အတွေးအမြင်

အရှင်စန္ဒိမာ (မွန်စိန်တောရ) – မှန်ကင်းမဟုတ်တော့ပေမယ့် ထင်းအဖြစ်ဟာလည်း တန်ဘိုးထားအပ်ပါတယ်

မှန်ကင်းမဟုတ်တော့ပေမယ့် ထင်းအဖြစ်ဟာလည်း တန်ဘိုးထားအပ်ပါတယ်
အရှင်စန္ဒိမာ (မွန်စိန်တောရ) ၊ ဇွန် ၂၀၊ ၂၀၁၄

(၁)

မှန်ကင်းဟာ အမြဲတမ်း မှန်ကင်းဖြစ်နေမှာ မဟုတ်ပါ။ အချိန်ကာလတစ်ခုမှာ ဟောင်းနွမ်းဆွေးမြေ့ကာ မှန်ကင်းအဖြစ်ကို စွန့်လွှတ်ရမည်မှာ လောကဓမ္မတာပင် ဖြစ်ပါတယ်။ မှန်ကင်းဘဝမှ နိမ့်လျှောကျဆင်းသွားရတဲ့အခါ ဘာမျှအသုံးမကျဘဲ အလဟဿ ပုပ်ဆွေးပျောက်ကွယ်သွားရတာနဲ့ နှိုင်းစာရင် အစားအစာ ချက်ပြုတ်ရန် ထင်းအဖြစ် မီးရှို့ အသုံးပြုလိုက်ရတာက လောကအတွက် အကျိုးကျေးဇူး တစုံတရာ ရှိနေပါသေးတယ်။

မှန်ကင်းတလှည့် ထင်းတလှည့် ဆိုတဲ့ မြန်မာ့ဆိုရိုးစကားပုံဟာ လောကသဘာဝအရ မြင့်ရာမှ နိမ့်ရာကို သက်ဆင်းသွားရတဲ့အခါ နိမ့်ပါးသွားရတဲ့ ဘဝအခြေအနေတစ်ရပ်ကို ထင်းနဲ့ ခိုင်းနှိုင်းပြီး မလိုလားအပ်တဲ့ အချည်းအနှီး အကျိုးမဲ့ ဘဝတစ်ခုအဖြစ် ရှုမြင်တတ်ကြပါတယ်။ တကယ်တော့ ရင့်ကျက်တဲ့ အသိဥာဏ်နဲ့ ဆင်ခြင်စဉ်းစားမယ်ဆိုရင် ထင်းအဖြစ်ဟာ သဘာဝတရားအရ လက်ခံရမယ့် အခြေအနေတစ်ခုပါ။

အနောက်ဒီမိုကရေစီနိုင်ငံများမှ  ခေါင်းဆောင်များဟာ မှန်ကင်းတလှည့် ထင်းတလှည့် ဆိုတဲ့ မြန်မာ့ဆိုရိုးကို လက်တွေ့  ကျင့်သုံးနေကြသူများ ဖြစ်ကြပါတယ်။ သူတို့နိုင်ငံတွေမှာ ဒီမိုကရေစီစနစ်သာ ရင့်ကျက်တာ မဟုတ်ဘဲ သူတို့ရဲ့ စိတ်ဓါတ်တွေဟာလည်း ရင့်ကျက်နေတာ တွေ့ရပါတယ်။

(၂)

ရင့်ကျက်တာကို အင်္ဂလိပ်လို mature ဆိုပြီး ရေးပါတယ်။ ဒါနဲ့ပတ်သက်ပြီး အသက်ကြီးသူတိုင်း ရင့်ကျက်သူ ဖြစ်သွားသလား။ တနည်းအားဖြင့် elder ဖြစ်တိုင်း mature ဖြစ်သလား ဆိုတဲ့ မေးခွန်း ပေါ်လာပါတယ်။

လိုရင်းပြောရရင် elder က “အသက်ကြီးသော”၊ mature က “ရင့်ကျက်သော” လို့ အများ နားလည်ကြပါတယ်။ mature က ရင့်ကျက်သော၊ ကလေးမဆန်သော၊ လူကြီးလူကောင်းဆန်သော၊ ပညာရှိသော၊ အမြင်ကျယ်သော၊ ဗုဒ္ဓစာပေအရဆိုရင် ပါရမီရင့်ကျက်သော စသည်ဖြင့် ချဲ့ထွင်စဉ်းစားနိုင်ပါတယ်။ ဒီနေရာမှာ စကားလုံးကို အဓိပ္ဗါယ်ဖွင့်ဆိုနေတာ မဟုတ်ဘဲ အယူအဆတစ်ခုကို ဆွေးနွေးလိုရင်းသာ ဖြစ်ပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းမှာ အသက်ကြီးသူဟာ ရင့်ကျက်သူပဲလို့ အလိုအလျှောက် သက်မှတ်ပြဌာန်းပြီးသား အစဉ်အလာက ခိုင်မာစွဲမြဲလာခဲ့ပါတယ်။ အသက်ကြီးသူတွေကလည်း ငါသာသိ ငါသာမှန်ဆိုပြီး မိမိအောက် ငယ်သူတွေအပေါ် အထက်စီးမှ ကြည့်တတ်တဲ့ သဘော ရှိပါတယ်။ ဒီလို သဘောထားတွေဟာ မိသားစုရဲ့ အကြီးအမှူး အိမ်ထောင်ဦးစီး၊ စာသင်ကျောင်းရဲ့ ဆရာ ဆရာမ ကျောင်းအုပ်၊ ဘုန်းကြီးကျောင်းရဲ့  ကျောင်းထိုင်ဆရာတော်၊ ရပ်ရွာအကြီးအကဲတွေနဲ့ နိုင်ငံအာဏာယူထားကြသူတွေရဲ့ စိတ်သန္တာန်မှာ အရိုးစွဲနေတတ်ကြပါတယ်။

အာယုဝုဒ္ဓိ ဂုဏဝုဒ္ဓိ ဆိုပြီး ဗုဒ္ဓစာပေမှာ အသက်ကြီးသူ ဂုဏ်ကြီးသူတွေကို ရိုသေလေးစားထိုက်တယ်လို့ လမ်းညွှန်ထားသော်လည်း မြတ်စွာဘုရားက ကာလာမသုတ်မှာ အမှားနဲ့ အမှန်၊ အဆိုးနဲ့ အကောင်းကို ကိုယ်တိုင် နားလည်သဘောပေါက်ပြီးမှ ယုံကြည်လက်ခံကြဖို့ရန်လည်း မိန့်မှာထားခဲ့ပါတယ်။ ဒါကို ကြည့်ရင် ရိုသေလေးစားတာက တစ်ပိုင်း၊ အယူအဆတစ်ခုကို ယုံကြည်လက်ခံဖို့ ကိုယ်ပိုင်ဥာဏ်ကို သုံးရမှာက တစ်ပိုင်းပဲ ဆိုတာ မြင်နိုင်ပါတယ်။

လွတ်လပ်စွာ တွေးခေါ်စဉ်းစား ဆွေးနွေးခွင့် မပေးဘဲ လူကြီးဖြစ်သူအနေနဲ့ ငယ်ရွယ်သူ ရာထူးနိမ့်သူနဲ့ ပြည်သူပြည်သားတွေကို ငါပဲ မှန်တယ်။ မင်းတို့ ငါပြောတဲ့အတိုင်း လိုက်နာလက်ခံကြ ဆိုရင် ဒါဟာ အာဏာရှင်စရိုက်သာ ဖြစ်ပါတယ်။ အားကြီးသူ နိုင်ရာစားစတမ်းဆိုရင်တော့ တိရစ္ဆာန်အမူအကျင့် ဖြစ်သွားပါပြီ။ တိရစ္ဆာန်တွေဟာ အကုသိုလ်ဒုစရိုက်ကို နေ့စဉ် ကျူးလွန်နေကြသော်လည်း သူတို့ရဲ့ စိတ်မှာ ညစ်နွမ်းတဲ့ စိတ်ခံစားမှုနဲ့ ရှက်ရွံ့စိတ် လုံးဝ မဖြစ်ပါဘူး။

လူတစ်ယောက်ဟာ ငွေကြေးအာဏာကို သုံးပြီး မတရားသဖြင့် အနိုင်ယူမယ်။ အားနဲသူကို အနိုင်ကျင့်မယ်။ ကိုယ်ကျိုးမျှော်လျှက် အထက်လူကြီးကို မျက်နှာချိုသွေးမယ်။ တရားမျှတမှု မရှိတဲ့ အခွင့်အရေး ပစ္စည်းဥစ္စာ ရာထူးအာဏာကို ရယူမယ်။ အဂတိလိုက်မယ် ဆိုရင် ဒီလိုအလုပ်တွေဟာ တရားမျှတမှု မရှိတဲ့ အလုပ်၊ အကုသိုလ်အလုပ်တွေပဲ ဖြစ်ပြီး ထိုအကုသိုလ်အလုပ်တွေကို ကျူးလွန်သူကို မြတ်စွာဘုရားရှင်က ဗာလ လူမိုက်ရယ်လို့ သက်မှတ်ပါတယ်။

ဒီလို အကုသိုလ်အမှု ဒုစရိုက်အလုပ်တွေကို ပြုလုပ်ကျူးလွန်မိတဲ့ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို မကြည်ညိုနို်င်မှုနဲ့ မိမိကိုယ် ယုံကြည်ချက် ပျောက်ဆုံးမှု (lose confidence)၊ မဝံ့မရဲမှု၊ ရှက်ရွံ့မှု၊ စိတ်မသန့်မှု၊ လိပ်ပြာမသန့်မှု ဆိုတဲ့ စိတ်ခံစားမှု တစ်မျိုးမျိုး ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါဟာ အများအားဖြင့် လူတစ်ယောက်အနေနဲ့ ဖြစ်တတ်တဲ့ သဘာဝပါ။ သို့သော် ထိုကဲ့သို့ အကုသိုလ်ဒုစရိုက်အမှု တစ်ခုခုကို ကျူးလွန်မိပြီး ရှက်ရွံ့မှု၊ စိတ်မသန့်မှု၊ လိပ်ပြာမသန့်မှု၊ ညစ်နွမ်းတဲ့ စိတ်ခံစားမှုတောင် မဖြစ်တော့ဘူးဆိုရင်တော့ ထိုလူဟာ သူ့ရဲ့ အဆင့်ကို သူကိုယ်တိုင်ပဲ သက်မှတ် ပြဌာန်းလိုက်ပြီ ဖြစ်ပါတယ်။

(၃)

အနောက်ဒီမိုကရေစီနိုင်ငံတွေမှာ အငြိမ်းစားယူသွားခဲ့ကြတဲ့ နိုင်ငံ့ခေါင်းဆောင်းဟောင်းများဟာ သူတို့ဘဝရဲ့ နောက်ဆုံးအချိန်အထိ ဂုဏ်သိက္ခာရှိရှိ နေသွားနိုင်ကြပါတယ်။

နိုင်ငံရဲ့ ထိပ်သီးဥသျှောင် မဟုတ်တော့သော်လည်း သူတို့ဟာ ကမ္ဘာအနှံ့ လှည့်လည်ကာ ပညာရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဒီမိုကရေစီ ထွန်းကားရေး စတဲ့ ကမ္ဘာ့လူသားထု အကျိုးအတွက် အရေးပါတဲ့ တာဝန်တွေကို ထမ်းဆောင်နေကြဆဲပါ။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ၊ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာနဲ့ ဘီလ်ကလင်တန်၊ ဘီလ်ကလင်တန်လက်ထက် ဒုသမ္မတဟောင်း အယ်လ်ဂိုးတို့ဟာ ထင်ရှားတဲ့ ဥပမာတွေပါ။

အဖွဲ့အစည်းအနေနဲ့ အထင်ရှားဆုံး ဥပမာတစ်ခုကတော့ The Elders အဖွဲ့ ဖြစ်ပါတယ်။ The Elders အဖွဲ့ကို တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလားက သူ့ရဲ့ ၈၉ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့  ၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ  စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၊ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့ဟာ The Elders အဖွဲ့ရဲ့  အဖွဲ့ဝင်များ ဖြစ်ခဲ့ကြပါတယ်။ The Elders အဖွဲ့ဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ လူ့အခွင့်အရေး၊ တရားမျှတရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဦးဆောင်လှုပ်ရှားနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ ဖင်လန်သမ္မတဟောင်းနဲ့ နော်ဝေးဝန်ကြီးချုပ်ဟောင်းတို့ ပါဝင်တဲ့ The Elders အဖွဲ့ရဲ့ အဖွဲ့ဝင်တချို့  မြန်မာ့ဒီမိုကရေစီအရေးနဲ့ ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံကို တစ်ကြိမ်မက ရောက်ခဲ့ကြပြီး ဖြစ်ပါတယ်။

မူလ သူတို့ယူခဲ့ကြတဲ့ နိုင်ငံ့ထိပ်သီးတာဝန်တွေကို မှန်ကင်းနဲ့ နှိုင်းမယ်ဆိုရင် ယခု သူတို့ထမ်းဆောင်နေကြတဲ့ တာဝန်တွေကို ထင်းနဲ့ နှိုင်းကောင်း နှိုင်းနိုင်ပါတယ်။

သို့သော် ထင်းအဖြစ် လောကကို အလုပ်အကျွေးပြုခွင့် ရခြင်းဟာလည်း စိတ်ကျေနပ်ဖွယ်၊ အားကျဂုဏ်ယူဖွယ် ဖြစ်တဲ့အပြင် တန်ဘိုးထားအပ်၊ ဝမ်းမြောက်ဂုဏ်ယူအပ်တဲ့ လူ့ဂုဏ်သိက္ခာတစ်ရပ်ပင် မဟုတ်ပါလား။

(ပတ္တမြားမှန်ရင် ဘယ်တော့မှ နွံမနစ်သော ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၆၉ နှစ်ပြည့် မွေးနေ့ကို ဤဆောင်းပါးဖြင့် ဂုဏ်ပြုပါသည်။)

ကိုးကား > http://en.wikipedia.org/wiki/The_Elders_(organization)

Photo – The Elders with Thein Sein, Burmese President (2010-2015))


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “အရှင်စန္ဒိမာ (မွန်စိန်တောရ) – မှန်ကင်းမဟုတ်တော့ပေမယ့် ထင်းအဖြစ်ဟာလည်း တန်ဘိုးထားအပ်ပါတယ်
  1. သီလ၊ သမာဓိ၊ ပညာ အားကြီးရင်ကြီးသလောက် ထိပ်တန်းကို(ရာထူးနဲ့ အာဏာကို မဆိုလိုပါ) ရောက်ပါတယ်ဘုရား။ ဒါကြောင့်လည်း မြတ်စွာဘုရားဟာ အသက် (၃၅)နှစ်မှာ ဘုရားဖြစ်ခဲ့တာပါ။ ဒါပေမဲ့ လောကမှာ အတုက အစစ်ထက် ပိုများပြီး နေရာယူနေကြပြီး အမှန်ကို အမှားထင်၊ အမှားကို အမှန်ထင် နေကြတာကိုတော့ ၀ိုင်းဝန်းပြင်ကြရအောင်ဘုရား။ တရားခံက တရားသူကြီးတက်လုပ်၊ နိုင်ငံ့ နံပါတ်(၁)အကြမ်းဖက် အဖွဲ့အစည်းက အစိုးရတက်လုပ်နေတာကိုတော့ မသိကျိုးကျွန်ပြုပြီး အမှန်တရားနဲ့ တရားမျှတတဲ့လူ့ဘောင်ကို တည်ဆောက်ဖို့ ကြိုးစားနေတဲ့လူတွေကို ထိုးနှက်နေတာတွေဟာ သတိထားရမဲ့ ရင်လေးစရာပါဘုရား။ ဓမ္မရှုထောင့်က စဉ်ဆက်မပြတ် သွန်သင်ပေးတော်မူပါ။

Comments are closed.