>Mar Mar Aye – 339

>ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ်(၃၃၉)

ကြေကွဲစရာ ဇူလိုင်
မာမာအေး
ဇူလိုင် ၂၅၊ ၂၀၁၀
သောတရှင်များ ကျန်းမာတော်မူကြပါစရှင်

မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့  အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ဝါဆိုဝါခေါင် ရေဖောင်ဖောင် အချိန်အတွင်း ကျရောက်တဲ့ မွေးလ ‘ဇူလိုင်’ အလယ်ကို ရောက်တာနဲ့ ဗိုလ်ချုပ်တို့ အာဇာနည်တစုသာ ပျောက်မသွားရင် ဘယ်လောက် ကောင်းမလဲ၊ အနည်းဆုံး တို့တတွေ တယောက် တကွဲတော့ ဖြစ်မှာ မဟုတ်ဖူးလို့ နှစ်လည် ရောက်တိုင်း ကြေကွဲစွာ တသရတယ်။

ဒီလမှာပဲ တက္ကသိုလ်က အကိုတော် မောင်တော်တွေ ကျတဲ့ သူက ကျ၊ ချမယ့်သူက တောရိပ်ခိုကြ၊ ပူမှုတွေ ဗလပွမို့ မကြိုက်ချင်တင်တင်၊ ဇူလိုင်ကို လအဆိုးလို့ ထင်နေရတဲ့အထဲ၊ တမှုကကဲလာပြန်တော့ မေမေရေ သမီးမွေးလ ပြောင်းလို့ရရင် ပြောင်းပေးပါလို့ တောင်းဆိုမိသွားရော။

မာအေးအတွက် ဒီလထဲမှာ တမှုထပ်ပွေတယ်လို့ထင်မိတာ၊ ကဗျာ၊ စာပေ၊ သဘင်ဂီတ၊ သရုပ်ဆောင်လဲရ၊ အနုပညာ ဗီဇ ဆင်တိုင်းလှတဲ့ ရွှေ၊ ဇာဂနာ့ဖအေ ဆရာနန်းညွန့်ဆွေတယောက်၊ စက်ပျော်ရင်းနဲ့ ပျောက်ဖြစ်သွားခဲ့တာ ၁၄ ရက်နေ့ကမို့လို့ပါရှင်၊ ဒီဆရာလဲ နောက်မွေးမယ့်အထဲ မပါနိုင်သေးတဲ့ တယောက်လို့ ကောက်ချက်ချနိုင်သူတွေ ထဲမှာပါမှာပါပဲရှင့်၊ ဒါကြောင့် ပြောပြစရာ မာအေးဝန်းကျင်က ပုဂ္ဂိုလ်တွေထဲမှာ ပါလာရတာပေါ့၊ မာအေးတို့ရဲ့ မောင်လေး”လေ။

ဆရာ နန်းညွန်ဆွေရဲ့ နာမည်ရင်းက ဦးအောင်သိန်းလို့ ခေါ်ပါတယ်၊ ရှေးကနာမည်ကို နေ့သင့် နာမ်သင့် မှည့်ကြတာကိုထောက်ရင် တနင်္ဂနွေသားပေါ့ရှင်။ ပြည်ခရိုင် ဆင်မြီးဆွဲမြို့လေးမှာ ၁၉၂၃ ခုနှစ်က ဖွားတဲ့သူပါတဲ့ရှင်။ ကဗျာဆရာကတော့ မူလတန်းကတည်းက ဖြစ်တာဆိုပဲ၊ စစ်အတွင်းမှာ စာရေးဆရာစဖြစ်တယ်။ (GREATER ASIA ) ဂရိတ်တာ အေရှ သတင်းစာက ပေးတဲ့ ကဗျာဆု တဆုကိုလဲ ရဖူးခဲ့ပါတယ်။

စစ်ကြီးပြီးလို့ ဗိုလ်ချုပ်အောင်ဆန်း ကြားဖြတ် အစိုးရခေတ် ရောက်လာတဲ့အခါ ပြန်ကြားရေးဌာနရဲ့  ဌာနခွဲ တခုဖြစ်တဲ့ ရုပ်ရှင်နဲ့ ပြဇာတ် ဌာနခွဲမှာ အလုပ် ဝင်လုပ်ပါတယ်။ အဲဒါက ကုက္ကိုင်း ဟာမစ်တစ်လမ်းထဲက အခု ဗဟိုရုပ်ရှင်နေရာမှာပါ။ ညွှန်ကြားရေးဝန်က စာရေးဆရာ ဒါရိုက်တာ ဦးဉာဏပါ။ မာအေးကြိုက်တဲ့ “မာအေးမိရဲ့စာဆိုတော်” သီချင်း ရေးခဲ့တဲ့ ဆရာကြီးပါ၊ အသက်ချင်းက ကွာတော့ သိရုံလေးပဲ သိလိုက်ပါတယ်။ ဆရာနန်း ရုပ်ရှင်နဲ့ပြဇာတ် ဌာန ရောက်သွားတဲ့ အချိန်မှာ ပြဇာတ်အဖွဲ့ကို နောင်မှာ ပြဇာတ်ဝိဇ္ဇာ ဒဂုန်ဆရာတင် ဖြစ်လာမယ့် ဆရာတင်ရယ်၊ ရန်နိုင်စိန်ရယ်၊ ကိုစိန်ဝင်းရယ်၊ တယောဦးထွန်းငြိမ်းရယ်၊ ရုပ်ရှင်ဇာတ်ရံ မင်းသမီးကြီး အမေပုနဲ့ အေဝမ်းမင်းသမီး “မေနု”ရယ် ရှိနှင့်ကြတယ်၊ မေလှမြိုင်က မေနု ထွက်သွားမှ အဲဒီ ရုပ်ရှင်ပြဇာတ် အဖွဲ့ ထဲ ရောက်လာတာလို့ ဆရာနန်းနဲ့ ပြောဖြစ်ခဲ့ပါတယ်။ စောစောက ပြောခဲ့တဲ့ အုပ်ချုပ်ရေးမှုး ကိုစိန်ဝင်းဆိုတဲ့သူကလဲ “ဦးဇော်ဝင်း” လို့ နာမည် ပြောင်းခဲ့ပါတယ်။ နောင် မြန်မာ့အသံကို အလုပ်ပြောင်းတော့ “ဘဝကြေးမုံ ဇာတ်လမ်းစုံ” ကဏ္ဍ တာဝန်ခံ မြန်မာ့အသံ ဦးဇော်ဝင်း ဖြစ်သွားတာပေါ့ရှင်။

ဦးဇော်ဝင်းနဲ့ ဆရာနန်းညွန့်ဆွေတို့ နှစ်ယောက် ပေါင်းပြီး အသံလွှင့် ဇာတ်လမ်းတပုဒ် ရေးသား ထုတ်လုပ်ခဲ့တဲ့ အကြောင်းကလဲ သမိုင်းဝင်တခုလို့ မှတ်ချင်ရင် မှတ်နိုင်ပါသေးတယ်ရှင်၊ ဇာတ်လမ်းနာမည်က “လင်းရောင်ခြည်”တဲ့။

အဲဒါဟာ ၁၉၅၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက်၊ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့တဲ့ ဒုတိယ နှစ်ပတ်လည်နေ့မှာ နိုင်ငံတော် ဝန်ကြီးချုပ် သခင်နု ဟောပြောခဲ့တဲ့ ၉၅ ရာခိုင်နှုန်း ငြိမ်းချမ်းရေး ရပြီ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးမှ တည်တံ့ ခိုင်မြဲရေးသို့ ဟူသော ဆောင်ပုဒ်ဖြင့် တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ကိစ္စများကို ဆက်လက် ဆောင်ရွက်သွားမည် ဆိုစကား အရနဲ့ အသင်းအဖွဲ့ အသီးသီးကနေ တောတွင်းကို ပါသွားတဲ့ ရဲဘော်ရဲဘက်တွေ အတွက် လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာချက်တွေ အရ၊ ငြိမ်းချမ်းရေး ရည်မျှော် ပြန်ခေါ်တဲ့ ဇာတ်လမ်း ဖြစ်ပါတယ်၊ ဇာတ်လမ်း အကျဉ်းကလေး ဆက်တွေးရအောင် ပြောထားပါဦးမယ်။

တခါက တောမြို့လေး တမြို့မှာ အမေပုတို့ မိသားစု နေခဲ့ကြပါတယ်။ သားကြီးက ရန်နိုင်စိန်၊ သမီးက မေလှမြိုင်၊ သားမက်က ဗိုလ်ဇော်ဝင်း၊ သားငယ် ဘုန်းကြွယ် လို့ ခေါ်တဲ့ တောခိုသွားတဲ့ သူရယ်ပေါ့။ တပ်က သိမ်းထားပြီးတဲ့ တညမှာ အမေ့အိမ်ကို လာခိုးတွေ့တော့ အမကြီးကလဲ တောခိုသွားတဲ့သူပေမယ့် မောင်ကိုး ရှင့်။ ထမင်းတွေ ဘာတွေ ကြွေးပြီး ဖျောင်းဖြတာပေါ့။ ဒီအခါ ယောက်ဖ စစ်ဗိုလ်ကလဲ ပြန်လာလေတော့ ငြိမ်းချမ်းရေးကိစ္စ ပြောရင်းက ငြင်းကြခုန်ကြ ပစ်ခတ်မိကြပြီး၊ အမေလုပ်သူနဲ့ ယောက်ဖစစ်ဗိုလ် အသက်ဆုံးပါးမှ ငြိမ်းချမ်းရေးတရားကျ အလင်းရောက်ရတဲ့ အကြောင်းပါ၊ သူ့ခေတ်နဲ့သူ့အခါ ပေါ်လစီမက်တာမှာ ဝင်ပါရတာ အနုပညာရှင်တွေ ခေတ်တိုင်းပါလို့ ပြောချင်တာပါရှင်။ တောခိုသွားတဲ့ သားငယ် ဘုန်းကျော်နေရာမှာ သရုပ်ဆောင်ပေးခဲ့ရတာ ဆရာနန်းညွန့်ဆွေ ဖြစ်လေတော့ အသံလွှင့်ရုံမှာ- အမကြီး လုပ်ခဲ့တဲ့ မေလှမြိုင်ဆီ ကြုံတိုင်း ဝင်လာတတ်ပါတယ်။ ဆရာနန်းက ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့  အထက်တန်း သုတေသနမှူး အဖြစ်နဲ့ မြန်မာပညာရှိ ဆရာကြီးဦးဂုဏ်ဘဏ်နဲ့ တွဲပြီး မဟာဂီတကျမ်းတွေ ပြုစုဘို့ တာဝန်ယူရတော့ နေ့တိုင်း မျက်မမြင် ဆရာကြီးကို စိတ်ရှည်လက်ရှည် တွဲခေါ် ဖေးမ စောင့်ရှောက်ခဲ့တာလေး ပြေးမြင်မိပါတယ်။ ဆရာနန်းက သေးသေး သွယ်သွယ်၊ ရှက်တက်တက် ပြုံးတုံးတုံး၊ ရယ်ရင်တောင် လက်ကလေးနဲ့ နူတ်ခမ်းကို ဖုံးသေးတယ်၊ အဲဒီလို ယဉ်ကျေးလို့ မာအေးတို့ အုပ်စုက အမေမြိုင့် အကြောင်းပြုပြီး မောင်လေး- မောင်လေးလို့ ခေါ်ကြတာပါရှင်။

အခုတော့ မောင်လေးအကြောင်း ဆင်ခြင်လိုက်ရင်း- သူတို့ချင်း တွဲဖော်တွဲဖက် ဖြစ်တဲ့ မောင်လေးခေတ်က သူတွေပါ သတိရတာပေါ့ရှင်၊ ငြိမ်းချမ်းရေးစကား၊ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ စကား အကြားကြီး ကြားခဲ့ရတဲ့ ၁၉၅၀ ဝန်းကျင်က အနုပညာသမားတွေကိုး။ ရန်နိုင်ဆွေနဲ့ မေလှမြိုင်တို့ကို ပြောတာပါ။ မောင်လေး ဇာတ်တွေရေးကြ ဆိုကြတဲ့ သူတွေ ရှိမနေကြတော့ဘူး။ မောင်လေးလဲ သွားရှာပြီ ဆိုတော့ အလွမ်းတွေ ပေါ့အောင်၊ လမ်းခုလပ်မှာ ပြန်မရတာနဲ့ သာနေတဲ့ “ဖိုးရွှေလ” ကိုပါ အပြစ်ရှာ အဆစ်ပါစေတဲ့ “ရွဲ့လိုက်တာလား စန္ဒာရယ်” ကို နားဆင်ကြည့်ပါဦးမယ်ရှင်။

xxx ကြွားကြွားဝင့်ဝင့် တင့်တင့်တယ်တယ် နေနိုင်ပေ့ကွယ် စန္ဒာရယ် xxx သိဒ္ဓိပေါက်လို့ စိတ်ရှိသလောက် ပျော်နေတာလား။ အားမဲ့ရာ သနားငဲ့ညှာဖွယ်၊ သောက ကင်းဝေး နေနိုင်ရေးကို သိရင် ညွှန်ပါ့ကွယ် xxx (ရွဲ့ လိုက်တာလား စန္ဒာရယ်မှ)

(မူရင်း – ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန BBCburmese.com)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts