>Questions for Suu – RFA Programs

>

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”
လွတ်လပ်တဲ့အာရှအသံက စီစဉ်တင်ဆက်သော
အပတ်စဉ် အမေး အဖြေ အစီအစဉ် (ဒီဇင်ဘာ ၃ရက်၊ ၂၀၁၀)
ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး ကောင်းမှသာလျှင် အားလုံးက နေပြီးတော့ ကွန်ယက်ကြီး သဖွယ် ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်ရွက်သွား နိုင်မယ်လို့ ယုံကြည်တာကြောင့် မို့လို့၊ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး လမ်းကြောင်းတွေ ကောင်းအောင်လို့ တတ်နိုင်သမျှ လူငယ်များက ကူညီပေးပါလို့ မေတ္တာရပ်ခံ ချင်ပါတယ်။

မေးခွန်းမေးသူ။ ။ ဦးပညာဇောတ (သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံဆရာတော်)
Q: ဒီနေ့၊ ဒီအချိန်၊ ဒီကာလမှာ ပြည်သူ၊ ပြည်သားတွေက နေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကြွင်းမဲ့ ယုံကြည်နေတယ်။ အကြွင်းမဲ့ လေးစားနေတယ်။ ကုလသမဂ္ဂကိုတော့ အားကိုးနေလို့ ဖြစ်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကုလသမဂ္ဂမပါဘဲနဲ့ ကိုယ့်နိုင်ငံ ပြောင်းလဲရေး ကိစ္စကို ဒကာမကြီးအနေနဲ့ ဘယ်လို ပုံစံနဲ့ လုပ်ရင် ကိုယ့်နိုင်ငံမှာ အမြန်ဆုံး ပြောင်းလဲနိုင်မလဲ ဆိုတဲ့နည်းကို စဉ်းစားပြီးတော့ ပြည်သူတွေနောက်က လိုက်နိုင်အောင် အဲဒီနည်းကို အဲ နည်းနည်းလေး ချပြရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ အဲဒီ နည်းလမ်းများ ရှိရင် ဦးဇင်းတို့ကို ပြောပြစေချင်ပါတယ်။

A: တပည့်တော်မတို့ရဲ့ နိုင်ငံ ကောင်းကျိုးအတွက် ပြည်သူပြည်သားတွေက အဓိကလုပ်ရမှာ ဆိုတာ တပည့်တော်မတို့ လက်ခံပါတယ် ဘုရာ့။ ဒါပေမယ့်လည်း ဒီလိုလုပ်တဲ့နေရာမှာ ကုလသမဂ္ဂရဲ့ အကူအညီကိုလည်း ရနိုင်သလောက် ရအောင် ယူတာတော့ မမှားဘူးလို့ ထင်ပါတယ်ဘုရာ့။ အခု တပည့်တော်မတို့ ပြည်တွင်းက နေပြီးတော့ နိုင်ငံသူ နိုင်ငံသားတွေ၊ ပြည်ပက နေပြီးတော့ တပည့်တော်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားများသာမက၊ တပည့်တော်မတို့ကို ထောက်ခံအားပေးတဲ့ သူတွေ အားလုံးဟာ၊ ကွန်ယက်ကြီး တခုလို ဒီမိုကရေစီအတွက် လှုပ်ရှားသွားကြမယ်ဆိုရင် အမြန်ဆုံး အောင်မြင်နိုင်မယ်လို့ တပည့်တော်မ ယုံကြည်ပါတယ်။ ဒီလို ကွန်ယက်ကြီးတခု ဖွဲ့ဖို့ဆိုတာဟာတော့၊ အဓိကကတော့ ဆက်သွယ်ရေး လမ်းကြောင်း ပါပဲ ဘုရာ့။ ဒါကြောင့်မို့လို့ တပည့်တော်မတို့လဲ တတ်နိုင်သမျှ ပြည်ပ၊ ပြည်တွင်းအားလုံး ဆက်သွယ်မှု လမ်းကြောင်းတွေ ရှိအောင်လို့ ကြိုးစားနေပါတယ် ဘုရာ့။

မေးခွန်းမေးသူ။ ။ မဇိုရာဖန်း (အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့နေ မြန်မာ့အရေးလှုပ်ရှားနေသူ လူငယ်တဦး)
Q: ဒီလိုမျိုး အခြားနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ လူငယ်တွေပေါ့နော်၊ ကျမတို့ တိုင်းပြည်အတွက် ဘယ်လို အဓိက အားဖြည့်၊ အတတ်နိုင်ဆုံး ဆောင်ရွက် ပေးလို့ရမလဲဆိုတာကို ဒေါ်စုက ဘာအကြံဉာဏ်တွေ ပေးချင်လဲ ပေါ့နော် အဲဒါ ကျမ မေးချင်တာပါ။

A: မဇိုရာနဲ့ တခြား မြန်မာလူငယ်တွေ နိုင်ငံခြားမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းမှုတွေ အကြောင်းကို အမြဲကြားနေရပါတယ်။ ဒီလိုပဲ ဆက်ပြီးတော့ ကြိုးပမ်းသွားကြမယ် ဆိုလို့ရှိရင် အင်မတန်မှ ကောင်းပါတယ်။ ပိုပြီးတော့ ထိထိရောက်ရောက် ဘယ်လိုလုပ်မလဲ ဆိုတာကတော့ ကိုယ့်ဟာကိုယ် တယောက်ချင်း တယောက်ချင်း စဉ်းစားရမှာပေါ့။ အခုအချိန်မှာ ဆိုရင်တော့ ပြည်တွင်း ပြည်ပ ဆက်သွယ်ရေးက သိပ်ပြီးတော့ အရေးကြီးတယ်လို့ ထင်ပါတယ်။ စောစောက ဖြေခဲ့တဲ့ အတိုင်းပဲ ပေါ့နော်၊ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး ကောင်းမှသာလျှင် အားလုံးက နေပြီးတော့ ကွန်ယက်ကြီး သဖွယ် ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်ရွက်သွား နိုင်မယ်လို့ ယုံကြည်တာကြောင့် မို့လို့၊ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး လမ်းကြောင်းတွေ ကောင်းအောင်လို့ တတ်နိုင်သမျှ လူငယ်များက ကူညီပေးပါလို့ မေတ္တာရပ်ခံ ချင်ပါတယ်။

မေးခွန်းမေးသူ။ ။ မဇင်မာဝင်း (အင်္ဂလန်နိုင်ငံတွင် ပညာသင်ကြားနေသော မြန်မာ့အရေးလှုပ်ရှားနေသူ၊ BBC Member တဦး)
Q: သမီးတို့အနေနဲ့ ပေါ့နော် အန်တီရဲ့ ပြောဆိုဆုံးမချက်တွေကို အမြဲတမ်း နားထောင်တယ်၊ အန်တီနဲ့ အချိတ်အဆက် အမြဲတမ်းရအောင် ဘယ်လိုများ၊ ကြိုးပမ်းဆောင်ရွက် နိုင်မလဲပေါ့နော်။ သမီးတို့ ပြည်ပကနေ ပြီးတော့ ဒီထက်ပိုပြီးတော့ ထိရောက်အောင် ဘယ်လိုများ လုပ်ပေးနိုင်မလဲ ပေါ့နော်၊ အန်တီ တဆိတ်လောက် သမီးကို ဖြေကြားပေးပါလားရှင်။

A: သမီးရဲ့မေးခွန်းကလေ မဇိုရာရဲ့ မေးခွန်းနဲ့ ဆင်တူယိုးမှား ပါပဲနော်။ အဲဒါကြောင့်မို့လို့ ဒီအချိတ်အဆက်တွေ ရအောင်ဆိုတာ သမီးတို့က ပိုပြီးတော့ လုပ်ပေးရမှာပေါ့။ ပြည်ပက လူတွေက၊ ပြည်တွင်းက လူတွေထက် ပိုပြီးတော့ ဒီလိုဆက်သွယ်ရေးလမ်းကြောင်းတွေ ကောင်းအောင် လုပ်ပေးနိုင်တဲ့ အခြေအနေမှာရှိတယ်လေ။ ဒါကြောင့်မို့လို့ အန်တီတို့နဲ့ ဆက်သွယ်ချင်တယ် ဆိုလို့ရှိရင် သမီးတို့ကနေပြီးတော့ နည်းအမျိုးမျိုး ရှာပြီးတော့၊ ဆက်သွယ်ပါ။ အန်တီတို့ ကလဲ ဒီဘက်က နေပြီးတော့ နည်းအမျိုးမျိုး ရှာပြီးတော့ ဆက်သွယ်နေပါတယ်။ အခု ဒီလို အစီအစဉ်ကနေ ပြီးတော့ သမီးတို့ကို ဖြေနေတယ် ဆိုတာလဲ ဒီလိုနည်း တမျိုးပါပဲ။ အဲဒီတော့ လူငယ်တွေက နေပြီးတော့၊ အကြံဉာဏ် အမျိုးမျိုး ပေးကြပါ။ လူငယ်တွေရဲ့ အသံတွေကို ကြားချင်ပါတယ် ဆိုတာ။ အဲဒီဟာတွေလဲ ပါပါတယ်။

မေးခွန်းမေးသူ။ ။ မတင်သူဇာဆွေ (အင်္ဂလန်နိုင်ငံတွင် မဟာသိပ္ပံဘွဲ့အတွက် ပညာသင်ကြားနေသော ကျောင်းသူတဦး)
Q: အခု Election ကလည်းပြီးသွားပြီ၊ ကြံ့ဖွတ်ပါတီကိုလဲ အနိုင်ရတယ်လို့ ဒီအစိုးရက ကြေညာလိုက် ပါပြီ။ အဲဒီ အတွက်ကြောင့် သုံးလအတွင်းမှာ ဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရဆိုရင် ပါလီမန်ကို ခေါ်ရတော့မယ်ပေါ့နော်။ ပါလီမန်ခေါ်လိုက်တဲ့အခါ ဒီ ၂၀၀၈ခုနှစ်မှာ ရေးဆွဲထားတဲ့ ဒီ Constitution က အသက်ဝင်သွားပြီလို့ သမီးက နားလည်ထားပါတယ်။ အဲဒီအတွက်ကြောင့် အခုလို စစ်အာဏာရှင်စနစ်ကို ဘက်လိုက်ရေးဆွဲထားတဲ့ ဒီ Constitution ကို အသက်မဝင်အောင် ဘယ်လိုကြိုးစားသွားရမလဲ။ အန်တီစု အနေနဲ့ ဘယ်လို ကြိုးစားသွားမလဲ ဆိုတာကို သိချင်ပါတယ်။
A: အန်တီတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစကတည်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ နိုင်ငံအတွက် ဒီပုံစံ အတိုင်းပဲ ဆိုလို့ရှိရင်တော့ မသင့်တော်ပါဘူး ဆိုတာ ပြောခဲ့ပါတယ်။ အဲဒါကြောင့် မို့လို့ အဲဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက မသင့်တော်တဲ့ အချက်တွေကို ပြန်ပြီးတော့ ပြင်ဖို့ ဆိုတာဟာ၊ အားလုံး ဝိုင်း ကြိုးစားရမှာပါ။ အန်တီတို့ အနေနဲ့လည်း ဆက်ပြီးတော့ ကြိုးစားသွားမှာပါ။ အန်တီတို့က ဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မသင့်တော်ဘူးလို့ ပြောတဲ့နေရာမှာ၊ တစု တဖွဲ့တည်းအတွက် ပြောနေတာ မဟုတ်ပါဘူး။ အားလုံးအတွက်ပါ။ ဒီထဲမှာပါတဲ့ တချို့အချက်အလက်တွေဟာ တိုင်းပြည်အတွက် မကောင်းသလို၊ တပ်မတော် အတွက် မကောင်းတာတွေလည်း ပါပါတယ်။ အဲဒါတွေကို အားလုံးပြန်ပြီးတော့ ဆွေးနွေး ညှိနှိုင်း ပြီးတော့၊ ပြေလည်အောင်လို့ ပြန်ပြီးတော့ ပြုပြင် ဖြေရှင်းစေချင်ပါတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ ပြည်သူတွေရဲ့ ထောက်ခံမှု အင်အားနဲ့ အန်တီတို့က ဆက်ပြီးတော့ ကြိုးစားသွားမှာပါ။ အဲဒီကြိုးစားတာကိုလည်း သမီးတို့တွေက နေပြီးတော့ သမီးတို့ရဲ့ ဉာဏ်စွမ်း၊ ကိုယ်စွမ်း၊ စိတ်ဓါတ်စွမ်း၊ အားလုံးနဲ့ ဝိုင်းပြီးတော့ ကူညီပေးကြမယ်ဆိုတာ အန်တီတို့ ယုံကြည်ပါတယ်။ အဲဒီတော့ အန်တီတို့ ယုံကြည်တဲ့အတိုင်းပဲ သမီးတို့ ကူညီပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

မေးခွန်းမေးသူ။ ။ မအိချော (ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့)
Q: သမီးတို့ရဲ့ နိုင်ငံဟာ သူများတကာ နိုင်ငံမျိုးလို လွတ်လွတ်လပ်လပ် ပြည့်ပြည့်စုံစုံ ဖြစ်လာနိုင်ဖို့ အလားအလာ ရှိလာနိုင်ပါသလား။ သမီးတို့ မြန်မာနိုင်ငံသား အားလုံးရဲ့ မျှော်လင့်ချက် အားလုံးဟာ အန်တီစု ဖြည့်ဆည်းပေးနိုင်မယ်လို့ သမီးတို့ထင်ပါတယ်။ နောက်ပြီး အဲလိုမျိုး လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံ ရရှိဖို့၊ ချုပ်ခြယ်မှုတွေဘာတွေ မရှိဖို့၊ အန်တီစုက လုပ်ပေးနိုင်မယ်လို့ သမီးတို့ထင်ပါတယ်။ မျှော်လင့်လဲ မျှော်လင့်တယ်။ ယုံကြည်လဲ ယုံကြည်ပါတယ်။

A: တခြားတိုးတက်တဲ့ နိုင်ငံတွေလို အန်တီတို့ နိုင်ငံဟာလည်း တိုးတက်နိုင်မယ်။ လွတ်လွတ်လပ်လပ် ရှိနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်နိုင်ဖို့ဆိုတာဟာ နိုင်ငံသူ နိုင်ငံသား အားလုံးက နေပြီးတော့၊ တာဝန်သိသိနဲ့ ပါဝင်ဖို့ လိုပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေဟာ ကိုယ့်ရဲ့ အင်အားကို ကိုယ်နားလည်ဖို့ လိုပါတယ်။ ကိုယ်ဟာ အင်အားမဲ့တဲ့လူတွေ မဟုတ်ပါဘူး။ အင်အားရှိတဲ့သူတွေပါ ဆိုတာ အဲဒါကို အဓိက ယုံကြည်ပြီးတော့၊ ကြိုးပမ်းကြဖို့၊ ကြိုးစားကြဖို့၊ အားထုတ်ကြဖို့ လိုပါတယ်။ အန်တီတယောက်တည်း လုပ်ပေးလို့ မရပါဘူး။ တကယ် အရေးကြီးတဲ့ အရာဆိုတာဟာ လူတယောက်တည်း လုပ်လို့ ဘယ်တော့မှ မရပါဘူး။ ဒီတော့ အန်တီတို့ နိုင်ငံအတွက် ဒီနိုင်ငံ တိုးတက်ဖို့၊ လွတ်လပ်ဖို့၊ တကယ့်ကို သာယာဖို့၊ အေးချမ်းဖို့ ဆိုတာဟာ နိုင်ငံသူ၊ နိုင်ငံသားအားလုံးရဲ့ တာဝန်ဖြစ်သလို၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံးရဲ့ လုပ်အားကို လိုပါတယ်လို့ အန်တီပြောပါရစေ။

မေးခွန်းမေးသူ။ ။ ကိုပန်းမောင် (ခေါ်) Calvin (ဆန်ဖရန်စစ်စကိုမြို့၊ အမေရိကန်နိုင်ငံ)
Q: နိုင်ငံခြားအစိုးရတွေက မြန်မာပြည် ဒီမိုကရေစီရအောင် ကြိုးပမ်းနေကြတာ ကျနော်တွေ့ရတယ်။ ဒါပေမယ့် မြန်မာပြည်အစိုးရကို ထောက်ပံ့နေတဲ့ တရုတ်အစိုးရကို Pressure ပေးဖို့၊ အဲဘက်အပိုင်းမှာ သိပ်မရှိဘူးလို့ ကျနော်တွေ့ရတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ဘယ်လိုရှိလဲ ဆိုတာ ကျနော်သိချင်တယ်။ တရုတ်အစိုးရရဲ့ ထောက်ပံ့မှုကို မြန်မာအစိုးရ ရနေတဲ့အတွက် ဒီ နိုင်ငံခြား Pressure တွေကို သူတို့က အရှုံး မပေးဘဲနဲ့ ပြည်သူလူထုကို ဆက်ပြီးတော့ နှိပ်စက်နေတာပေါ့နော်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင် ဘယ်လိုလဲ မြင်လဲပေါ့နော်။

A: မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ အိမ်နီးနားခြင်းတွေ ဖြစ်ပါတယ်။ အိမ်နီးနားခြင်း နိုင်ငံတွေဟာ ခင်ခင်မင်မင်နဲ့ အေးအေးချမ်းချမ်း နေနိုင်ဖို့ဟာ အရေးကြီးပါတယ်။ ကျမတို့ရဲ့ နိုင်ငံရဲ့ အနာဂတ်အတွက် တရုတ်နိုင်ငံဟာ မှန်ကန်တဲ့ နေရာကနေပြီးတော့ ကူညီနိုင်ဖို့ဆိုတာ ကျမတို့အားလုံး ဝိုင်းပြီးတော့ ကြိုးစားတိုက်တွန်း ရမယ့် ကိစ္စတွေပါ။ နောက်ဆုံးကျတော့ ဒီနိုင်ငံရဲ့ အရေးတွေဟာ ဒီနိုင်ငံသူ နိုင်ငံသားတွေ ကြိုးစားပြီး လုပ်ရမယ့် အရေးတွေလို့ အဲသလိုပဲ ကျမမြင်ပါတယ်။ ကျမတို့ဟာ တရုတ်နိုင်ငံနဲ့ ခင်ခင်မင်မင် မိတ်ဆွေသဖွယ်၊ ဒီနိုင်ငံက ပြည်သူပြည်သား အများစု ကောင်းကျိုး အတွက် လုပ်ဖို့ လိုပါတယ်ဆိုတာ ကျမတို့ရဲ့ အိမ်နီးနားချင်းနိုင်ငံကြီး နားလည်အောင်လို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားနေပါတယ် ဆိုတာလည်း ပြောပါရစေ။

မေးခွန်းမေးသူ။ ။ မနုနုစော (အီတလီနိုင်ငံတွင် ပညာသင်ကြားနေသူ)
Q: မြန်မာပြည် ဒီမိုကရေစီ နိုင်ငံအဖြစ် ပြောင်းလဲဖို့ မဝေးတော့ဘူးလို့ ယူဆရတဲ့ အချိန်မှာ၊ ပြည်သူလူထုရဲ့ လွတ်လပ်ပျော်ရွှင်ခြင်းကို တွေးမိပြီးတော့ အန်တီ့ကို ဒီမေးခွန်းလေး မေးချင်ပါတယ်။ ဘူတန်(Bhutan) ရဲ့ Gross National Happiness အယူအဆကို အနာဂတ်မြန်မာပြည်မှာ တိုင်းပြည်အတွက် ဆီလျော်မယ့် နည်းစနစ် အရ ညှိယူပြီးတော့ ပေါ်လစီ တခုအဖြစ် အသုံးချလို့ရမယ်လို့ အန်တီ ထင်ပါသလား။

A: Gross National Happiness ဆိုတဲ့အဓိပ္ပါယ်ကတော့ နိုင်ငံသူ၊ နိုင်ငံသားများရဲ့ စိတ်အေးချမ်း သာယာမှုကို ရှေ့တန်းတင်တဲ့ အမြင်ပါပဲ။ အဲဒါကို ပေါ်လစီတခု အနေနဲ့ မဟုတ်ဘဲနဲ့ ကျမတို့အားလုံး လိုအပ်တဲ့ အရာတခု အနေနဲ့ မြင်လို့ရှိရင် ပိုပြီးတော့ကောင်းမယ်လို့ ထင်ပါတယ်။ နိုင်ငံတနိုင်ငံမှာ ဆိုလို့ရှိရင် လုံခြုံမှု၊ လွတ်လပ်မှု၊ စီးပွားရေးတိုးတက်မှု၊ အဲဒါတွေအားလုံး ပေါင်းလိုက်တော့မှ အားလုံးရဲ့ စိတ်ချမ်းသာမှုကို ဖြစ်စေတယ် ဆိုတော့၊ Gross National Happiness ဆိုတဲ့ ပြည်သူအမျုား စုပေါင်းလိုက်လို့ ရတဲ့ စိတ်ချမ်းသာမှု တိုင်းတာတဲ့ နည်းနဲ့၊ တိုင်းတာသွားမယ် ဆိုလို့ရှိရင် ပြည်သူတွေကို အလေးထား၊ အဓိကထားတဲ့၊ ပုံစံမျိုး ဖြစ်တာကြောင့်မို့လို့ အင်မတန်မှ လိုလားအပ်တဲ့နည်းတခုပါပဲ။ တိုတိုပြောရမယ် ဆိုလို့ရှိရင်တော့ အန်တီတို့ နိုင်ငံသူ နိုင်ငံသားများအားလုံး ကောင်းကျိုးအတွက် အားလုံးကနေပြီးတော့ ဝိုင်းပြီးတော့ ကြိုးစားသွားနိုင်မယ့် နည်းလမ်းတခုဖြစ်တယ် လို့ပဲ ထင်ပါတယ်။ ဒီတော့ ဘူတန်(Bhutan) မှာလဲ ဒီလို လုပ်နိုင်သလို ကျမတို့ နိုင်ငံမှာလဲ မလုပ်နိုင်စရာ အကြောင်းမရှိပါဘူးလို့ ပြောချင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts