မှတ်စုမှတ်တမ်း အုန်းနိုင်

အုန်းနိုင် – စစ်အုပ်ချုပ်ရေးလက်အောက်က ၁၉၉၀ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ (၁၉)

စစ်အုပ်ချုပ်ရေးလက်အောက်က ၁၉၉၀ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ (၁၉)
အုန်းနိုင်၊ ဇွန် ၂၀၊ ၂၀၁၄

“ဗဟိုနဲ့သတင်းထုတ်ပြန်ချက်”

ဒီအတွင်း  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဗဟိုကသတင်းထုတ်ပြန်ချက်တစ်ခု   ထွက်ပါတယ်။ အပိုဒ်(၂)ပိုဒ် ပါပြီးအပိုဒ်(၁)မှာ ပြည်သူလူထုတခဲနက်ထောက်ခံမဲပေးခဲ့လို့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်။ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများကို မနားမနေဆောင်ရွက်လျက် ရှိပါတယ်လို့ပါပါတယ်။

ဒုတိယပိုဒ်မှာတော့  ဥက္ကဌဦးတင်ဦးနဲ့ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်တို့ရဲ့  ဦးဆောင်မှုကို မမှိတ်မသုံ ခံယူပြီး ကျောင်းသားလူငယ်၊ ရဟန်းရှင်လူပြည်သူလူထုကြီးရှဲ့ဆန္ဒကို မပြတ်လေ့လာနာယူပြီး ပြည်သူ့ဆန္ဒကို ဘယ်အခါမှ သွေဖီမည် မဟုတ်ပါဘူးလို့ ပါပါတယ်။

ဒီမှာလည်း  ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး တောင်းဆိုချက်မပါသေးပါဘူး။ ဒီကြေညာချက်  ထွက်တဲ့နေ့မှာဆိုရင် အဖွဲ့ချုပ်က(၃၉၂)ဦး၊  အမျိုးသားဒီမိုကရေစီပါတီက(၃)ဦး၊ မျိုးချစ်ရဲဘော်ဟောင်းကတစ်ဦး၊ တစ်ပြည်လုံး(၃၉၆)ဦး အနိုင်ရပြီဆိုတာ သိရှိပြီးပါပြီ။ ကော်မရှင်ကသာ မကြေညာသေးတာပါ။

အခု..အဖွဲ့ချုပ်ရဲ့ ကြေညာချက် ကလည်း လူထုကို ရှေ့ဆက်ဘာလုပ်ရမယ်လို့ လှုံ့ဆော်မှုမပါပါ။

မိမိတို့ဘာသာ မလုံမလဲ ကာကွယ်နေသလိုလိုကြီး ဖြစ်နေပါတယ်။ ကိုယ့်ဘာသာကိုယ်လည်း လိပ်ပြာတော့မသန့်ဘူးထင်ပါရဲ့။

ပြည်မြို့ နယ်စုကိုယ်စားလှယ်တွေ..ဗဟိုမှာ ဆုံမယ့်ရက် ချိန်းပေးထားပေမယ့် တချို့ကစောရောက်ပြီး သူတို့လည်း သူတို့နီးစပ်ရာ တွေ့ကြ ဆုံကြ ဆွေးနွေးကြပြီးဟန်တူပါတယ်..။ဗဟိုမှာ ဆုံတဲ့နေ့ကျတော့ ဒီကိစ္စ အတွက်လာတာ မဟုတ်သလိုလိုလုပ်နေကြပါတယ်..။ကျနော်က   စီအီးစီအဖွဲ့ဝင် ဦးခင်မောင်ဆွေကို ကျနော်တို့  ပြည်မြို့နယ်စု (၆)မြို့နယ်ကိုယ်စားလှယ်များ စီအီးစီနဲ့ တွေ့လိုကြောင်း ပြောတဲ့အခါ … တချို့က ဦးခင်မောင်ဆွေလည်း စီအီးစီမို့  သူ့ကို ပြောလည်းပြီးတာပဲလို့  ဆိုပါတယ်..။ဒီကိစ္စကသိပ်အရေးမကြီးသလိုလို၊ ခရီးသွားဟန်လွဲလိုလို၊ ကျနော် တစ်ယောက်တည်းက လုပ်နေတဲ့ကိစ္စလိုလို လုပ်လာ ကြပါတယ်..။

ဒါပေမဲ့  ဦးခင်မောင်ဆွေက စီအီးစီက ဥက္ကဌဦးအောင်ရွှေတို့၊ အတွင်းရေးမှူးဦးချစ်ခိုင်တို့နဲ့ အပွိုင့်မင့် (Appointment) ယူချင်သေးသလားမေးတော့ ..သူတို့အားလုံးကပဲ ဒီမှာလည်း အခြားစီအီးစီတွေရှိနေတာပဲ၊ ဒီမှာပဲ ပြောကြတာပေါ့လို့ ဖြစ်ကုန်ကြပါတယ်..။

ဒါနဲ့အနီးမှာရှိတဲ့ဦးချမ်းအေး၊ ဒေါ်မြင့်မြင့်ခင်၊ ဦးစိုးသိန်းတို့နဲ့ပဲ ဝိုင်းထိုင်ကြ ပါတယ်..။ တကယ်တော့ ကျနော်တို့ ခြောက်မြို့နယ်ဆိုပေမယ့် ပေါက်ခေါင်းကိုယ်စားလှယ်က ရန်ကုန်မှာနေတာမို့  မပါပါ..။ ရွှေတောင်မြို့နယ် ကိုယ်စားလှယ် တစ်ယောက်ကလည်း ရန်ကုန်မှာနေတဲ့ သူဖြစ်ပြီး ..အဲဒီအချိန်မှာ ရွှေဂုံတိုင် ရုံးထဲမှာပဲ ရှိပေမယ့် ဒီဆွေးနွေးပွဲမှာဝင်မပါပါ။ သူက တိုင်းစည်းဦးပိုက်ခြုံပါ။

တကယ်ဆွေးနွေးတော့လည်း ကျနော်နဲ့သဲကုန်းကိုယ်စားလှယ် ဦးအေး ကသာအဓိကထားဆွေးနွေးပြီး ကျန်ကိုယ်စားလှယ်များက မဆွေးနွေးကြတော့ပါ..။ ဦးခင်မောင်ဆွေက ကျနော်နဲ့ ဦးအေးသန်း တင်ပြတဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးတောင်းဆိုဖို့ကို သဘောကျပါတယ်။ အဲဒီအချိန်မှာ ခပ်လှမ်းလှမ်းမှာ လူတစ်စုနဲ့ စကားပြောနေတဲ့ သခင်စိုးမြင့်ကို သွားခေါ်ပါတယ်။

“ဒီမှာ.. သူတို့က ပြည်ဇုံကကိုယ်စားလှယ်တွေ၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးတောင်းဆိုဖို့ လာပြောကြတာ…”လို့ ပြောပြီး

“ကဲ-အန်ကယ်နဲ့ဆက်ဆွေးနွေးပါ”…လို့ပြောတယ်။ ကျန်တဲ့မြို့နယ်ကိုယ်စား လှယ်တွေက  သူတို့ချင်း စကားပြောနေသလိုလို..။ ဦးစိုးသိန်းနဲ့  စကားပြောနေသလိုလို.. မိမိတို့ လာခဲ့တဲ့ ပုံစံ ပျောက်နေပုံ ပေါ်ပါတယ်…။ မနေနိုင်တော့ ကျနော်ကပဲ ဦးစိုးမြင့်ကို

“ဗဟိုအလုပ်အမှုဆောင်က ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးလောက်တော့ တောင်းဆိုဖို့ကောင်းပြီ၊ သတင်းစာရှင်းလင်းပွဲရော လုပ်ဖို့အစီအစဉ်မရှိဘူးလား..”  လို့မေးတော့ ဦးစိုးမြင့်က

“ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးပါလို့ တောင်းလိုက်လို့ သူတို့ကလွှတ်မပေးဘူးဆိုရင် ဘာလုပ်မလဲ..”  လို့ မေးပါတယ်။

ဒါ…သခင်စိုးမြင့်ပါ။ တို့ဗမာအစည်းအရုံးခေတ်ကတည်းက သခင်ဖြစ်လာ ခဲ့တဲ့သူရဲ့အမေးပါ..။

“သူတို့ငြင်းတာ မငြင်းတာကသူတို့အလုပ်..။ လွှတ်ပေးဖို့တောင်းဆိုရမှာက  ကျနော်တို့အလုပ်၊ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အရှိန်ကြောင့် အနိုင်ရခဲ့တဲ့အဖွဲ့ချုပ်ဟာ ဒါကိုတော့ တောင်းဆိုသင့်တယ်။ ကျနော်တို့ တောင်းဆိုချက် ထွက်လာရင် လူထုရဲ့ ရီပါကားရှင်း (Reparcussion) အပေါ်ကြည့်ပြီး ရှေ့ဆက် ဘာလုပ်ရမယ် ဆိုတာ ဆုံးဖြတ်ရမှာပေါ့..” လို့  ကျနော်က ပြန်ပြောပါတယ်..။

“ခင်ဗျားတို့  ဒါကိုလူကြီးတွေနဲ့တွေ့ပြီးပြောချင်တာလား” လို့ သူကမေးပါတယ်..။ ဒီတော့မှ ပြည်က ဦးသောင်းစိန်က ..

“အခု ဦးစိုးမြင့် သိသွားပြီး ..စီအီးစီမှာ ပြန်တင်ပြရင်လည်း ပြီးပါတယ်၊ လူကြီးတွေ အလုပ်များနေမှာပါ”..လို့ ဝင်ပြောပါတယ်။

အော်-သူတို့က ဒီလိုကိုးလို့ သဘောပေါက်လိုက်ပါပြီ..။ကျနော်တို့ ရွှေတောင်မှာ  ဆွေးနွေးတုန်းကတော့ ဗဟို အလုပ်အမှုဆောင်မှာ တွေ့ပြီး ပြောမယ်လို့ သဘောထားဆုံးဖြတ်ချက်နဲ့လာခဲ့တာ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုရုံမကဘူး..။ အရွေးချယ်ခံထားရတဲ့   လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ အကြိုညီလာခံလုပ်ဖို့ အကြံပေးမယ် ဆိုတာအထိ တောင် ဆွေးနွေးခဲ့ကြတာ..။ အခုတော့ တစ်မျိုးဖြစ်သွားကြပါကလား..။

ဒီတော့သခင်စိုးမြင့်က..

“ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင် နေ့တိုင်းလောက်နီးနီးအစည်းအဝေးလုပ်ဖြစ်တယ်။ တစ်ပြည်လုံးက ကိုယ်စားလှယ်အကုန် မကြေညာသေးလို့စောင့်နေတာ၊ ခင်ဗျားတို့ပြောတာတွေလည်း စဉ်းစားထားပါတယ်”.လို့ ပြောပြီး ထသွားပါတယ်..။

ဦးခင်မောင်ဆွေက “ ဦးအုန်းနိုင်နဲ့ ဦးအေးသန်း.. လာဗျာ…လက်ဖက်ရည်သောက်ကြမယ်” လို့ခေါ်သွားပြီး ခပ်လှမ်းလှမ်း ရောက်တော့မှ  ဦးစိုးဝင်း(ဆိပ်ဖြူ)နဲ့တွေ့လို့ သူ့ကားနဲ့ပဲ တစ်နေရာသွားပြီး လက်ဖက်ရည်သောက်ပါတယ်..။

ဦးခင်မောင်ဆွေက  “ခင်ဗျားတို့ ပြည်ဇုံက ဟိုမှာ အစည်းအဝေးလုပ်သေးသလား”လို့မေးတယ်။

“ဟုတ်တယ်-အရင်အပတ်တည်းက ရွှေတောင်မှာ စည်းဝေးတာ၊ အားလုံးက ခင်ဗျားတို့ စီအီးစီနဲ့တွေ့ပြီး ပြောမယ်လို့ ဆုံးဖြတ်ပြီး လာကြတာ၊ အခု ဒီရောက်တော့မှအီလည်လည်တွေဖြစ်နေကြတာ..”   လို့ ပြောလိုက်ပါတယ်။

“သူတို့လည်း ဒီရောက်တော့ တစ်ဦးချင်းစီ ဗဟိုကတစ်ယောက်ယောက်နဲ့ဖြစ်ဖြစ်၊ တိုင်းက တစ်ယောက်ယောက် နဲ့ဖြစ်ဖြစ် တွေ့ပြီးကြပြီနဲ့တူတယ်..။ စီအီးစီမှာလည်း ဒါကိုပြဿနာတက်နေတယ်။ ခင်ဗျားတို့ပြည်အကြောင်းလည်း ထည့်ပြောတယ်။ ပြည်က ပြဿနာ ခဏခဏတက်တယ်ဆိုတဲ့ အသုံးမျိုးတောင်သုံးတယ်”….လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

ဒီတော့ကျနော်က “အရင်တုန်းက   ပြဿနာတက်တာက ပြည်၊ ရွှေတောင်၊ ပေါက်ခေါင်းနဲ့သဲကုန်းဗျ၊ အခုတော့ ပေါင်းတည်ပါ ပါသွားပြီပေါ့ဗျာ”  လို့ပြောမိပါတယ်။

နေ့ခင်း ရုံးထဲ ပြန်ရောက်တဲ့အခါကျတော့   ဦးပိုက်ခြုံနဲ့ဦးသောင်းစိန်၊ ဦးသန်းကြွယ်တို့ကိုလက်ဖက်ရည် ဝိုင်း တစ်ဝိုင်းမှာ တွေ့ရတယ်။ ဦးသိန်းထွန်းနဲ့ဦးအေးတို့လည်း ဒေါ်ရွှေကူမေနှင်းတို့၊ဒေါ်စန်းစန်းနွဲ့(သာယာဝတီ) တို့နဲ့ စကားပြောနေတာ တွေ့ရပါတယ်..။ ကျွန်တော်နဲ့ ဦးအေးသန်းလည်း ဟိုလိုလို၊  ဒီလိုလိုသောင်မတင်ရေမကျနဲ့ပဲ သတင်းလွှာ ဝယ်ဖို့ ပြန်ကြားရေးခန်းဘက်လျှောက်ခဲ့ပါတယ်။

နိုင်ငံခြားသတင်းထောက်တွေနဲ့ နိုင်ငံတကာ သံတမန်တွေလည်း အဖွဲ့ချုပ်ရုံးကိုလာကြပြီး ဗဟို အလုပ် အမှုဆောင် များဖြစ်တဲ့ ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးခင်မောင်ဆွေတို့နဲ့ တွေ့ကြတဲ့သတင်း တွေလည်း သတင်းလွှာမှာ ပါနေပါပြီ..။  နိုင်ငံတကာ အစိုးရတွေကလည်း အနိုင်ရတဲ့အဖွဲ့ကို အာဏာလွှဲပေးဖို့တိုက်တွန်းနေကြပါပြီ။ ခက်တာက နဝတ ကလည်း ဒါနဲ့ ပတ်သက်လို့ စကားတစ်လုံးမှ မပြောသေးဘူး..။ အဖွဲ့ချုပ် ဗဟို ကလည်း တစ်စုံတစ်ရာ ဖွင့်ဟ ကြေညာ တောင်းဆိုတာမျိုး မလုပ်သေးပါဘူး။

ဇွန်လ(၂၂)ရက်နေ့မှာတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့စပြီး လှုပ်ရှားလာပါတယ်။ နဝတနဲ့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တို့ တွေ့ဆုံညှိနှိုင်းဆွေးနွေးဖို့အကြောင်းကြားစာပေးပို့လိုက်ပါတယ်။

“ကျင်းပ ပြီးစီးခဲ့သော ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏အနိုင်အရှုံးစာရင်းကို ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် လောင်းများသည် လုံးလုံးလျားလျား အများစု အနိုင်ရရှိခဲ့ပြီဖြစ်၍ နိုင်ငံတော်အတွက် လောလောဆယ်ဆယ်အကျိုးစီးပွားနှင့် ရေရှည်အနာဂတ် အကျိုးစီးပွားကိုအခြေခံထား၍   အမျိုးသားပြန်လည်သင့်မြတ်ရေးစိတ်ဓာတ်နှင့်   ပွင့်လင်း ရိုးသားသော၊  စေတနာအပြည့်ပါသော နှစ်ဦးနှစ်ဖက်ညှိနှိုင်းဆွေးနွေး

ဆောင်ရွက်မှုများ ပြုလုပ်သွားရန် ကြိုတင်သတ်မှတ်ချက်မရှိပဲ  တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ယုံကြည်ရသော ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းသွားကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အဆိုပြုလိုက်ပါကြောင်း…”   လို့ သတင်းလွှာကသတင်းဖော်ပြပါတယ်။

နောက်တော့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကို  စီစီ(CC)က ဖိအားပေးကြပါတော့တယ်။ ဒါကတော့ စီစီလို့ခေါ်တဲ့

အဖွဲ့ချုပ်ဗဟိုဦးစီးအဖွဲ့အစည်းအဝေးခေါ်ဖို့ပါပဲ။ ဒါကြောင့် ဇွန်လ(၂၈)ရက်နဲ့ (၂၉)ရက်များမှာ ဗဟိုဦးစီးအဖွဲ့အစည်းအဝေးခေါ်ရပါတယ်..။ ဒီအစည်းအဝေးကျမှပဲ အီလည်လည်၊ မြုံစိစိမလုပ်နိုင်တော့ပဲ အောက်ပါ သဘောထားများထုတ်ပြန်ကြေညာပါတယ်၊ ဒါတောင် တောင်းဆိုချက်မဟုတ်သေးပါဘူး။

အဖွဲ့ချုပ်၏ လက်ငင်း အရေးကြီး တာဝန်များဖြစ်သော

၁။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး

၂။ ပြည်သူလူထုဆန္ဒနှင့်အညီ အေးချမ်းချောမွေ့စွာအာဏာရယူရေး

၃။ အဝေးရောက်ကျောင်းသားလူငယ်များမိဘရင်ခွင်ပြန်လည်ရောက်ရှိပြီး တက္ကသိုလ်နှင့်ကောလိပ်များပြန်ဖွင့်ရေး တို့ကို တပြိုင်တည်း တစ်ပေါင်းတည်း ကြိုးပမ်းရမည်ဟု သဘောထားသည်။

ဆိုတဲ့အချက်တွေပါတဲ့ထုတ်ပြန်ကြေညာချက်တစ်ခုကို ဇွန်လ(၂၉)ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts