>
ပတ်ဝန်းကျင်တခုလုံးကို လေရူးက ရိုက်ပုတ်လိုက်တယ်။ ငြိမ်သက်နေတဲ့ရေထဲ ခဲကျသွားသလိုပဲ။ မြေပြင်မှာ လဲလျောင်းနေတဲ့ သစ်ရွက်ခြောက်ကအစ လန့်ဖျပ်ခုန်ပေါက်နေလိုက်တာ မျက်စေ့ထဲ မြင်ရသမျှ ဝရုန်းသုန်းကားနဲ့။
ဖွင့်ထားတဲ့ ပြတင်းတံခါးကနေ အပြင်ဘက်ကို လှမ်းမြင်ရတဲ့မြင်ကွင်းမှာ လေပွေရဲ့ ချီမခြင်းခံရတဲ့ ဖုန်၊ သစ်ရွက်၊ ကြွပ်ကြွပ်အိတ်ကအစ ဒရောသောပါးနဲ့ ဝဲပျံနေကြတယ်။ တံခါးပေါက်ကို မျက်စေ့ကခွာပြီး အဆောက်အဦထဲရှိ လူနာများထံ မျက်စေ့ကရောက်ပြန်တော့ အရိုးပေါ်အရေတင် ချိနဲ့နဲ့ လူနာရဲ့ဝေဒနာခံစားနေမှုက မျက်စေ့ ပြတင်းထဲကနေ စိတ်အိမ်ထဲဝင်လာပြန်တယ်။ လောကကြီးတခုလုံးကို ရောဂါသစ်တွေက လေပွေလို ဝှေ့ရမ်းနေပါရော့လား။