>Win Pe – Win Pe Bag – 100

>

ဝင်းဖေလွယ်အိတ် ၁၀၀ – ဘီဘီစီ ပင်တိုင်ကဏ္ဍ
ဝင်းဖေ
သြဂုတ် ၇၊ ၂၀၁၀

သောတရှင်များ ခင်ဗျား။

မြန်မာနိုင်ငံမှာ မြန်မာ့ဂီတဟာကျေးလက်ရော မဟာဂီတပါ အားနည်းယိမ်းယိုင်နေတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါဟာ အဆန်း မဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာလည်း ရိုးရာရှေးခေတ် အနုပညာတွေဟာ ခေတ်ပေါ် အနုပညာတွေနဲ့ယှဉ်လိုက်ရင် အများစုအကြိုက်မှာ အားနည်းနေတတ်တာချည့်ပါပဲ။ အလွန်တိုးတက်ပြီး ချမ်းသာကြွယ်ဝကြလို အထိန်းအသိမ်း အစည်းအရုံးကောင်းတဲ့ တိုင်းပြည်ကြီးတွေမှာတောင် ရှေးခတ်နဲ့ ယှဉ်လိုက်ရင် ခေတ်သစ်ခေတ်ပေါ်တွေက လူကြိုက်များ ထွန်းကားနေပြီး ရှေးဂန္ထဝင်တွေဟာ ယိမ်းယိုင်လျော့ပါး လာနေတာချည့်ပါပဲ။ ဒါ သဘာဝဓမ္မပါပဲ။

ဒါပေမယ့် သမိုင်းအဆက်ဆက် ဖူးပွင့်ဝေဆာခဲ့တဲ့ အနုပညာအလှတွေရဲ့တန်ဖိုးတွေကို တာဝန်သိတဲ့ လူယဉ်ကျေးတွေကတော့ တတ်နိုင်သမျှ ထိန်းသိမ်းကြတာပါပဲ။ ခေတ်ပေါ်အနုပညာတွေကို အများက ကြိုက်ကြတယ်ဆိုတာ အနုပညာသစ်တွေရဲ့ပင်ကိုယ်အလှတွေပါနိုင်သလို ခေတ်သဘော ပင်မရေစီး သဘောတွေလည်း အများကြီး ပါပါတယ်။ မြန်မာ့ရိုးရာဂီတတွေနဲ့ပတ်သက်လို့ အဆိုအတီး အဓိက အပိုင်းကြီး နှစ်ပိုင်းရှိရာမှာ အတီးပိုင်းက ဆိုင်းပညာ၊ ပတ္တယား၊ စောင်း၊ နှဲ၊ ပုလွေ စသဖြင့် တူရိယာပစ္စည်းတွေရှိကြတဲ့ အနက် စောင်းပညာမှာ လေ့လာလိုက်စားမှု အားအနည်းဆုံး အနေအထားကို ရောက်နေပါတယ်။ မဟာဂီတ ပညာရှင်တွေ စောင်းပညာရှင်တွေက ကြိုးစားပြီး ထိန်းသိမ်းနေကြပါတယ်၊ ဒါပေမယ့် တကယ့် အကျော်အမော် စောင်းပညာရှင်တွေက လက်ချိုးရေလို့ရတဲ့ အခြေအနေဖြစ်တဲ့အတွက် လူဦးရေ သန်းပေါင်း ၅ဝ ကျော်ရှိတဲ့ မြန်မာနိုင်ငံအဖို့ အလွန်အားငယ်စရာ ကောင်းပါတယ်။

စောင်းပညာအကြောင်းပြောရင်း ရှမ်းပြည်နယ် အင်းလေးဇာတိဖြစ်တဲ့ စောင်းဆရာကြီး ဦးမြင့်မောင် အကြောင်းကို သတိရမိပါတယ်။ ဆရာဦးမြင့်မောင်ဟာ တပည့်တပမ်းပေါများပြီး အပေါင်းအသင်း အချွေအရံ လည်း အားကောင်းသူဖြစ်တဲ့အတွက် သူ့အကြောင်းကို ဝင်းဖေထက်သိတဲ့သူတွေလည်း အများကြီးရှိမှာပါ။ ဒါပေမယ့် ဝင်းဖေရဲ့အမြင်က သီးခြားဖြစ်နေနိုင်တာကြောင့် တင်ပြလိုက်ပါတယ်။

မြန်မာ့စောင်းအကျော်မော်တွေထဲမှာ ဦးမြင့်မောင်ဟာ မြန်မာ့ရိုးရာဂီတအတွက် သီးခြားတန်ဖိုးကြီးသူတဦး ဖြစ်ပါတယ်။ ဝင်းဖေ အနုပညာ၊ ပန်တျာနဲ့ အကကျောင်း၊ မန္တလေးမှာ ကျောင်းအုပ်လုပ်နေစဉ်က ဦးမြင့်မောင် ဟာ မန္တလေးကျောင်းက စောင်းဆရာဖြစ်တဲ့အတွက် ဝင်းဖေနဲ့ ညီအစ်ကိုမက ခင်မင်ရင်းနှီးခဲ့ကြပါတယ်။ ဆရာ ဦးမြင့်မောင်ဟာ ဘယ်လို ထူးခြားတာလဲ။ ပထမထူးခြားချက်တွေကတော့ ဂီတပါရမီအခံ အလွန်ကြီးမားမှု၊ ဝါသနာ အလွန်ကြီးမားမှု၊ လုံ့လဝိရိယ အလွန်ကြီးမားမှု စတာတွေ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ မြန်မာ့ရိုးရာ မဟာဂီတပညာ လေ့လာလိုက်စားဖို့အတွက် ရေခံမြေခံ အကောင်းဆုံးဖြစ်တဲ့ မန္တလေးမှာ လာရောက်ပညာသင်ကြားခွင့် ရလိုက်ခြင်းပဲဖြစ်ပါတယ်။

မန္တလေး အနုပညာ၊ ပန်တျာနဲ့ အကကျောင်းက စောင်းဒေါ်မေရဲ့တပည့်ရင်း ဖြစ်ပါတယ်။ စောင်း ဒေါ်မေဟာ စောင်းပညာကို စောင်းဆရာကြီး ဒေဝဣိန္ဓာ မောင်မောင်ကြီးရဲ့တပည့်ရင်း ဝက်မစွပ်မျိုးဆက် ရှေ့နေကြီး ဦးခင်မောင်ထွေးထံက သင်ယူရရှိလိုက်သူ ဖြစ်ပါတယ်။ စောင်းဆရာကြီး ဒေဝဣိန္ဓာ မောင်မောင်ကြီးဆိုတာ မြန်မာ့မဟာဂီတကို ပထမဦးဆုံး စနစ်တကျ ခွဲခြမ်းစိတ်ဖြာ ထွင်းဖောက်သိမြင်ခဲ့သူ၊ စီးဝါးသံကျတွေကို တိတိကျကျ စနစ်ချပေးနိုင်သူ၊ တေးသွားတွေကို လုံးကောက်မဟုတ်ဘဲ မြန်မာ့ဓလေ့ အကွက်အလက်နဲ့ တီးခတ်မှု ခြေခြေမြစ်မြစ် အုပ်မြစ်ချပေးသူ ထူးကဲရှားပါးပညာရှင်ကြီး ပုဂ္ဂိုလ်ကြီးတဦး ဖြစ်ပါတယ်။ မြန်မာ့ဂီတ ပညာမှာ အလွန်ပါရမီကြီးပါတယ်ဆိုတဲ့ ဆိုင်းဆရာ စိန်ဗေဒါကြီးရဲ့ ဆရာရင်းလည်း ဖြစ်ပါတယ်။

အဲဒီလို မန္တလေးရတနာပုံ ထီးနန်းထွက် မဟာဂီတအမွေကို တိတိပပ ပေးနိုင်ကြတဲ့ ဆရာကြီးတွေရဲ့ ပညာတွေကို တလေးတစား စည်းကမ်းကြီးကြီးနဲ့ ထိန်းသိမ်းထားနိုင်သူက စောင်းဆရာမကြီး ဒေါ်မေဖြစ်ပါတယ်။ စောင်း ဦးမြင့်မောင်ဟာ အဲဒီလို ခိုင်ခန့်တဲ့ မြန်မာ့ထီးနန်းသုံး မဟာဂီမူရင်းတွေကို စောင်းဆရာမကြီး ဒေါ်မေသာမက အလင်္ကာကျော်စွာ ပတ္တယား ဆရာဘကလေး၊ အလင်္ကာကျော်စွာ မြန်မာညွန့် ဦးချစ်မောင် စသူတွေဆီက အနီးကပ် သင်ယူခွင့်ရခဲ့တဲ့ ကြီးမားတဲ့ ကံထူးရှင်လည်း ဖြစ်ပါတယ်။

တခါ ရှေးမူတွေကို စည်းကမ်းကြီးကြီးနဲ့ ထိန်းသိမ်းဖြန့်ဝေပေးနေကြတဲ့ ပတ္တယားဆရာ ဘကလေးနဲ့ မြန်မာ ဦးချစ်မောင်တို့ရဲ့ တပည့်ရင်း စန္ဒယား ဦးအုန်းမောင်ဟာလည်း မန္တလေး ပန်တျာမှာ ဆရာတဆူဖြစ်နေပြန်ပြီး ဒီပညာရှင်ကြီးကျတော့ “အရိုးကို အရွက်မဖုံး”စေဘဲ ဆန်းကျယ်ပြီး လှပကြွယ်ဝတဲ့ တီးကွက်တွေကို တီထွင် ဖန်တီးနိုင်သူ ဖြစ်နေပြန်ပါတယ်။ ဒီလို အလွန်ကောင်းတဲ့ မြန်မာ့မဟာဂီတ ရေခံမြေခံဝန်းကျင်ကောင်းကြီးကို ရလိုက်လေတော့ စောင်း ဦးမြင့်မောင်ဟာ စောင်းပညာသာမကဘဲ စန္ဒယားရော၊ ပတ္တလားရော လေ့လာ တတ်မြောက် ပိုင်နိုင်သူဖြစ်လာပါတယ်။

မယ်ဒလင်တို့၊ တယောတို့၊ ဟာဝေယံဂီတာတို့ကိုလည်း တီးနိုင်ပါတယ်။ အဆိုပညာကိုလည်း ပိုင်နိုင်ပါတယ်။ လေမှုတ် ကရိယာဖြစ်တဲ့ နှဲတို့၊ ပုလွေတို့ကို မလေ့လာပေမယ့် တယောပညာကိုလည်း မန္တလေးပန်တျာ တယော ဆရာကြီး ဦးချစ်ထွေးရဲ့တပည့်ပီပီ အတော်ကြီးကို ထဲထဲဝင်ဝင် တတ်မြောက်ပြန်လေတော့ “နှဲချော တယော” ဆိုတဲ့ စကားအတိုင်း ဦးမြင့်မောင်ဟာ လေမှုတ်တူရိယာအမြင်နဲ့လည်း ဂီတကို သဘောပေါက်နေပြန်ပါတယ်။

ဆိုလိုတာက မြန်မာ့ဂီတကို ချဉ်းကပ်လေ့လာရာမှာ အမြင်စုံ ထောင့်စုံလိုက်ပုံကို ပြောချင်တာပါ။ နောက်တချက် ကံကောင်းနေပြန်တာက မန္တလေးပန်တျာကျောင်းမှာ ကမ္ဘာ့ဂီတသင်္ကေတပညာကို အလေးအနက်တန်ဖိုးထားပြီး ဖိဖိစီးစီး သင်ကြားပေးနေခြင်းပဲ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ဂီတတွေကို လေ့လာရာမှာရော၊ ထိန်းသိမ်းရာမှာရော ကမ္ဘာ့ဂီတ သင်္ကေတဟာ အလွန်အထောက်အကူပြုလိမ့်မယ်။

ဒါ့ကြောင့် သင်ရိုးညွှန်းတမ်းမှာ ထည့်သင့်တယ်လို့မူလအကြံပေးတင်ပြမှုကို မန္တလေးအနုပညာပန်တျာနဲ့ အကကျောင်းက မြန်မာအစိုးရ၊ ယဉ်ကျေးမှုဝန်ကြီးဌာနကို အလေးအနက် တင်ပြရယူထားတာဖြစ်ပါတယ်။ မန္တလေးပန်တျာ ကမ္ဘာ့ဂီတ သင်္ကေတ ကထိကဆရာဟာ နိုင်ငံကျော် ဂီတပညာရှင်ကြီး မြို့မငြိမ်းရဲ့ ငယ်သူငယ်ချင်းဖြစ်တဲ့ ဆရာ ဦးကျော်ဒင် ဖြစ်ပါတယ်။ ဦးကျော်ဒင်ဟာလည်း ကမ္ဘာ့ဂီတကို သင်ကြားပေးတဲ့ နေရာမှာ သူကိုယ်တိုင် ခြေခြေမြစ်မြစ် တတ်မြောက်သလို တပည့်တွေကိုလည်း ဖိဖိစီးစီး မတတ်တတ်အောင် သင်ကြားပေးနိုင်သူ ဖြစ်ပါတယ်။ ဒါ့ကြောင့် စောင်းဦးမြင့်မောင်ဟာ ကမ္ဘာ့ဂီတ သင်္ကေတပညာကိုလည်း ကျကျနန တတ်မြောက်သူဖြစ်နေပြန်ပါတယ်။ ဆက်လက် တင်ပြပါ့မယ်။

ကျန်းမာ ချမ်းသာကြပါစေ၊ ကျနော် ဝင်းဖေပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts