>Maung Maung One’s Article – 1

>

မိဘနဲ့တူသော အစိုးရ – အပိုင်း ၂ (နိဂုံးပိုင်း)
မောင်မောင်ဝမ်း
ဒီဇင်ဘာ ၄၊ ၂၀၁၀

ကျမတို့ပြည်သူတွေအတွက် လုံခြုံတဲ့စနစ်တခုကို တည်ဆောက်ရမယ်။

(ဒေါ်အောင်ဆန်းစုကြည်၏ RFA အဖြေကဏ္ဍ)

ကျနော် အခုရေးနေတဲ့ မိဘနဲ့တူသော အစိုးရဆိုတဲ့ ဆောင်းပါးရေးနေစဉ်မှာပဲ တယောက်က မိတ်ဆက်လာတယ်။ ကျနော်ကလည်း လက်ခံလိုက်ပါတယ်။ သူ ဘယ်သူဘယ်ဝါ ဆိုတာ မသိပါဘူး၊ ကိုယ့်အကျင့်ကိုက လူတွေအပေါ် မသင်္ကာစိတ် မထားတတ်တဲ့သူဆိုတော့ စိစစ်မှုတို့၊ သံသယ ဆိုတာလည်း မရှိပါဘူး။ ဒီလိုနဲ့ တနေ့ သူနဲ့ ကျနော် ဂျီတော့လ်ခ်မှာ ဆုံပါတယ်။

“ကိုမောင်မောင်ဝမ်းလား …” (အမျိုးသမီးတယောက်ရဲ့ အသံပါ)

“ဟုတ်ပါတယ် .. ခင်ဗျား …”

“ကျမကို တယောက်က ပြောလို့ပါ .. အကို့ရဲ့ဆောင်းပါးကို ဖတ်ပြီးတော့ပေါ့နော် .. ကျမလည်း ဖတ်ပါတယ်။ ဘယ်သူလည်းဆိုတာတော့ မပြောပါရစေနဲ့ … ကျမ ပြည်တွင်းကနေ ဆက်တာပါ … (အသံကတော့ တော်တော်ကြည်ပါတယ်၊ ပြတ်လည်းမသွားပါဘူး၊ ကျနော် တခြားသူတွေနဲ့ စကားပြောပြီဆို ဘယ်တော့မှ ကောင်းကောင်းပြောရတယ် မရှိပါ၊ တော်တော် စိတ်ရှည်ရပါတယ်)

“ဘာများပြောချင်လို့ပါလဲ .. ကျနော် သိခွင့်ရှိမလား”

“ဒီလိုပါ အကို့ရဲ့ဆောင်းပါးထဲမှာ .. အမေရိကားမှာ အစိုးရကလူတွေကို အငတ်မထားဘူးလို့ ရေးထားပါတယ် .. ဒါပေမယ့် သူက ပြောတာက .. သူ့မိတ်ဆွေတွေ အမေရိကားမှာ အများကြီးရှိတယ်တဲ့၊ အဲဒါ မေးကြည့်တော့ … ငတ်သေနေတဲ့သူတွေ အများကြီးရှိပါတယ် .. သူ လိမ်ရေးနေတာပါလို့ပြောလို့ … ကျမ သိပ်မရှင်းလို့ပါ”

ဘယ်သူလဲဆိုတာ မပြောပါရစေနဲ့လို့ စကားခံထားတော့ .. ဘာဆိုတာလဲ မမေးတော့ပါဘူး။

ကျနော် တချက်ပြုံးလိုက်မိတယ်။ ဘေးနားကရပ်နေတဲ့ ကျနော့်အမျိုးသမီးမျက်နှာက ရှုံ့မဲ့သွားပြီး အဓိပ္ပာယ်မရှိဆိုတဲ့ ပုံစံလုပ်နေပြနေတော့ .. ကျနော်က အသာလေး တားရတယ် …။

“အမေရိကားမှာ အခုဆို မြန်မာနိုင်ငံသား တော်တော်များများ ရှိပါတယ် … သိန်းဂဏန်း လောက်တောင်ရှိမလား မသိဘူး .. တယောက်ယောက်နဲ့ အဆက်သွယ်ရှိရင် မေးကြည့်ပါ … ခင်ဗျား သူငယ်ချင်း ဆက်သွယ်တယ်ဆိုတာ တကယ်ရော ဟုတ်ရဲ့လား၊ အမေရိကားမှာနေထိုင်နေတဲ့ ဘယ် မြန်မာနိုင်ငံသားမဆို ဒါကို အားလုံးသိပါတယ်၊ ဒီလိုပါ .. အမေရိကားမှာရှိတဲ့ သတ်မှတ်ဝင်ငွေထက် နည်းတဲ့ တရားဝင်နေထိုင်ခွင့်ရှိထားတဲ့ မည်သူမဆိုပေါ့နော် .. သူတို့ကို အစိုးရက .. အစားသောက်ကဒ် (Food Stamp) ဆိုတာ ထုတ်ပေးပါတယ်။ ဝင်ငွေများရင်တော့ မရပါဘူး၊ အလုပ်မရှိတာတို့၊ ဝင်ငွေ ရှိပေမယ့်လည်း မိသားစုများလို့ မလုံလောက်တာတို့အတွက်ပေါ့ .. ဒါ အမှန်ပါ .. တလကို ထုတ်ပေးထားတာကတော့ တပြည်နယ်နဲ့ တပြည်နယ် မတူပါဘူး .. ကျနော်နေတဲ့ နယူးယောက်ပြည်နယ်မှာဆိုရင်တော့ .. ပျှမ်းမျှ တလကို .. လူတယောက် ဒေါ်လာ ၁၇၀ လောက် ပေးပါတယ် (သုံးယောက်ဆိုရင်တော့ .. ငါးရာကျော်ပေါ့) .. အဲသလောက်ငွေဟာ လူတယောက်အတွက် ကောင်းကောင်းကို လုံလောက်ပါတယ် .. တော်တော်ကို ကောင်းကောင်းမွန်မွန် စားရတာပါ .. အစားအတွက် ချွေတာ စားစရာမလိုတဲ့ ပမာဏပါ .. ဒါပေမယ့် တချို့ စာရိတ္တပျက်လူတွေ ရှိပါတယ် .. အလုပ် လုံးဝမလုပ်ပါဘူး.. မူးယစ်ဆေးဝါးသုံးစွဲတယ် .. အစိုးရ အထောက်အပံ့နဲ့ပဲ ရပ်တည်တယ် .. အစိုးရကလည်း သိပေမယ့် ထောက်ပံ့ပါတယ် .. သူတို့က အဲဒီ အစားအသောက်အတွက် ထုတ်ပေးထားတဲ့ ပိုက်ဆံကိုတောင်မှ ဖလှယ်ပြီး မူးယစ်ဆေးဝါး သုံးစွဲပါတယ် .. ဒါကတော့ သူတို့ ရွေးချယ်ခွင့်ပါ .. အစားအသောက်ကဒ် ထုတ်ပေးတဲ့နေရာမှာ ပိုက်ဆံငွေသား ထုတ်မပေးပါဘူး .. ကဒ်ပြားပဲ ပေးလိုက်တာပါ .. အစားသောက်ကလွဲလို့ တခြားအရာတွေလည်း ဝယ်လို့မရပါဘူး .. ယုတ်စွအဆုံး ဆပ်ပြာမှုန့်တောင် ဝယ်လို့မရပါဘူး .. သူတို့ဖာသာသူတို့ မစားဘဲ မူးယစ်ဆေးဝါးသုံးစွဲပြီး အငတ်ခံနေတာကတော့ .. အစိုးရနဲ့ မဆိုင်ပါဘူး၊ ဒါပေမယ့်လည်း .. ငတ်ပြတ်ပြီး သေကြတယ် ဆိုတာကတော့ ကျနော် လေ့လာမိသလောက် မကြားဘူးတာ အမှန်ပါခင်ဗျာ”

သူဘက်က အသံက တိတ်နေတယ်။ ဒါနဲ့ နားရောထောင်ရဲ့လားဆိုတာသိချင်တာနဲ့ …

“ဟလို … ဟလို”

“ကျမ လိုင်းပေါ်မှာ ရှိနေပါတယ် … ပြောနေတာကို နားထောင်နေတာပါ”

“ကျနော် တင်ပြခဲ့တဲ့ အကြောင်းအရာတွေအားလုံးအတွက် မှန်ကန်တယ်ဆိုတာ .. ကျနော် တာဝန်ယူပါတယ်”
“ကျမလည်း .. အခုလို အစိုးရတရပ်က ပြည်သူကို ထမင်းအငတ်မခံဘူး .. အစားအသောက် အတွက် စိတ်ပူစရာမလိုအောင် ထောက်ပံ့ပေးထားတယ်ဆိုတာ မကြားဘူးတာ အမှန်ပါ .. ဗဟုသုတ နည်းတယ်ပြောလည်း ခံရမှာပေါ့”

ကျနော် တော်တော် ရင်လေးသွားပါတယ်။ ကိုယ်က အမှန်ကိုတင်ပြခဲ့တာတောင်မှ မလိုသူများက ကိုယ့်လိပ်ပြာ ကိုယ်မလုံလို့ သွေးထိုးတာနဲ့ ယုံမှားသံသယ အဖြစ်ခံလိုက်ရတယ်။ ဒါကလည်း ရှင်းပါတယ်၊ မြန်မာနိုင်ငံမှာ စစ်အစိုးရက ပြည်သူ မဆိုထားနဲ့၊ သူ့စစ်တပ်တောင်သူ လုံလောက်အောင် ပေးထားနိုင်တာမှ မဟုတ်တာ။ စစ်သားတွေ လစာဘယ်လောက်များပေးထားနိုင်လို့လဲ၊ ရိက္ခာ အလုံအလောက် ထောက်ပံ့မှုရော ပြည့်ဝပါရဲ့လား မေးခွန်းထုတ်စရာပါ။ အိမ်နီးချင်း ထိုင်းနိုင်ငံတောင်မှ စစ်သားတယောက်အတွက် လစာဟာ ပျမ်းမျှ (ဒေါ်လာ-၃၀၀) ဝန်းကျင်လောက်နဲ့ ရိက္ခာ အလုံအလောက် ထောက်ပံ့ပေးထားနိုင်ပါတယ်။ တိုင်းပြည် မတိုးတက်ဘဲနဲ့၊ မချမ်းသာဘဲနဲ့ အဆင့်မီတပ်မတော် တည်ဆောက်ဖို့ဆိုတာ အတော်ကို ခက်ခဲပါလိမ့်မယ်။ ဒီနေ့ မြန်မာ့တပ်မတော်ကို ပြန်ကြည့်မယ်ဆို ဒုတိယ ကမ္ဘာစစ်က စစ်တပ်တွေရဲ့ အနေအထားထက် မပိုဘူးလို့တောင် ပြောချင်ပါတယ်။ မာနနဲ့ခံပြီး ငြင်းမယ် ဆိုရင် ငြင်းနိုင်ပါတယ် (အရှိတရားဟာ အမှန်ဆိုတာကိုတော့ မျက်ကွယ်ပြုလို့ မရနိုင်ကောင်းပါဘူး)။ ဒါ ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလည်း ဆန်းစစ်ကြည့်ရအောင်ပါ၊ စနစ်ကြောင့်ပါ။ သိပ်သေချာပါတယ် စနစ်ပါ။ ဒီ စနစ်ကိုမပြောင်းဘဲနဲ့ တိုင်းပြည် ဘယ်တော့မှ တိုးတက်ချမ်းသာလာမှာ မဟုတ်ပါဘူး၊ ဒီအကြောင်းအရာတွေကို တင်ပြရေးသားခြင်းအပေါ် မေးခွန်းထုတ်လို့ ရပါတယ်။ ခင်ဗျားက အမေရိကားကို အထင်ကြီး အားကျလို့လားလို့ မေးခဲ့ရင်တောင်မှ ဟုတ်ပါတယ်လို့ ရဲဝံ့စွာ ဝန်ခံပါ့မယ်။ ကျနော် ချမ်းသာတိုးတက်တဲ့နိုင်ငံကို အားကျလို့ အတုယူဖို့ ရေးသားတယ်ဆို ပိုမှန်ပါတယ်။ မြောက်ကိုရီးယားလို ပြည်သူတွေ ငတ်ပြတ်နေတာတောင် နောင်တ မရသေးဘူး၊ နျူကလီးယား တန်ခိုးနဲ့ ထောင်ထောင်လုပ်နေတဲ့ တိုင်းပြည်မျိုးကို အားကျမခိုင်းပါဘူး။ နအဖ ပြောနေသလို မြန်မာနိုင်ငံဟာ အမှန်တကယ် ဖွံ့ဖြိုးပါတယ်ဆိုရင် တခြားကဏ္ဍကိုမပြောပါဘူး။ တပ်မတော်ထဲမှာရှိနေတဲ့ စစ်သားတွေကိုပဲ လုံလောက်အောင် ထောက်ပံ့ပါဦး၊ အနည်းဆုံး ထိုင်းစစ်သားတယောက်ရဲ့ တလ လစာဟာ ဒေါ်လာ ၃၀၀ လောက် ပျမ်းမျှရှိတယ်ဆိုရင် မြန်မာစစ်သား တယောက်အတွက် (ရိုးရိုးရဲဘော်ပေါ့) ဒေါ်လာ ၁၅၀ လောက်ပဲ ပေးစမ်းပါဦး၊ အဲဒါဆို မြန်မာ့တပ်မတော် အဆင့်ရှိနေပါသေးတယ်ဆိုတာကို လက်ခံပေးလိုက်မယ်။ နိုင်ငံ တနိုင်ငံမှာ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေး အာဏာ၊ ဥပဒေပြု အာဏာ ဆိုတဲ့ သုံးရပ်လုံးကို တယောက်၊ တစု၊ တဖွဲ့က ချုပ်ကိုင်ထားရင် အဲဒီနိုင်ငံ မစွံဘူးသာ ပြင်ပေတော့၊ တခုခုတော့ ချွတ်ယွင်းနေမှာ အမှန်ပဲ။ တရုတ်ပြည်ကို ဥပမာပေးပြောချင်တယ်ဆိုရင် တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီ က ချုပ်ကိုင်ထားတယ်၊ တိုင်းပြည်စီးပွားရေး တိုးတက်တယ်ဆိုရင် သန်းထောင်နဲ့ချီပြီးရှိနေတဲ့ လူတွေကို ထမင်းကျွေးထားနိုင်လား၊ လူ့အခွင့်အရေး တကယ်ပြည့်ဝစွာရနေပြီလား၊ သတ်ချင်တိုင်း သတ်၊ ဖမ်းချင်တိုင်းဖမ်းတွေက ရှိနေဆဲပါ။ တည်ဆဲအစိုးရကို ဆန့်ကျင်လိုက်တာနဲ့ ရက်ရက်စက်စက် နှိပ်ကွပ်တော့တာပဲ။ အမေရိကားမှာ သမ္မတတောင် ခံတွင်းမတွေ့ရင် ဆန္ဒပြလို့ရတယ်။ ကျနော်တို့မြို့ကို သမ္မတ အိုဘားမား လာတယ်၊ မြို့မှာ ဘာလှုပ်လှုပ်ရှားရှားမှ မရှိဘူး၊ အားလုံးပုံမှန်ပဲ။ တချို့ သိတောင် မသိကြဘူး၊ သူလာတော့ သူ့ကိုမကြိုက်တဲ့သူတွေက ဆန္ဒပြကြတာပဲ။ သမ္မတကလည်း အဲဒီအပေါ် ဒေါသ မထွက်ပါဘူး၊ ပြုံးပြီးတောင် လက်ပြသွားသေးတယ်။ အမေရိကားမှာ ကိုယ့်ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိတယ်။ လူ အယောက် တရာထက်မပိုရင် သတင်းပို့စရာ မလိုဘူး၊ ဥပဒေဘောင်အတွင်းက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ခွင့်ပြုတယ်။ လွတ်လပ်စွာ ရေးသားခွင့် အပြည့်ရှိတယ် ကြိုက်တာ ရေး၊ တင်ပြ၊ ဒါပေမယ့် လူတဦးတယောက်ရဲ့ ဥပဒေပါ အခွင့်အရေးတွေကိုတော့ သွားမထိပါးနဲ့၊ လက်မခံဘူး။ တရားစွဲခံရမယ်သာ ပြင်၊ ကိုယ်လုပ်တဲ့လုပ်ရပ်၊ ကိုယ်ရေးသားတင်ပြတဲ့အရာတွေအတွက် ကိုယ်ကိုယ်တိုင် တာဝန်ခံနိုင်ရမယ်။ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံဆိုပေမယ့် ပရမ်းပတာ မထင်လေနဲ့ (နအဖ က မဟုတ်မမှန် အမေရိကန်ဆိုရင် ပရမ်းပတာနိုင်ငံလို့ထင်မြင်အောင် ဝါဒဖြန့်ထားတာလေ) ဥပဒေတွေက အရမ်းတင်းကြပ်တယ်၊ အမေရိကားထဲမှာ ဘယ်သူမှ အိမ်ရှေ့ထွက် လမ်းမထွက် အရက်သောက်လို့ မရဘူး၊ ဒါကို ဥပဒေနဲ့ တင်းကြပ်ထားတာ၊ နောက်တခါ အမေရိကန်ပြည်ထောင်စုမှာ အာဏာသုံးရပ်ကို သီးခြားစီ ခွဲထားတာ၊ မရောဘူး။ ဥပဒေပြုသူတွေက ဥပဒေပြု အလုပ်လုပ်၊ တရားစီရင်ရမယ့်လူက တရားစီရင်၊ သမ္မတ က တိုင်းပြည်အုပ်ချုပ် တခုနဲ့တခု သွားလွှမ်းမိုးလို့ မရဘူး၊ ဘယ်သူကမှ ဘယ်သူ့ကို ချုပ်ကိုင်လို့ မရဘူး၊ သမ္မတမှားရင် အရေးယူခံရမှာပဲ (ကလင်တန် ဥပမာကြည့်ပါ)။ သမ္မတမို့ သူ လုပ်ချင်ရာ လုပ်လို့မရဘူး၊ ငါ သမ္မတပဲဆို တရားစီရင်ရေးတို့၊ ဥပဒေပြုရေးတို့အပေါ် သွား အာဏာပါဝါပြလို့ မရဘူး။ အဲဒါ လွတ်လပ်တဲ့ ဒီမိုကရေစီ (Liberal democracy) ရဲ့ အနှစ်သာရပါပဲ။ ကျနော်တို့ နိုင်ငံအတွက် ချက်ချင်းကြီး ဒီလိုမဖြစ်နိုင်ဘူးဆိုတာတော့ ကောင်းကောင်း သဘောပေါက်ပါတယ်။ ဒါပေမယ့် ယခုအချိန်ကတည်းကစလို့ အစမပျိုးသေးဘူးဆိုရင်တော့ နောင်နှစ်ပေါင်း ဘယ်လောက်ကြာကြာ မျှော်လင့်ရဦးမလဲဆိုတာကတော့ တွေးမိတိုင်း စိတ်ပျက်စရာပါ။

နောက်တခါ အမေရိကားမှာ ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်နေတဲ့ အရာတခု ရှိတယ်၊ အဲဒါက လူအချင်းချင်း အသားရောင်၊ လူမျိုး၊ ဘာသာဓလေ့၊ ယဉ်ကျေးမှု အစရှိတာတွေကို ထိခိုက်စော်ကားရင် ဥပဒေအရ ပြင်းထန်စွာ အရေးယူအပြစ်ပေးတယ်။ လူသားအချင်းချင်း ခွဲခြားဆက်ဆံရင် ဥပဒေအရ ပြင်းထံစွာ အရေးယူအပြစ်ပေးတယ်။ ကျနော်တို့နိုင်ငံမှာ မလိုသူတွေ ပြောနေကြတဲ့ကိစ္စတခုက ခေါင်းထဲဝင်လာလို့ပါ၊ အန်တီစုရဲ့အိမ်ထောင်ရေးကိစ္စပါ၊ ပြောလိုက်ကြတာ၊ ရေးလိုက်ကြတာ ရစရာမရှိဘူး၊ လူမျိုးခွဲခြားကြည့်မြင်တတ်တဲ့ အတွေးခေါ်ဆိုတာ နှစ်ပေါင်းရာချီပြီး နောက်ကျကျန်ရစ်ခဲ့ပါပြီ။ အမေရိကားမှာ လူသားတိုင်း ဥပဒေပါအခွင့်အရေးတွေကို တန်းတူခံစားခွင့် ရှိတယ်။ သမ္မတမို့ ပိုပေးတာမျိုး၊ မျက်နှာမရှိလို့ ပစ်ပယ်တာမျိုး လုံးလုံးခွင့်မပြုဘူး။ အစိုးရဟာ နိုင်ငံတွင်းမှာ အပြောနဲ့၊ သူ့နိုင်ငံသားတွေကို နိုင်ငံပြင်ပရောက်တာတောင် စောင့်ရှောက်တယ်၊ အမေရိကန်နိုင်ငံသားများ အခြားနိုင်ငံတခုခုမှာ ပြဿနာတခုနဲ့ ရင်ဆိုင်ကြုံရပြီဆို လိုက်လံဖြေရှင်း စောင့်ရှောက်တယ်၊ အနိမ့်ဆုံး ရာဇဝတ်ပြစ်မှု တစုံတရာ ကျူးလွန်တယ်ဆိုရင်တောင်မှ (ကျူးလွန်ခြင်းအတွက် သက်ဆိုင်ရာနိုင်ငံက ချမှတ်တဲ့ပြစ်ဒဏ်ကို မကယ်တင်နိုင်တာမှအပ) ကျန်တာ အကုန်စောင့်ရှောက်တယ်။ ဒါပေမယ့် ကယ်လို့၊ တောင်းဆိုလို့ ရနိုင်သေးတယ်ဆိုရင်တောင်မှ ကယ်တင်တယ်၊ ကျနော်တို့ နိုင်ငံသားတွေ ပြည်ပနိုင်ငံ အသီးသီးမှာ အလုပ်လုပ်နေကြသူတွေရော၊ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသူတွေရော အများကြီးပါ။ မြန်မာသံရုံးဆိုတာ အခွန်ကောက်တဲ့အလုပ်ကလွဲလို့ ဘာများ နိုင်ငံသားအခွင့်ရေးကို အကာအကွယ်ပေးနိုင်ပါသလဲ။ ထိုင်းနိုင်ငံမှာဆို အသတ်ခံရတဲ့ မြန်မာနိုင်ငံသားတွေဆိုတာ နည်းလို့လား၊ ဖြစ်လာပြီဆို ဆင်ဝှေ့ရန်ရှောင်၊ မျက်နှာလွှဲခဲပစ် စကားကလွဲလို့ ဘာမှလုပ်မပေးခဲ့ပါဘူး၊ တကယ်တော့ ကျနော်တို့နိုင်ငံသာ စီးပွားဖွံ့ဖြိုးတဲ့ နိုင်ငံတနိုင်ငံဖြစ်နေမယ်ဆိုရင် ဘယ်သူ နိုင်ငံရပ်ခြားကို ထွက်အလုပ်လုပ်ကြမှာလဲ။ နိုင်ငံရပ်ခြားကို ထွက်အလုပ်လုပ်နေတဲ့သူတွေကိုတောင်မှ ကျွန်သွားခံကြတယ် ဆိုတဲ့ ရင့်သီးတဲ့စကားတွေနဲ့ ပုတ်ခတ်သေးတာပဲ။ ကဲ .. ထားပါတော့၊ အဲဒီလူတွေက ကျွန်သွားခံတယ်ဆို .. ခံချင်လို့ခံကြတာလားလို့မေးရင် .. ဘယ်လိုပြန်ဖြေမလဲ။ မိဘမကောင်းတော့ သူများအိမ်မှာသွားပြီး အစေခံလုပ် ကိုယ့်ဘဝကိုယ်ရပ်တည်ရတဲ့ သားသမီးများလိုပါပဲ။ အချိန်တန်ရင် မိဘက သားသမီးကို လုပ်ကိုင်မကျွေးတဲ့အပြင် သားသမီး လုပ်အားခထဲက အရက်ဖိုးဖြတ်တောင်းတတ်တဲ့ မိဘတွေ ကြုံဖူးပါတယ်။

ပညာရေးပိုင်းကိုကြည့်မယ်ဆိုရင်လည်း ကလေးတိုင်း ကျောင်းတက်နိုင်ရမယ်ဆိုတဲ့ ပေါ်လစီ ရှိတယ်။ ငွေကြေးတပြားတချပ်မှ မကုန်တဲ့အပြင် ကျောင်းမှာတောင် နံနက်စာ၊ နေ့လည်စာတွေနဲ့ ကျွေးသေးတာ၊ တက္ကသိုလ် ကောလိပ်တက်မယ်ဆိုရင်လည်း အမျိုးမျိုးသော ထောက်ပံ့ကြေးတွေအပြည့် (ကျောင်းတွေတော်တော်များများက ပုဂ္ဂလိကပိုင်တွေများတယ် – ကျောင်းတက်ခအတွက် ငွေကြေး ပေးရတယ် – အဲဒီငွေကြေးအတွက် အစိုးရတွေ၊ ဘဏ်တွေကပေးတာ) လုပ်ငန်းခွင်ကို ဝင်သွားပြီဆို ပြန်ဆပ်ရတာလည်း ရှိတယ်၊ မဆပ်ရတာလည်း ရှိတယ်။

နောက်တခါ အလုပ်အကြောင်း နည်းနည်းပြောချင်တယ် ..။ အမေရိကားမှာ အလုပ်သမား အခွင့်အရေး အပြည့်ရှိသဗျ။ အလုပ်သမားသမဂ္ဂဆိုတာတွေက နေရာတိုင်းမှာ။ အလုပ်ရှင်တွေက ငါ အလုပ်ရှင်ပဲကွ ဆိုပြီး အလုပ်သမားတွေကို အနိုင်ကျင့်လို့ မရဘူး၊ မတရားခိုင်းစေလို့ မရဘူး၊ အလုပ်သမား တယောက်အတွက် ရသင့်တဲ့လုပ်အားခကို ဥပဒေနဲ့သတ်မှတ်ထားတယ်၊ တနာရီ ၇.၂၅ ဒေါ်လာ) ဒီ့ထက် လျှော့ပေးလို့ မရဘူး၊ နောက် ကျနော်တို့ အာရှနဲ့မတူတဲ့အချက်က ဒီမှာ တပတ်ကို နာရီ ၄၀ ဆိုတာ ပုံမှန် အလုပ်ချိန် သတ်မှတ်ထားတယ်။ ဒီ့ထက်ပိုရင် အချိန်ပို လုပ်အားခပေါ့၊ အချိန်ပို လုပ်အားခအတွက် ပုံမှန်ထက် တဆခွဲ ပေးရတယ်။ ဥပမာ ခင်ဗျားက တနာရီကို ၁၀ ဒေါ်လာရတယ်ဆို အချိန်ပိုအတွက် ၁၅ ဒေါ်လာ သတ်မှတ်ထားတယ်၊ လုပ်ငန်းခွင်အတွင်းမှာ တခုခု ထိခိုက်အနာတရဖြစ်တယ်ဆို လျှော်ကြေးပေး ရတယ်။ အလုပ်လုပ်တဲ့နေရာမှာလည်း ဥပဒေအရ သတ်မှတ်ထားတာက အလုပ်သမားတိုင်းကို နှစ်နာရီ လုပ်ပြီးတိုင်း တခါနားခွင့်ရှိရမယ်တဲ့။ (ဒါပေမယ့် ပျမ်းမျှအားဖြင့်ကတော့ နှစ်နာရီနဲ့ သုံးနာရီကြားလောက် များပါတယ်၊ အလုပ်လုပ်ချိန်နာရီပေါ့) နောက်တခုက အလုပ်ရှင်တယောက်က အလုပ်သမားတယောက်ကို အလုပ်ခန့်လိုက်ပြီဆို – အဲဒီ့အလုပ်သမားကို အကြောင်းမဲ့ အလုပ်ကထုတ်ပစ်တာမျိုး ဥပဒေက ခွင့်မပြုဘူး။ ဆိုလိုတာက ဥပမာ သူအလုပ်လုပ်တာ မကြိုက်လို့ – နေထိုင်မကောင်း ခဏခဏဖြစ်လို့ စတာမျိုးတွေပေါ့၊ ထုတ်ခဲ့မယ်ဆို လျှော်ကြေးပေးရတယ် (ဒါပေမယ့် အလုပ်ရှင်များဟာ ဒါမျိုးလုပ်ခဲပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့က ဥပဒေနားလည်ကြတာ များတယ်)။

ပြောရမယ်ဆို အများကြီးပေါ့၊ ပြောလို့ကုန်မှာ မဟုတ်ဘူး။ စပ်မိလို့ တခုရှိသေးတယ်၊ ကျနော်တို့ နိုင်ငံသားတွေက ရဲတို့၊ စစ်သားတို့တွေ့ရင် အလိုလိုကို လိပ်ပြာလန့်နေကြတာ၊ အဲဒါကို ဒီကရဲတွေက သဘောပေါက်ပုံရတယ်၊ ကျနော်တို့နိုင်ငံသားတွေ တခုခုဖြစ်ပြီဆို သူတို့က မကြောက်ဖို့ အရင်ဆုံး ပြောတယ်။ ရဲဆိုတာ လူတွေကို ကူညီဖို့စောင့်ရှောက်ဖို့ပဲ၊ ကြောက်စရာမလိုဘူး။ တနေ့ ကြုံရတဲ့ အဖြစ်ကလေးတခုပေါ့ .. ကျနော့်မိတ်ဆွေတယောက်က ကျနော့်အိမ် အလည်လာတယ် .. သူက အမျိုးသမီးပါ .. သူ့သားလေးနဲ့ (၁၀ လသားလောက်ပဲ ရှိမယ်) လာတော့ ကျနော့်အိမ်ရှေ့ကိုအရောက် သူ မောင်းလာတဲ့ကားပေါ်က ဆင်း၊ ကားတံခါးကို ပိတ်၊ ကျနော့်အိမ်ရှေ့က ဘဲလ် လာတီးတာပေါ့ (ကျနော် ရှိ မရှိပေါ့ဗျာ)၊ အဲသလိုနဲ့ သူ သတိတခုဝင်သွားတယ်။ ကားထဲမှာ သူ့ကားသော့ကို ထားခဲ့ပြီး တံခါးပိတ်လိုက်တော့ ကားတံခါးဖွင့်လို့ မရတော့ဘူး၊ ကလေးငယ်က ကားထဲမှာ။ ဖြစ်ချင်တော့ အဲဒီခါကြမှ ကလေးကလည်း ထငိုပါလေရော၊ မအေလုပ်သူခမျာ ခြေမကိုင်မိ လက်မကိုင်မိနဲ့၊ ကားသော့ကလည်း အပို မရှိဘူးလေ၊ ဒါနဲ့ ကျနော် ရဲစခန်းကို ချက်ချင်း ဖုန်းဆက်လိုက်တယ်။ အကျိုးအကြောင်း ရှင်းပြတယ်။ ပြောရင် ယုံနိုင်စရာတောင်မရှိဘူး၊ နောက်ထပ် ၁၅ မိနစ်လောက်ပဲကြာမယ် ထင်တယ်။ ရဲကား ရောက်လာတယ်၊ သူတို့နဲ့အတူ တံခါးဖွင့်ပေးဖို့ ကျွမ်းကျင်သူပါ ပါလာတယ်ဗျ၊ ကားပေါ်က အမြန်ဆင်း ကားကို တံခါးကောက်ဖွင့်လိုက်တာ ချက်ချင်းပဲ။ ပြီးမှ ရဲအရာရှိလုပ်တဲ့ အမျိုးသမီးက ကလေးကို ကောက်ပွေ့တဲ့ပြီး နမ်းရှုံ့၊ မိခင်ဖြစ်သူဆီကို ပြုံးပြုံးကြီး ပြန်ပေးလိုက်တယ်။ မိခင်ဖြစ်သူခမျာ ဝမ်းသာလိုက်တဲ့ဖြစ်ခြင်း။ ကျွန်တော်တို့နိုင်ငံက အဖြစ်တွေနဲ့မကွာလား။ နောက်တခါကတော့ ကျနော့် အမျိုးသမီး။ တနေရာကိုသွားကြတာ ကျနော်က အပြန်မှာ သူ့ကို ပြောလိုက်တယ်။ “ငါတို့အပြန် တက္ကစီနဲ့ ပြန်ရအောင်” ဆိုပြီး ကျနော်က ဘေးနားမှာရှိတဲ့ ဈေးဆိုင်လေးထဲကို ခဏအဝင် .. အမျိုးသမီးက ရဲကားကို တက္ကစီမှတ်ပြီး သွားတားတယ်ဗျ (သူကလည်း အဲသလောက် တုံးတာ)။ ရဲကားကလည်း ရပ်ပေးပြီး သူ့ကို မေးတယ်။ ဘာအကူညီပေးရမလဲဆိုမှ အမျိုးသမီးက ရဲကားမှန်း သိတော့တယ်။ “ဘာအကူညီပေးရမလဲ” မေးတော့ ကျနော့်အမျိုးသမီးကလည်း အင်္ဂလိပ်လိုမပြောတတ်၊ ဒုက္ခတွေ့ပါလေရော။ အဲဒါနဲ့ ကျနော့်ကို လက်ညှိုးထိုးပြပြီး “သူက ကျမ အမျိုးသား၊ သူက အင်္ဂလိပ်လို ပြောတတ်တယ်။ ကျမက မပြောတတ်ဘူး” ဆိုတော့ ရဲက ကျနော့်ဆီ တန်းတန်းလာတော့တာပဲ။ ကျနော်လည်း ဗြုန်းခနဲဆိုတော့ လန့်သွားတယ်။ နောက်မှ ရဲကရှင်းပြတော့ ကျနော်ကလည်း ပြန်ရှင်းပြရတော့တယ်၊ အဲဒီရဲက ကျနော့်ကို ဘာပြောသလဲ ဆိုတော့ “မင်းတို့ အာရှသားတွေက ဒီမှာ မျက်စိ ခဏခဏလည်ပြီး အိမ်မပြန်တတ်ကြဘူးတဲ့ … ငါ လိုက်ပို့ရမလားတဲ့” ကျနော်ကလည်း အားနာသွားတာပေါ့။ “ရပါတယ် ကိုယ့်ဖာသာကိုယ် ပြန်တတ်ပါတယ်” ဆိုမှ ကျနော့်ကို အပြုံးတွေနဲ့နှုတ်ဆက်ပြီး ထွက်သွားတာ။ ဒါတွေဟာ ကျနော့်ကိုယ်တွေ့ တကယ့်အဖြစ်တွေပါ။

နောက်တခုက .. သက်ကြီးရွယ်အို လူကြီးတွေကိစ္စ။ ကျနော် အမေရိကားထွက်လာတော့ ကျနော့် အမေကိုပါ တပါတည်း ခေါ်လာပါတယ်။ အမေက အသက် ၆၅ နှစ်ကျော်ပါပြီ၊ ဒီရောက်တော့ သက်ကြီး ပင်စင်ဆိုပြီး အစိုးရက တလကို ဒေါ်လာ ၇၀၀ နဲ့ အစားသောက်အတွက် တလကို ၂၀၀ စုစုပေါင်း ၉၀၀ ထောက်ပံ့ပါတယ်။ အဲဒါ အမေ အမေရိကားမှာနေထိုင်သမျှ ကာလပတ်လုံး ပေးသွားမှာပါ။ အဲဒီလိုဆိုတော့ တခါက ကဗျာဆရာကြီး ဦးတင်မိုးပြောသွားတဲ့ စကားလေးကို သွားသတိရမိတယ် …။

“ကျနော် တသက်လုံး လုပ်ကျွေးပြုစုလာသော အမိမြန်မာနိုင်ငံမှ ကျနော့်အား ထောင်ချလိုက်ပြီး၊ ကျနော် တခါမှ လုပ်ကျွေးသမှု မပြုခဲ့သော အမေရိကန်ပြည်ထောင်စုမှ ကျနော့်အား ပင်စင်ပေးလိုက်ပါသည် တဲ့”

ကိုင်း … ပြောစမှတ်ကို တွင်ပါလေရော့လားဗျာ။

အနှစ်ချုပ်ကိုဆိုရရင်တော့ ကျနော် ကိုယ့်အမိနိုင်ငံကို တကယ်ချစ်ပါတယ်။ အခွင့်အရေးတွေ ဘယ်လောက်ပဲ များနေပါစေ၊ ကိုယ့်မြေ ကိုယ့်ရေမှာပဲ နေချင်ပါတယ်။ မှန်တာပြောရရင် အမေရိကားမှာ မပျော်ပါဘူး။ ဒါပေမယ့်လည်း ပြန်လို့မှအခွင့်မသာတော့ ဒီလိုပဲ နေရတော့တာပေါ့။ ကျနော်တို့ဟာ အမြဲတန်း ဆန့်ကျင်ရေးသမားတွေ မဟုတ်ဘူး။ ဘာ့ကြောင့် စစ်အာဏာရှင်တွေကို တွန်းလှန်တိုက်ခိုက် နေရတာလဲဆိုတာကို ဒီ ဆောင်းပါးဖတ်ရင် သဘောပေါက်လာပါလိမ့်မယ်။ ကျနော်တို့ အမိမြန်မာနိုင်ငံကို တိုးတက်ချမ်းသာစေချင်တယ်၊ အမေရိကန်လောက် မဆိုလိုဘူး၊ ထိုင်းနိုင်ငံလောက် တိုးတက်တယ် ဆိုရင်တောင် ကျေနပ်နေမှာပါ၊ (ထိုင်းနိုင်ငံတောင်မှ မြန်မာထက် အများကြီး တိုးတက်နေပြီ)။

ကျနော့်တို့ကို အုပ်ချုပ်နေတဲ့အစိုးရဟာ ပြည်သူလူထုကို မိဘသဖွယ် နွေးနွေးထွေးထွေး ကြင်ကြင်နာနာနဲ့ သားသမီးတွေ ကောင်းရာကောင်းကြောင်းကို အမြဲကြိုးစားအားထုတ်နေတဲ့ မိဘနဲ့တူသော အစိုးရဖြစ်စေချင်တယ်။ သေချာတာတခုတော့ရှိတယ်ဗျာ၊ စစ်အာဏာရှင်များ ယနေ့လုပ်ဆောင်နေတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့တက်လာမယ့် အစိုးရသစ်ရဲ့စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကတော့ ကျနော်တို့ အနာဂတ်မှာ မျှော်လင့်နေမယ့် မိဘနဲ့တူသော အစိုးရကို ဘယ်လိုမှ ပုံဖော်လို့မရနိုင်ဘူးဆိုတာ ရဲရဲကြီး အာမခံနိုင်ပါတယ်။

မိဘနဲ့တူသောအစိုးရကို ကျနော်တို့ ပြည်သူလူထုတရပ်လုံး တောင့်တလှပါပြီ။ လိုချင်လှပါပြီ။

အားလုံးကို လေးစားစွာဖြင့်

မောင်မောင်ဝမ်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts