>Yangon Police Chief Win Naing come out from hiding

>

ပုန်းရှောင်နေသည့် ရဲမှူးကြီး ၀င်းနိုင် တရားဝင် ပြန်ထွက်လာပြီ၊ နအဖအစိုးရနဲ့ အပေးအယူရှိမည်ဟု ယူဆ
မိုးမခ အထောက်တော်၊ ရန်ကုန်
သြဂုတ် ၇၊ ၂၀၁၀
လွန်ခဲ့သည့် နှစ်စက်တင်ဘာလတွင် ရာထူးမှ ထုတ်ပယ်ခြင်းခံရပြီး ၀ရန်းပြေးအဖြစ် တိမ်းရှောင်နေသည့် ရန်ကုန်တိုင်းရဲမှူးကြီး ၀င်းနိုင်မှာ လွန်ခဲ့သည့် လအတွင်းက တရားဝင်ပြန်လည်နေထိုင် နေနိုင်ပြီဟု ၄င်းနှင့် ရင်းနှီးသူမိတ်ဆွေတဦးက အတည်ပြုပြောဆိုသည်။
ယမန်နှစ်က ရန်ကုန်တိုင်း ရဲမှူးကြီး၏ ဇနီးဖြစ်သူပိုင်ဆိုင်သည့် အလှပြင်ဆိုင်တွင် စစ်ဗိုလ်နှစ်ဦးနှင့် ဆိုင်ဝန်ထမ်း မိန်းကလေးများအား မတော်တရော်ပြုသည့် ကိစ္စမှစတင်ကာ ပြဿနာဖြစ်ပေါ်ခဲ့ပြီး  ရဲမှူးကြီး ၀င်းနိုင်အား  ရာထူးမှရပ်နားသည့် စာထွက်ရှိလာပြီး အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲတွင် ရဲမှူးကြီး ၀င်းနိုင်က တိမ်းရှောင်သွားခဲ့ခြင်း ဖြစ်သည်။
ရဲမှူးကြီး မိသားစုနှင့် ရင်းနှီးသူတဦးက “သူ့နဲ့ ဆက်စပ်နေတဲ့ အမှုကို ပလပ်လိုက်တယ်။ တရားလိုပြ သက်သေတွေဖြစ်တဲ့ အမှုစစ် စသုံးလုံးက စုံစမ်းရေးမှူးတွေကို ရုံးချိန်းမလာတော့အောင် အထက်က အမိန့်ပေးလိုက်ပြီး အမှုကဆက်စစ်လို့မရတော့ပဲ ပိတ်လိုက်တာ။ အခုတော့ သူ့အမှုနဲ့ပတ်သက်ပြီး အဖမ်းခံရတဲ့ ဆိပ်ကမ်းမြို့နယ် စခန်းမှူးတို့ ကျောက်တံတား မြို့နယ်မှူး၊ နောက် အင်းစိန်မြို့နယ်မှူးတို့လည်း ပြန်လွတ်လာကြပြီ၊ သူတို့ကို ရဲဝန်ထမ်း အဖြစ်နဲ့ အလုပ်တောင် ပြန်တက်လိုက်ကြရသေးတယ်။ နောက်မကြာခင်မှာ သူတို့ကို အငြိမ်းစားပေးလိုက်တာ၊ အခုတော့ ရဲမှူးကြီးဟောင်းက မော်လမြိုင်မှာ” ဟုပြောသည်။
ရဲမှူးကြီးဝင်းနိုင် ထွက်ပြေးတိမ်းရှောင်နေစဉ် မကြာခဏ သူ့ဆွေမျိုးသားချင်းများ၏ အိမ်သို့လာရောက် ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း ဖမ်းဆီးရမိခြင်းမရှိခဲ့ပေ။
ရဲမှူးကြီးဝင်းနိုင် ရန်ကုန်တိုင်း၌ တာဝန်ထမ်းဆောင်နေစဉ်ကာလ ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာ့အရေးအခင်း ဖြိုခွင်းမှု၊ ၂၀၀၈ ဖေဖေါ်ဝါရီလ စိမ်းလဲ့ကန်သာလမ်းနေ တောင်ပိုင် စော်ဘွား စပ်ခွန်ဖ၏ သားဖြစ်သူ ဦးချာလီနှင့် မိသားစုဝင်အားလုံး အသတ်ခံရသည့် ငါးလောင်းပြိုင်လူသတ်မှု စုံစမ်းစစ်ဆေးခြင်း၊ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ရေကူးကာ ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ ၀င်ရောက်မှုကို အသုံးချပြီး ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးခြင်း စသည့် အရေးပါသည့် အမှုအခင်းများ ဖြစ်ပွားခဲ့သည်။
ထိုအမှုအခင်းများတွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးအနေဖြင့် စစ်အစိုးရ၏ မရိုးမသား ဖုံးကွယ်ထားမှုများကို သိရှိနေသူ တဦးဖြစ်သဖြင့် ရဲမှူးကြီး ၀င်းနိုင်ကို အရေးမယူတော့ဘဲ အပေးအယူ လုပ်ခြင်းဖြစ်နိုင်သည်ဟု အမည်မဖေါ်လိုသော ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ အရာရှိ တဦးက သုံးသပ်သည်။
“သူ့ကို တခြားတိုင်းပြည် မထွက်သွားအောင်၊ သိထားတဲ့ လျှို့ဝှက်ချက်တွေ မထုတ်ဖေါ်အောင် နအဖ ခေါင်းဆောင်ပိုင်းနဲ့ သဘောတူ နားလည်မှုယူလိုက်တာပါ” ဟု သူ့ဇနီးနှင့် နီးစပ်သူ မိတ်ဆွေတဦးက မိုးမခသို့ပြောသည်။
ရဲမှူးကြီး ၀င်းနိုင်နှင့် ပတ်သက်ပြီး ရဲချုပ်ခင်ရီအား ရာထူးမှ ရွှေ့ပြောင်းမည့် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုတိုင် တာဝန်ထမ်းဆောင် နေဆဲဖြစ်သည်။ စိမ်းလဲ့ကန်သာလမ်း ငါးလောင်းပြိုင်လူသတ်မှုတွင် အမှုကိစ္စနှင့် ဆက်နွယ်သူများအား စစ်ဆေးဖေါ်ထုတ်နေစဉ်မှာပင် အထက်မှ အမိန့်အရ ဆက်မလိုက်တော့ရန် တားမြစ်ခြင်းခံရပြီး သတင်းစာရှင်းလင်းပွဲများတွင်လည်း ထိုင်းနိုင်ငံရဲတပ်ဖွဲ့အကူအညီကို ရယူဖို့ ကြိုးစားသော်လည်း ထိုင်းနိုင်ငံရေး ရှုပ်ထွေးနေမှုကြောင့် ကြန့်ကြာနေရတာ ဖြစ်ကြောင်း ရဲချုပ်ခင်ရီက နောက်ဆုံး ပြောကြားသွားခဲ့သည်။
အဆိုပါ တိမ်းရှောင်သွားခဲ့သည့် ကိစ္စတွင် ရဲချုပ်ခင်ရီလည်း တာဝန်ရှိသူအဖြစ် သတင်းထွက်ပေါ်ခဲ့ပြီး ရဲမှူးကြီး ၀င်းနိုင်အား ပြန်လည်ဖမ်းဆီးရမိရန် ဆွေမျိုးသားချင်းများနှင့် ရင်းနှီးသည့် မိတ်ဆွေများ၏ အိမ်သို့ ရဲနှင့် စသုံးလုံးတို့မှ မကြာခဏလာရောက် ရှာဖွေ စစ်ဆေးခဲ့သည်ဟု လည်းထိုစဉ်က ထွက်ပေါ်ခဲ့သည့် သတင်းများအရ သိရှိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts