယ်လို့ ပြောရင်ရမလား ဆရာ။
ဖြေ။     ။ ပြောလို့ရပါတယ်။ အခုအချိန်မှာ ကျနော်တို့လည်းရွေးကောက်ပွဲဝင်ရေး၊ ရွေးကောက်ပွဲအောင်နိုင်ရေးတွေ၊ ပါတီပြန်လည်ထူထောင်ရေးတွေမှာ ၀င်ရောက်လုပ်ကိုင်နေရတာကိုတွေ့နိုင်ပါတယ်။ 
မေး။    ။ ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။ နောက်တရက်မှာတော့၈၈ မျိုးဆက်ဆိုတဲ့ နိုင်ငံရေးအင်အားစု လို့ ဆရာသုံးနှုန်းတာကို ဆက်ပြီး မေးမြန်းပါဦးမယ်။ 
ဖြေ။     ။ ကောင်းပါပြီ။ တွေ့ကြသေးတာပေါ့ကွာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts