သရော်စာ

နိုင်​ဝင်းသီ ● ဂျူရီလူကြီးတယောက်နှင့် စကားစမြည်

နိုင်ဝင်းသီ ● ဂျူရီလူကြီးတယောက်နှင့် စကားစမြည်

(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၆

“အရှေ့အရပ်၌ မှီတင်းနေထိုင်ကြကုန်သော အနန္တစကြဝဠာမှ အနန္တသတ္တဝါအပေါင်းတို့ သည် ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေသတည်း။

အနောက်အရပ်၌ ….
တောင်အရပ်၌ ….
မြောက်အရပ်၌ ….”

စောစောစီးစီး မေတ္တာပို့သံကိုကြားလိုက်ရသောအခါ သူမျက်မှောင်ကြုတ်သွားပါသည်။ မေတ္တာပို့သံကလည်း သူ့အိမ်ခေါင်မိုး လောက်ဆီက လွင့်ပျံ့လာသော အသံမျိုးဖြစ်နေလေ၏။ အိပ်မှုန်စုံမွှားဖြင့် သူ ငေါက်ခနဲထထိုင်လိုက်ပါ၏။ ဘယ်သူကများ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး သူများအိမ်ခေါင်မိုးပေါ်မှာ မေတ္တာလာပို့နေရပါလိမ့်။

သူ့ကိုယ်ပေါ်မှ ကတ္တီပါစောင်အိအိကြီးကိုကန်ထုတ်ပစ်လိုက်ပြီး အိမ်ရှေ့ခန်းသို့ ပြေးထွက်လာခဲ့၏။ တံခါးကိုဖွင့်ပြီး ခြံထဲသို့ ဝုန်းခနဲခုန်ဆင်း၍ အိမ်ခေါင်မိုးပေါ်ကို လှမ်းကြည့်လိုက်၏။

“ဟိုက်  မြတ်စွာဘုရား”

အသံနေအသံထားနှင့် ဋ္ဌာန်ကရိုဏ်းကျကျ မေတ္တာပို့နေသူမှာ မည်းကြုတ်သောအဆင်းအရောင်ရှိသည့် ကျီးကန်းတ ကောင်ဖြစ်နေပါလေ၏။ သူ့ဒေါသကား ဆိုဖွယ်ရာမရှိတော့ပြီ။

“ဟေ့ကောင် ကျီးကန်း….စောစောစီစီး သူများအိမ်ခေါင်မိုးပေါ်မှာ ဘာတက်လုပ်နေတာလဲ ကွ”

“ဟာ…ပြဿနာပါလား။ ဟေ့လူခင်ဗျား နားမကြားဘူးလား။ အရပ်ရှစ်မျက်နှာကို မေတ္တာပို့နေတာလေဗျာ”

“ကြားလို့ပြောနေတာပေါ့ကွာ။ မေတ္တာပို့တာနဲ့ မင်းနဲ့ဘာဆိုင်လို့လဲ။ စောစောစီးစီးကွာ…ဒီကျီးကန်းတော့ ငါလုပ်လိုက် ရင် နာတော့မယ်”

“အော်….ခင်ဗျားက ဝေနေယျသတ္တဝါတွေကို ကျန်းမာချမ်းသာပါစေလို့ မေတ္တာပို့သနေတဲ့ကျုပ်ကို ရန်လုပ်ချင်နေတာကိုး။ တော်တော်လာတဲ့ တရားသူကြီးပါလားဗျာ”

“အပိုတွေကိုလျှောက်ပြောမနေနဲ့ ဟေ့ကောင်။ မင်းအခု ဘယ်မှာနားနေသလဲဆိုတာကိုရော မင်းကိုယ်မင်းသိရဲ့လား”

“ဟာ…တကယ့်ကွိုင်ကြီးပါလားကွာ။ ဟေ့လူ…အိမ်ခေါင်မိုးပေါ်မှာနားနေတာလေ။ ခင်ဗျားမမြင်ဘူးလား။ ဘာလဲ..အိမ်ခေါင် မိုးပေါ်မှာမနားဘဲ ခင်ဗျားခေါင်းပေါ်တက်နားရမှာလား”

“ဒီကောင်တော့ လုပ်လိုက်ရင် အမွှေးတခြား အတောင်တခြားတော့ ဖြစ်သွားတော့မှာပဲ။ ဟေ့ရောင်ကျီးကန်း…မင်းအခု ပိုင်စိုးပိုင်နင်း တက်နားနေတဲ့အိမ်ဟာ ဘယ်သူ့အိမ် အောက်မေ့ နေလို့လဲ”

“ဘာလဲသူငယ်ချင်း…ကျီးကန်းကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲချင်သေးလို့လားဒီမှာ…ဒီမှာ ခင်ဗျားကို ရှင်းအောင်ပြော လိုက်မယ်။ ဒီခြံကို ခင်ဗျားမဝယ်ခင်ကတည်းက ခေါင်းရင်းကသရက်ပင်မှာ နေလာခဲ့တာဗျ။ ခင်ဗျားက မနေ့တစ်နေ့ကမှဝယ်ပြီး ပြောင်းလာခဲ့တဲ့လူ”

“နေရင်လည်း အေးအေးဆေးဆေးနေကွ။ စောစောစီးစီး သူများတွေအိပ်ကောင်းနေတဲ့အချိန်မှာ သူများကိုအနှောက် အယှက်ဖြစ်အောင် လာမလုပ်နဲ့”

“ကျုပ်ကလည်း တဝမ်းတခါးကို ရိုးရိုးသားသား အလစ်သုတ်ပြီး ရှာစားချင်တဲ့ကောင်ပါဗျာ။ ခက်နေတာက ခင်ဗျားဗျ။ ခင် ဗျားကြောင့် ကျုပ်က စောစောစီးစီးထပြီး မေတ္တာတွေပို့နေရတာလေ။ ပူတယ်ကိုယ့်လူရ။ နေလို့မရဘူး”

“ဘာကွ”

“ပြောရရင်တော့ ဒီခြံထဲကို ခင်ဗျားပြောင်းမလာခင်အထိ ကျုပ်တို့ကျီးကန်းတွေဟာ အေးဆေးပဲဗျ။ အဲ…ခင်ဗျားလည်း ပြောင်းလာရော အခါခပ်သိမ်းအေးချမ်းနေတဲ့ ခြံကြီးဟာ အမြဲတမ်းလိုလို ပူလောင်လာပြီလေဗျာ။ အိမ်ပူခြံပူတာလည်း မပြောနဲ့။ မျက်စိနှစ်လုံးပွင့်တာနဲ့ ဘယ်အမှုကိုဘယ်လိုခွင်ရိုက်ရမလဲ။ ဘယ်အမှုကို ဘယ်လိုခွချက်လုပ်ရပါ့မလဲ စဉ်းစားနေ မှတော့ ဒီအိမ်မှ မပူရင်ဘယ်အိမ်ပူမလဲ ခင်ဗျားဟာခင်ဗျား စဉ်းစားလေ”

“ဟေ့ကောင် အလေနတောကျီးကန်းကောင်…သေသွားမယ်…ရှင်သွားမယ်…မသေမရှင်ဖြစ်သွားမယ်…ငါဘာကောင်လဲဆို တာ မောင်ရင်သိတယ်နော်”

“သိလို့ပြောနေတာပေါ့ဗျာ။ ခင်ဗျားက အားတိုင်းယားတိုင်း ခွင်ရိုက်ဖို့လောက်ပဲ ချောင်းမြောင်းနေတာဆိုတော့ ခင်ဗျားအိမ်ထဲဝင်လာတဲ့လူဆိုရင် အမှုသည်ကြီးပဲအောက်မေ့ နေတော့တာကိုးဗျ။ဘာလဲ…ခေါင်းရင်းက သရက်ပင်မှာ သူ့ဟာသူနေနေတဲ့ ကျီးကန်းကိုရော ခွင်ရိုက်ချင်သေးလို့လား”

“ဟား….ဒီ မလောက်လေး မလောက်စားကျီးကန်းကတော့ကွာ..နှာနုကိုဖြတ်ရိုက် လိုက်လို့ရတော့ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်ကုန်တော့မှာပဲ”

“နေစမ်းပါဦးဗျ။ ဖြတ်မေးပါရစေဦး။ ဒီခြံကို ခင်ဗျားဝယ်တုန်းက သိန်းလေးထောင်မို့လား။ စာချုပ်ထဲမှာတော့ သိန်းတစ်ရာ ဆိုပြီး အရူးကွက်နင်းပြီး ချုပ်လိုက်တယ်လေ။မြေစာရင်းရုံးက ကြွက်တွေနဲ့ အခွန်ဦးစီးဌာနကကြွက်တွေကို ရေဘယ်နှစ်ပုန်းစီ လောင်းလိုက်ရလဲဗျ”

“ဟာ….. ကြည့်စမ်း… ဒီကိစ္စကို မင်းဘယ်လိုလုပ်ပြီးသိသွားတာလဲကျီးကန်း။ ငါ့ကိုမှန်မှန်ပြောစမ်း။ မင်းကို ဘယ်သူလာပြီး ပြောသွားတာလဲ”

“ရပ်ကွက်ထဲမှာနေလာတာကြာပါပြီဗျာ။ ခင်ဗျားခြံဝယ်တဲ့ကိစ္စလောက်ကို ထည့်မပြောနဲ့။ တနေ့တနေ့ ရာအိမ်မှူးတို့၊ အရံမီးသတ်တို့ကအစ ဘာခွင်တွေဖန်နေတယ်ဆိုတာ အကုန်လုံးကို ကျုပ်သိနေတဲ့ဟာပဲ”

“စာချုပ် လျှော့ချုပ်တယ် ဆိုတာထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူးကွာ။ ငါတို့မမွေးခင် ကတည်းကအရောင်းအဝယ်စာချုပ်မှန်သမျှကို ဒီလိုပုံစံမျိုးနဲ့ ချုပ်လာကြတာပါကွ”

“တော်တယ်လို့ပြောရမှာပေါ့ဗျာ။ ခွင်ရိုက်ထားတဲ့ ပိုက်ဆံနဲ့ဝယ်တာတောင်မှစာချုပ်ကို မှန်မှန်ကန်ကန် မချုပ်ဘူးဆိုတော့ ခင်ညားတို့ဟာတွေက မလွန်လွန်းဘူးလားဗျာ”

“ဟေ့ကောင်….အကုန်လုံးဟာ ဒီလိုချည်းပဲဟ ငတုံးရ။ လူကြားသူကြားမှာမောင်ရင် ဒီစကားမျိုးသွားပြောလို့ကတော့ အမွေးတခြား အတောင်တခြားဖြစ်သွားမှာကို ငါမြင်ယောင်နေသေးတယ်”

“ဟုတ်ပါပြီဗျာ။ထားပါတော့ဗျာ။ ဒါနဲ့ခင်ဗျားကို ကျုပ်မေးပါရစေဦး။ ခင်ဗျားရုံးကို ရောက်လာတဲ့ မြေယာပိုင်ဆိုင်မှု အမှုအခင်း တွေမှာ ဓားမဦးချလုပ်ကိုင်စားသောက်လာတဲ့ လယ်သမား ကိုင်းသမားတွေ အနိုင်ရသွားတယ်လို့ ကျုပ်ဖြင့် တကြိမ်တခါမှ မကြားမိသေးဘူး။ အမှုအခင်းဖြစ်လိုက်လေတိုင်း မနေ့တနေ့က ရောက်လာပြီး ခြံဝင်ခတ်သွားတဲ့ ကုမ္ပဏီကြီး တွေချည်းပဲ နိုင်သွားတယ်နော်…အဟေး…ဟေး…..ဟေး”

“ဟေ့ရောင်မောင်မောင်ကျီးကန်း၊ ဥပဒေကွ။ Law ကွ။ ဥပဒေဆိုတာ အင်မတန် နက်နဲသိမ်မွေ့တာကွ။ မင်းလို အမွေးအတောင်ပြောင်ပြောင်ရောင်ရောင်မရှိတဲ့ကျီးကန်းလို အကောင်မျိုးကို ဥပဒေအကြောင်းပြောလို့ ဘာနားလည်မှာလဲကွာ။ အေး ဆေးနေစမ်းပါ crow လေးရာ။ ဒူးနေရာဒူး တော်နေရာတော်ပေါ့ကွာ”

“ခင်ဗျားက ကျုပ်ကို ဆန်ကောမှန်း ဇကာမှန်းမသိတဲ့ မလည်ရှုပ်ကျီးကန်းမျိုးများအောက်မေ့နေလို့လား။ ဒီမှာစတားဝါးကြီး….ခင်ဗျားကို ကျုပ် ရှင်းအောင်ပြောလိုက်မယ်။ခင်ဗျားနားလည်ထားဖို့က ကျုပ်ဟာလူ့ဘဝတုန်းကခင်ဗျားလို တရားသူကြီး တယောက်ပဲ ဆိုတာခင်ဗျားခေါင်းထဲမှာမှတ်ထားလိုက်စမ်းပါဗျ”

“ငင့်…ကိုယ့်ကောင်ကလည်း ကိုယ့်လို ငဝါးသူကြီး…အဲ..အဲ..တရားသူကြီးတဲ့လား။ ဟေ့ရောင် ….ကျီးကန်းရာ..ရင်တုန်ပန်း တုန်ရှိလိုက်တာကွာ။ မင်းပြောနေတာတွေဟာ တကယ်ကြီးလားကွာ”

“လူစင်စစ်ကနေ ကျီးကန်းတကောင်ဖြစ်နေပြီပဲဗျာ…ဘာများညာစရာ ရှိတော့လို့လဲ”

“ငိ…မချောင်ပါလားသူငယ်ချင်းရာ. တရားသူကြီးဘဝကနေ ကျီးကန်းတကောင်ဖြစ်သွားရတယ်လို့…လူကြားလို့မှ မသင့် တော်ပါလား ရွှေကျီးရာ”

“တရားသူကြီး စဖြစ်ကတည်းက ရှောဘရားသားဖြစ်သွားတဲ့အထိ ဘဝတစ်လျှောက်လုံးမှာ မဟုတ်တာအကုန်လုပ် လာခဲ့ တာလေ။ ကျီးကန်းဖြစ်သွားတာတောင် အင်မတန်ကုသိုလ်ကံ ကောင်းလွန်းလို့ ဖြစ်သွားတာဗျ။ ဘာပဲပြောပြောပါဗျာ။ ကျုပ် ကတော့ကျီးကန်းဘဝမှာ အတော့်ကိုပျော်ရွှင်နေပါပြီ”

“ဘာကွ။ ကျီးကန်းဘဝမှာ အတော့်ကို ပျော်ရွှင်နေပါပြီတဲ့  ဟုတ်လား။ ဘာတွေများပျော်စရာရှိလို့လည်း ရွှေကျီးလေးရာ။ ငါ့ဖြင့် ခေါင်းထဲမှာတောင် ချာလပတ် လည်ထွက်သွားတယ်”

“ခင်ဗျားစဉ်းစားကြည့်လေဗျာ။ ခွင်ဖန်တုန်းက အတူတူဖန်ပြီး ကွယ်ရာလည်း ရောက်ရော ဖိုးတွမ်တီးရိုက်သွားတဲ့ဥပဒေအကျိုးဆောင်တို့၊ ရှေ့နေတို့ကို ဘယ်နေရာမြင်မြင် လိုက်ဆိတ်လို့ ရတယ်ဗျ။ ကျွန်တော်ဆို ခွင်ကြီးကြီးတခွင်မှာ ဘတ်ကီးရိုက် သွားတဲ့ ရှေ့နေတယောက်ကို အခုချိန်ထိမြင်တဲ့နေရာမှာလိုက်ဆိတ်တာပဲ။ အဲဒီရှေ့နေကလည်း ဓာတ်ပေါက်ပုံရတယ်ဗျ။ ကျွန်တော့်ကို မြင်တာနဲ့ပတ်ပြေးတော့တာပဲ”

“ဒါမျိုးကျတော့ ဘယ်ဆိုးလို့လဲကွ။ ဟုတ်တယ်ကွ။ ဒီလိုလူလိမ်လူကောက်မျိုးတွေကိုတော့ ခေါင်းမွေးပါ ကျွတ်ထွက်သွား အောင် အမျိုးသားရေးတာဝန်တရပ်အနေနဲ့ ဆိတ်ပေးရမယ်”

“ဆိတ်ဖို့ကတော့ မပူနဲ့ကိုယ့်လူ။ ကျုပ်က အဲဒီငတိတွေကို မြင်လို့ကတော့ လက်ဖက်ရည် ဆိုင်ထဲဝင်လည်း လိုက်ဆိတ်တာပဲ။ ဘီယာဆိုင်ထဲဝင်လည်း လိုက်ဆိတ်တာပဲ။၊ ကျုပ်တို့မြို့က ဥပဒေအကျိုးဆောင်တယောက်ဆိုရင် ကျုပ်ကိုကြောက်လို့လား မသိဘူး။ အပြင်ထွက်ရင် ဖိုင်ဘာ ဦးထုပ်ဝါဝါကြီးကို မချွတ်တမ်းဆောင်းထားတော့တာပဲ”

“နေစမ်းပါဦးကွ။ မေးစမ်းပါရစေဦး။ မောင်ရင်က ဘဝတပါးပြောင်းသွားတဲ့ ကျီးကန်းဆိုလို့။ ဒီလိုကွ။ မနှစ်တုန်းက ဆုံးသွားတဲ့ ကိုယ့်သူငယ်ချင်း တရားသူကြီးတယောက် ဘယ်များရောက်နေ သလဲလို့။ မောင်ရင်များသိမလားလို့ မေးကြည့်တာပါ”

“မနစ်ကဆုံးသွားတဲ့တရားသူကြီးဆိုတာ ကျွဲရိုင်းကြီးကို ပြောတာမို့လား”
“ဘာလဲကွ ကျွဲရိုင်းကြီး”

“ခင်ဗျားဘော်ဒါကြီးက တနေ့ကို ကျွဲရိုင်းရှစ်ဘူး သောက်တာဗျ။ ဒါ့ကြောင့်မို့ ဒီငနဲကြီးကို ကွယ်ရာမှာ ကျွဲရိုင်းကြီးလို့ခေါ်ကြ တာလေဗျာ”

“အေး…ဟုတ်တယ်။ ဒီကောင်က ကျွဲရိုင်းတော့ တနေကုန်သောက်တဲ့ ကောင်ကွ။ ပြောစမ်းပါဦးကွာ။ ဒီကောင်နဲ့များ တွေ့မိ သေးလားလို့ ”

“ခဏခဏတွေ့တာပေါ့ဗျာ။ ခင်ဗျားသူငယ်ချင်းကဟိုးဘက်ကရွာမှာ လင်းတဖြစ်နေတာဗျ”

“ငင့်…ဟုတ်ရဲ့လားကွာ။ လူများမှားနေသလားလို့”

“မှားစရာအကြောင်းမရှိပါဘူးဗျာ။ လင်းတမှ လင်းတအစစ်ပါ။ ခင်ဗျားဘော်ဒါကြီးက လင်းတဖြစ်နေတာတောင် ကျွဲရိုင်းကို သံယောဇဉ် ပြတ်ပုံမရသေးဘူးဗျ။ တခါတလေသူနဲ့တွေ့ခဲ့ရင်သူ့ကိုကျွဲရိုင်းတိုက်စေချင်ပုံရတယ်။ လင်းတ ဖြစ်နေတာတောင် ကျွဲရိုင်းကို မပြတ်သေးဘူးဆိုတော့ မခက်ပေဘူးလားဗျာ”

“နားဝမှာ ကြားရတာတွေကလည်း စိတ်ချမ်းသာစရာဆိုလို့ တကွက်မှ မရှိပါလား ရွှေကျီးရာ”

“လင်းတဖြစ်သွားတဲ့ သူငယ်ချင်းကိုကြည့်ပြီးသံဝေဂတွေဘာတွေရချင်သလိုလို ဖြစ်တွားပီပေါ့လေ။ ဟုတ်စ”

“ဘာကွ။ သူ့အကြောင်းတရားနဲ့ သူ လင်းတဖြစ်တာ ငါကဘာလုပ်ရမှာလဲ။ တနေ့ ကျွဲရိုင်းရှစ်ဘူးသောက်တဲ့ကောင် လင်းတဖြစ်တာ နည်းတောင်နည်းနေသေးတယ်”

“ဒါဖြင့်ရင်…”

“ဟေ့ကောင်ရွှေကျီး..မင်းငါ့ကို သံ ဝေဂကထာတွေ လာပြောမနေနဲ့။ မင်းလည်းတရားသူကြီးဘဝက လာတဲ့ကျီးကန်း။ အေး..ငါကတော့ လက်ရှိ တရားသူကြီးပေါ့ကွာ။ အဲဒီတော့ မင်းကိုငါပြောလိုက်မယ်။ မင်းလည်း မင်းအလုပ်ကိုမင်းလုပ် …ငါလည်းငါ့အလုပ်ကိုငါလုပ်မယ်။ သဘောပေါက်တယ်နော်။ ခွင်ကြီးကြီးချိတ်ပြီးသားတွေကို လက်လွှတ်လိုက်ရအောင် ငါက ရူးနှမ်းနေတဲ့ကောင်မဟုတ်ဘူးကွ။ တချို့အမှုတွေဆို စရံတောင် တဝက်ယူပြီးနေပြီ”

“ထင်တော့ထင်ပါတယ်ဗျာ။ စီပီကြက်ပုံပေါက်နေတဲ့ ခင်ဗျားရဲ့နဖူးရေဒူးရေကို မြင်လိုက် ကတည်းက ခင်ဗျားဟာ လူကြီးလူကောင်းတယောက်မဟုတ်ဘူးဆိုတာ သဘောပေါက် ပြီးသားပါ။ ဆိုတော့ကာ…ခင်ဗျားကိုလည်း ကျုပ်က ကောင်းမွန်သော အကြံဥာဏ်လေးတချို့ ပေးလိုက်ပါစေ”

“အောင်မာ….မင်းလို နှစ်ဆယ့်လေးနာရီ လေးခွစက်ကွင်းရန်ကလွတ်အောင် အသည်း အသန်ပြေးနေရတဲ့ကျီးကန်းကများ။ ဘာအကြံဉာဏ်များပေးချင်သေးလို့လဲ ပုရော ဟိတ်ကြီးရ”

“ဒီလိုလေဗျာ….အကြောင်းကြောင်းသော အကြောင်းများကြောင့် ခင်ဗျားရှောသွားခဲ့ရင် ခင်ဗျားရဲ့နောက်ဆုံးခရီးမှာ ဇွန်းကောင်းကောင်းတချောင်း ထည့်ပေးလိုက်ဖို့ ခင်ဗျားရဲ့မိသားစုကို သေချာမှာထားဗျ”

“ရွှေဉာဏ်တော်ကလည်း စူးရောက်ပါပေ့ ကိုရွှေကျီးရာ….ဇွန်းက ဘာလုပ်လို့ရမှာလဲဟ.. ငတုံးရ”

” ဆိုတော့ကာ……ကျွန်တော် သုံးသပ်လိုက်ရင် လွဲခဲပါတယ်ဗျာ။ အင်း..ရှစ်လွှာကတော့ သေချာတယ်လေ။ ခက်နေတာက ဘယ်အလွှာဖြစ်လိမ့်မလဲ။ လေးလွှာလား။ ငါးလွှာလား။ ဒီလိုမှမဟုတ်ရင် ခြောက်လွှာလောက်ဖြစ်သွားမလား။ ဆိုတော့ကာ….”

“ဟေ့ရောင်…ရှစ်လွှာတွေ..ခုနှစ်လွှာတွေ လာမပြောနဲ့ဟေ့ရောင်။ အဲဒီ ကန်ထရိုက်တိုက တွေမှာ မနေချင်လို့ ဒီဘက် အပိုင်းမှာ ဈေးကြီးပေးပြီး သီးသန့်ခြံလာဝယ်နေတာကွ”

“ရှစ်လွှာဆိုတာ ငရဲကြီးရှစ်ထပ်ကို ပြောနေတာဗျ တရားသူကြီးမင်းရ။ ခင်ဗျားဂျီးဒေါ် ကန်ထရိုက်တိုက်ကို ပြောနေတာ မဟုတ်ဘူး”

“ငင့်”

“လေးလွှာတို့ ငါးလွှာတို့ဆိုတာက ငရဲကြီးရှစ်ထပ်ရဲ့ဘယ်အထပ်ကို ခင်ဗျားဂိုးရမလဲဆိုတာ ခန့်မှန်းကြည့်နေတာဗျ”

“ငိ….ဒါဖြင့် ဇွန်းက ဘာလုပ်ဖို့ လဲကွ မောင်မောင်ကျီးကန်းရ..ကြားစမ်းပါရစေဦး ပညာရှိသုခမိန်လေးရာ”

“ခင်ဗျားလို လူမျိုးဟာ ဘယ်လိုအထပ်မျိုးကိုရောက်ရောက် ချိုးကပ်မယ့်လူဆိုတော့ ကိုယ့်ချိုးကိုယ်ပြန်ခြစ်ဖို့ ဇွန်းတချောင်း ယူသွားပါလို့ ပြောရတာပါ ခင်ည”

“ငင့်…..အေပေး ကျီးကန်းကောင်၊ လူကိုများ စော်စော်ကားကား။ ကိုင်းကွာ…..ကိုင်းကွာ….သေပေတော့”

သူ၏အမျက်ဒေါသကား ပွက်ပွက်ဆူပြီးသကာလ ခြံဝင်းထဲမှ အုတ်နီခဲကြိုးများဖြင့် ကျီးကန်းကို တလုံးပြီးတလုံး အပီအပြင် လှမ်း၍သမလိုက်သော်လည်း နက်ကျောကျောအဆင်း အရောင်ရှိလေသည့်ကျီးကန်းကား တခိခိရယ်မောပြီး အဝေးသို့ ပျံတက်သွားချေသည်တမုံ့။

စာဖတ်သူများကို ချစ်ခင်လေးစားလျက်…..

 

နိုင်ဝင်းသီ
၁၀း ၄၅  နာရီ
၁၈ ၊  ၉ ၊ ၂၀၁၆
သန်လျင်မြို့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts