U Win Tin ကိုရာဇာ လူများ၊ ရုပ်ပုံလွှာများ ဟံသာဝတီ ဦးဝင်းတင် ဦးဝင်းတင်

ကိုရာဇာ – ဦးဝင်းတင်နဲ့စစ်သားတရား

ဦးဝင်းတင်နဲ့စစ်သားတရား
(ဦးဝင်းတင်နဲ့နေထိုင်ခြင်း)
ကိုရာဇာ၊ ဇွန် ၂၀၊ ၂၀၁၄

ကျနော့်အဖေဟာ စစ်သားဟောင်းတစ်ယောက်ဖြစ်သလို ကျနော့်နှမများဟာလည်း လက်ရှိမှာစစ်သား မယားဖြစ်နေကြပါတယ်။ ကျနော်တို့ဘ၀မှာ တခါတရံသူများရွေးချယ်ပြီးသားကို လက်ခံလိုက်ရတာမျိုးပါ။ ဘယ်လိုမှမတတ်နိုင်ပါ။ ဂေါပကအစ သမ္မတအဆုံးစစ်သားဖြစ်ပြီး စစ်အမှောင်ဖုံးနေတဲ့တိုင်းပြည်မှာ ပြည်သူတစ်ရပ်လုံးက စစ်အာဏာရှင်ကိုမုန်းတာမဆန်းပါဘူး။ စစ်တပ်ဒါမှမဟုတ် စစ်သားတစ်ဦးချင်းကို ဘယ်သူမှမမုန်းပါ။  ကိုယ့်အလိုလောဘ ကိုယ့်အာဏာမြဲရေး စစ်တပ်ကိုဘလက်ခ်မေးလ်(Black Mail) လုပ်သွားတဲ့စစ်အာဏာရှင် တစ်စုကိုပြည်သူကမုန်းတာဖြစ်ပါတယ်။ အဲ့ဒီအာဏာရှင်တွေဟာ စစ်တပ်ကိုလက်ကိုင်ဒုတ်သဘောထား ပြည် သားတွေနှိပ်စက် ဘ၀တွေဖျက် တစ်ဖက်မှာကျတော့ သူတို့တသိုက်ကောင်းစားချင်တိုင်းကောင်းစားအောင်လုပ် ဆောင်သွားတာ စစ်သားတွေလည်းသတိထားမိကြပါ့မယ်။ ဒါပေမယ့်စစ်တပ်ဆိုတဲ့အဖွဲ့အစည်း အစဉ်အလာ တွေအရသာ ကြိတ်မှိတ်မြိုသိပ်နေကြတာဖြစ်ပါတယ်။

ပြန်ကြားရေးဒုဝန်ကြီးတစ်ဖြစ်လဲ သမ္မတပြောခွင့်ရပုဂ္ဂိုလ်က အောက်ကလိအာစကားဆိုပါတယ်။ (အောက်ကလိအာဆိုတာ ပြည့်တာဆန်လောကရဲ့စကားလို့ ကျနော့်ဆရာသမားတစ်ယောက်ကပြောဖူးပါတယ်) သူ့ပြောစကားအတိကျမဟုတ်ပေမယ့် သူ့ဆိုလိုရင်းကတော့ စစ်သားတစ်ယောက်ကိုမှမစည်းရုံးနိုင်ရင် အနိမ့်စား နိုင်ငံရေးသမားပေါ့ဗျာ…။ ဒေါ်အောင်ဆန်းစုကြည်စိန်ခေါ်သလိုတော့ ကျနော်မခေါ်ရဲပါ အဲ့ဒီလူကိုကျနော်ပြောချင် တာကတော့။ ငါ့လူ….တကယ်လား…… လို့တော့ စိန်ခေါ်မေးမေးချင်ပါတယ်။ စစ်သားတွေကိုလွတ်လပ်စွာမဲပေး ခွင့်ရှိပလား။ အခွင့်အလမ်းတွေကောဖန်တီးထားပေးပြီးပြီလား။ ရွေးကောက်ပွဲတွေမှာ တပ်ထဲမှာမဲရုံဆောက် အလုံ ပိတ်ပြီးတော့ မဲပေးခိုင်းထားတာ ဘာသဘောလဲ။ ထစ်ခနဲရှိ ကိုယ့်ဆရာတို့အုပ်စုက တတပ်ထဲ တပ်မတော်နေတာကော ဘာသဘောလဲ။ ငါ့လူတို့က ပြည်သူ့တပ်မတော်ကို ခါးပိုက်ဆောင်ထဲကကွမ်းယာထုတ်လို လိုရင် ထုတ်ဝါးမယ်ဆိုတဲ့ သဘောသွားတွေ သဘောထားတွေက ရှင်းနေပါပြီ။

ဒီလိုအောက်တန်းစားစကားတွေကို ပြန်ပြီးတော့တုံ့ပြန်ရလိမ့်မယ် ဒီကောင်တွေ ပြည်သူကို တမင်စော်ကားနေတာ … ဆိုတဲ့ အဘအမှာအရ ပြန်တုံ့ပြန်လိုက်တာပါ။ စိတ်မဆိုးကြေးပေါ့ ။ ကိုယ့်ဆရာတို့ပြောနေတဲ့ ဒီမိုကရေစီပဲလေ…ဟုတ်ဘူးလား။ အဘအနိစ္စရောက်တုန်းကလည်း ဒီလူဗရုတ်ဗရက်တွေပြောနေလို့ ဟန့်ခဲ့ရ သေးတယ်။ ဒါပေမယ့် ကျွဲပါးစောင်းတီး၊ နွားပလာတာကျွေး ဖြစ်မှာပါလို့လည်း တဆက်စပ်တည်း တွေးမိပါတယ်။ အဲ့ဒါကြောင့် ဒီစစ်တပိုင်း မိုက်ရိုင်းကောင်တွေကိုထားပြီးတော့ ကျနော်တို့အဘရဲ့စစ်သားတရား နာကြားပါစို့လား။

“ငါ … ဆယ့်ငါးနှစ်သားလောက်က စစ်သားဖြစ်ဖူးချင်ခဲ့တယ်ကွ…။ ငါစစ်သားဖြစ်ချင်ကြောင်း ပြောရတာ ကြက်သီးထတယ်…။ ငါ့အမေမိဘတွေကို ပြောတာမဟုတ်ဘူး…။ ဗိုလ်ချုပ်အောင်ဆန်းကို လူချင်းအရှင်လတ်လတ်မှာ ပြောရတာ။ ဒီလိုလေကွာ… စစ်ဖြစ်တော့ ငါတို့လည်း ကြို့ပင်ကောက်မနေရဲတော့ ရွာတွေဖက် စစ်ရှောင်ရတာပေါ့ ။ ငါ့ဦးလေးက ရဲဘော်သုံးကျိပ် ဗိုလ်မင်းခေါင် ၊ မင်းတို့သိမှာပေါ့။ တစ်ရက်ကျတော့ ငါတို့စစ်ရှောင်ရွာကို ဗိုလ်ချုပ် အောင်ဆန်းတို့စစ်ကြောင်းရောက်လာတယ်။ ငါတို့မှာ ဂုဏ်ယူတာကော၊ မ၀ံ့မရဲဖြစ်တာရော ဖြစ်နေတာပေါ့။ အဲ့ဒီမှာ ဗိုလ်ချုပ်အောင်ဆန်း ရေချိုးမယ်ဆိုတော့ … ငါကရေငင်ပေးရတယ်။ ရေငင်ပေးရင်း ဒီလိုတိုင်းပြည်ရဲ့ ဧရာမပုဂ္ဂိုလ်ကြီး နဲ့တွေ့တော့ … ငါပြောတယ် – ဗိုလ်ချုပ် ကျနော်စစ်သားလုပ်ချင်တယ် … ဒီတစ်ခွန်းပဲထွက်တယ်ကွ…။ ဒါနဲ့ဗိုလ်ချုပ်က ပြန်မေးတယ် – မင်းကျောင်းနေလားဆိုတော့ – ကျနော်ကျောင်းနေပါတယ်။ ရှစ်တန်းတက်နေတာလို့ ဆိုတော့ – ဗိုလ်ချုပ် အောင်ဆန်းက မင်းကျောင်းဆက်တက်ပြီးပညာတတ်ဖြစ်အောင်လုပ်။  တို့တိုင်းပြည်မှာပညာတတ်နည်းပြီး စစ်သားကများနေတယ်။ နောက်နောင်တိုင်းပြည်မှာ ပညာကအခရာဖြစ်လာလိမ့်မယ်…ပြောပြီး ညဖက်ပြန်ထွက်သွားတော့ – ငါစဉ်းစားတယ်။ ငါ ဗိုလ်ချုပ်အောင်ဆန်းကိုချစ်တယ်။ သူ့ကိုလေးစားတယ်။ သူ့ကိုကြည်ညိုတယ်။ ဒါ့အတွက်သူ့စကားနားထောင်ရမယ်။ ငါပညာတတ်အောင်နေတယ် … လုပ်ခဲ့တယ်ပေါ့ကွာ။ ၀ိဇ္ဇာဘွဲ့ရခဲ့တာကို ပြောတာမဟုတ်ဘူး။ လောကအလင်းပေါက်အောင်ရှာဖွေစူးစမ်းတယ် ။ ခုထိလည်းသင်ယူနေတုန်းပဲကွ…။”

အဘ သတင်းစာဆရာတစ်ယောက်ဖြစ်နေခြင်း ဖြစ်ခဲ့ခြင်းဟာ ဗိုလ်ချုပ်အောင်ဆန်းမိန့်မှာစကားနဲ့ တိုက်ရိုက်အချိုးကျနေသလားမေးတော့ – အဘကရယ်တယ်…။ အဲ့ဒါလည်း တစ်ခုပေါ့ကွာလို့တော့ပြန်ပြောပါတယ်။ အဘသာ သတင်းစာဆရာမဖြစ်ပဲ စစ်သားတစ်ယောက်ဖြစ်လည်း စစ်တပ်ထဲကအမြန်ထွက်ဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒီစစ်ဒသနကို အဘသဘောမကျဘူးဆိုတာ … အသေချာပါပဲ။ တိုင်းပြည်ပေါ်မှာ အဘဦးတင်ဦးလို စစ်သားစစ်စစ်တွေက သေနတ်စွဲကိုင်ကာကွယ်သလို … အဘကလည်းကလောင်ကိုင်စွဲ တိုက်ပွဲဝင်ခဲ့ပါတယ်။ စစ်သားမုန်းကြောင်းလည်းတခါမှမပြောဖူးပါ။ အဘတိုက်ခဲ့တာ စစ်တပ်အသုံးချပြီး တိုင်းပြည်ပေါ်ဘီလူးစီးသွားတဲ့ အခုထက်ထိလည်း ဖုတ်သဘက်ဝင်နေတဲ့ စစ်အာဏာရှင်တစ်စုဆိုတာ တပ်မတော်သားစစ်စစ်များ သဘောပေါက်ပြီး အခြေခံဥပေဒေပြင်ရေးမှာတောင်လက်မှတ်ထိုးနေကြပါပြီ…။

စစ်တပ် အခြားခေါ်ရရင် တပ်မတော်အပေါ်မှာ အဘစိုးရိမ်တကြီးဖြစ်ရတဲ့ ကိစ္စရှိပါတယ်။ ဗမာပြည်မှာ စစ်တပ်ရဲ့လွှမ်းမိုးမှု တနည်းပြောရရင် စစ်အာဏာရှင်လွှမ်းမိုးမှု နှစ်ပေါင်းငါးဆယ်ကျော်လာတော့ – ကျနော်အစောကပြောသလို ဂေါပကအစ သမ္မတအဆုံး စစ်အမှောင်ဖုံး စစ်အမြစ်တွယ် ကင်ဆာရောဂါသည်လိုနေရတာ ကြာလာတော့လည်း ပူပင်မှုနည်းနည်းတော့ရှိနေတာ မဆန်းပါ။ ဒါပေမယ့်အဘမှာ တပ်မတော်ပေါ်သဘောထားကောင်းရှိနေတာ လူသူများများမသိပါ။ သဘောထားကောင်းမဟုတ်ရင်တောင် ခပ်ကင်းကင်းနေချင်တဲ့သဘောမျိုးတော့ ပြောခဲ့တာရှိပါတယ်။ နိုင်ငံခြားသတင်းထောက်တစ်ယောက်ကို ပြောပြခဲ့တာပါ။

“ကျနော်တို့တိုင်းပြည်မှာ စစ်တပ်ရဲ့အခန်းကဏ္ဍက တကယ်ကိုအရေးကြီးပါတယ်။ မရှိမဖြစ်နေရာမှာကိုရှိပါတယ်။ ဒါက ကျနော်တို့တိုင်းပြည်မှမဟုတ်ဘူး။ အမေရိကန်လိုတိုင်းပြည်မျိုးလည်းလိုအပ်နေတာပါပဲ။ ကျနော် ပြောနေတာက စစ်ခေါင်းဆောင်တွေ ဖလော်ဆော်ဖီမပြောင်းသရွှေ့ တိုင်းပြည်မှာစစ်အာဏာရှင်စနစ် အမြစ်တွယ် နေမှာသေချာတယ်။ ဒီစစ်တပ်ကြီးဗျာ … ဘယ်လိုလုပ်မလဲ၊ ဘင်္ဂလားပင်လယ်အော်ထဲလည်းကန်ချလို့ ရတာမဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းစတင်တည်ထောင်ကတည်းက ရှိထားတဲ့ စစ်တပ်ရဲ့မူလဘူတအဓိပ္ပယ်ကိုပြန်ဖော်ရမယ်။ သူ့မူဝါဒကိုက ပြည်သူသာအမိပြည်သူသာအဖဖြစ်တယ်။ အခုလက်ရှိစစ်အာဏာရှင်တွေရိုက်သွင်းထားတဲ့ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဆိုတဲ့ဖလော်ကြီးကို မပြင်မချင်းတော့တိုင်းပြည်ကြီး စစ်ချိုးကပ်နေအုံးတော့မှာဗျ။ တပ်မတော်ဆိုတာ တိုင်းပြည်ကာကွယ်ရေးမှာမရှိမဖြစ် ခုက သူအဓိကလုပ်ရမယ့်ဟာမလုပ်ပဲ သူ မလုပ်ရမယ့်ဟာနှစ်ခုလုပ်နေတော့ တိုင်းပြည်နစ်သထက်နစ်တော့မှာပေါ့…။”

တပ်မတော်မလုပ်ရမယ့်ဟာနှစ်ခုဆိုတာ အုပ်ချုပ်ရေးနဲ့ စီးပွားရေးလုပ်နေတာကိုဆိုလိုချင်တာလို့ သဘောပေါက်ရပါတယ်။ အဘမှာဒီလိုသဘောထားရှိခြင်းကို လူသိရှင်ကြားထုတ်ဖော်ပြောဖို့ တိုက်တွန်းသူ တွေရှိခဲ့ပေမယ့် အဘမပြောပါ။ မနေသာလွန်းတော့မှ ဒီလှိုင်းလိုစာစောင်မှာ ဆောင်းပါးသဘောမျိုးရေးပါတယ်။ ဒါတောင်အချို့သတင်းတွေမှာ ဒေါ်အောာင်ဆန်းစုကြည်က စစ်တပ်ကို ကန်တော်ကြီးလောက်ပဲ တွန်းချခြင်တာ ဦးဝင်းတင်ဆိုတဲ့လူကဘင်္ဂလားပင်လယ်အော်ထဲ ကန်ချခြင်တာဆိုတဲ့အရေးအသားတွေ တွေ့ခဲ့ရပါသေးတယ်။ အဘအနေနဲ့ ငါတော့စိတ်ပျက်တယ်ကွာ…လောက်ပဲပြောပြီး သတင်းသမားတွေကိုရှင်းလင်းခိုင်းတာမျိုး၊ အချို့လူတွေလိုမှားယွင်းထည့်သွင်းမိကြောင်း တောင်းပန်တာမျိုးမလုပ်သွားပါ။ သတင်းသမားချင်း ကိုယ်ချင်းစာထင်ပါ ရဲ့။ ဒီနေ့ကျနော်တို့အဖွဲ့ချုပ်မှာ အဘဦးဝင်းတင်သတင်းသမားတွေကို ကိုယ်ချင်းစာသလိုမျိုးထောက်ထားသလိုမျိုး၊ စာနာထောက်ထားနေတဲ့ အဘဦးတင်ဦးတစ်ယောက်လုံး နာယကတာဝန်ထမ်းဆောင်ပြီး တပ်မတော်သား တစ်ယောက်မှာထားရှိရမယ့် စိတ်နေစိတ်ထားတွေ စံပြအဖြစ်နေပြနေပါတယ်…။ ကဲ…ကျနော့်ယောက်ဖများလည်း စစ်သားပီသစွာနေထိုင်ကြဖို့ အဘဦးဝင်းတင်ကိုယ်စားတိုက်တွန်းချင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts