>artists and politic in Burma

>

အနုပညာရှင်နဲ့ အမျိုးသား နိုင်ငံရေး
သန်းစိုးလှိုင်
ဇူလိုင် ၂၅၊ ၂ဝ၁ဝ

တချိန်က နိုင်ငံကျော် အဆိုတော် တစ်ဦး
ညနေခင်း မန္တလေး FM က တေးရေးသူရဲ့ လက်ရွေးစင်တေးများကို ရွေးချယ် ထုတ်လွှင့်တာကို စာရေးရင်းနဲ့ နားဆင်နေ မိပါတယ်။ အစီအစဉ် တင်ဆက်သူကတော့ အဆိုတော် သန်းမြတ်စိုး ဖြစ်ပါတယ်။ တေးရေးသူ ကိုလေးညွန့်ရဲ့ တေးသီချင်း လက်ရာတွေကို ရွေးချယ် တင်ဆက်နေတာပါ။ အဲဒီလို နားဆင်နေတုန်း ကိုလေးညွန့်ရဲ့ “တနေ့တော့ မောင်ပြန်လာမည်” တေးကို တင်ဆက်သူက ရွေးချယ်လိုက်ပါတယ်။

ဒီသီချင်းခေါင်းစဉ်ကို ကြားလိုက်တာနဲ့ အဆိုတော် မာမာအေးကို ချက်ခြင်း သတိရလိုက်ပါတယ်။ တင်ဆက်သူက ကိုလေးညွန့် ဒီတေးကို ရေးဖွဲ့ခဲ့ပုံ နောက်ခံ အဖြစ်အပျက်ကို ပြောပြပြီး “ဒီတေးကို တချိန်က နိုင်ငံကျော် အဆိုတော် တစ်ဦးက သီဆိုခဲ့ပါတယ်” လို့ မာမာအေးကို ရည်ညွှန်း ပြောဆိုပါတယ်။ နားဆင်သူ တစ်ယောက်အနေနဲ့ စိတ်ထဲ မကောင်းတဲ့ ခံစားမှုကို ခံစားလိုက်ရပါတယ်။

အနုပညာရှင်များနဲ့ စစ်အစိုးရရဲ့ ရန်သူစာရင်း
မြန်မာနိုင်ငံကို လက်ရှိ အုပ်ချုပ်နေတဲ့ စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးသမား သာမက အနုပညာရှင်ပဲ ဖြစ်ဖြစ်၊ စာရေးဆရာပဲ ဖြစ်ဖြစ် စစ်အစိုးရကို မထောက်ခံဘဲ သူတို့ရဲ့ အမြင်ကို ပွင့်ပွင့် လင်းလင်း ထုတ် ပြောခဲ့ရင်၊ ပြည်ပမှာ သွားရောက် နေထိုင်ပြီး အတိုက်အခံ အဖွဲ့တွေနဲ့ နီးစပ်နေရင်၊ မြန်မာအရေးနဲ့ ဆိုင်တဲ့ပွဲတွေ တက်ရောက်ရင်ကိုပဲ အစိုးရဆန့်ကျင်သူ စာရင်းထဲ ထည့်သွင်းခံရပြီး အဆိုပါ အနုပညာရှင်၊ စာရေးဆရာ၊ သတင်းစာဆရာတွေရဲ့ လက်ရာတွေကို ပြည်တွင်းမှာ ဖော်ပြခွင့် ထုတ်လွှင့်ခွင့် မရှိတော့ပါဘူး။

အနုပညာရှင်များက သာမန် လူတယောက်အနေနဲ့ နိုင်ငံရေးအမြင် ထုတ်ဖော်ပြောတာမျိုးကိုတောင် စစ်အစိုးရဟာ သည်းမခံနိုင်တဲ့ သဘောမျိုးဖြစ်နေပြီး နိုင်ငံရေးအရ ရန်သူ၊ အတိုက်အခံလို့ သတ်မှတ်ပါတယ်။ နိုင်ငံရေး ပါတီ၊ အဖွဲ့အစည်းရဲ့ အလံအောက်ကနေပြောမှ၊ နိုင်ငံရေးရပ်တည်ချက်အရ ပြောဆိုမှရယ်လို့ မဟုတ်တော့ပါဘူး။ အမျိုးသားရေး အမြင်နဲ့ ပြောဆိုသူ ရှိခဲ့ရင် ပြောတဲ့သူဟာ နိုင်ငံရေးအရ ဆန့်ကျင်သူ စာရင်းထဲ ရေးမှတ်ခံရပြီး သူနဲ့ ပတ်သက်တဲ့ အနုပညာလက်ရာတွေကို ပိတ်ပင်မယ့် အခြေအနေ ဖြစ်နေပါတယ်။

အဆိုတော် မာမာအေးဟာ ဆယ်စုနှစ် တစ်ခု ဝန်းကျင် ပြည်ပမှာ သွားရောက် နေထိုင်လျက်ရှိပြီး မြန်မာတွေနဲ့ ဆိုင်တဲ့ စာပေဟောပြောပွဲ၊ အခြားလူမှုရေး၊ ဘာသာရေးပွဲတွေမှာ တက်ရောက် ဟောပြောတာ၊ ဖျော်ဖြေတာတွေ လုပ်ဆောင်တာပဲ ဖတ်ရ ကြားရပါတယ်။ ဘီဘီစီ မြန်မာပိုင်းမှာ ပြောပြစရာတွေ တပုံကြီးရှိသေးတယ် ဆိုတဲ့ အပတ်စဉ် အစီအစဉ် ထုတ်လွှင့်နေတာပဲ ရှိပြီး စစ်အစိုးရ ပြုတ်ကျရေး၊ အစိုးရကို တော်လှန်ရေး လုပ်ဆောင်နေသူ တဦးလည်း မဟုတ်ပါဘူး။ သို့ပေမယ့် စစ်အစိုးရက အဆိုတော် မာမာအေးနဲ့ ပတ်သက်ရင် စာစောင်၊ မဂ္ဂဇင်းတွေမှာ အမည် ထည့်သုံးခွင့် ပိတ်ပင်ထားပါတယ်။ မြန်မာ့ အသံရဲ့ တေးသီချင်း အစီအစဉ်တွေမှာလည်း အရင်က မာမာအေး ဆိုခဲ့တဲ့ တေးသီချင်းတွေ လွှင့်ခွင့် မရှိတော့ဘဲ အခြားသော အဆိုတော်နဲ့ အစားထိုး သီဆိုထားတာတွေကိုပဲ လွှင့်ထုတ်ခွင့် ရှိပါတယ်။

မာမာအေးလိုပဲ အမည်ရော၊ လက်ရာတွေပါ တားမြစ်ခံထားရတဲ့ ကဗျာဆရာ၊ စာရေးဆရာတွေ အများကြီးပါ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ကဗျာဆရာ တင်မိုး၊ သက်ရှိထင်ရှား ရှိနေဆဲ စာရေးဆရာ မောင်သာရ၊ ကဗျာဆရာ နဲ့ စာပေဝေဖန်ရေး ဆရာ မောင်စွမ်းရည် တို့လည်း အဆိုပါ စာရင်းထဲ အပါအဝင်ပါ။

တလောက ပြန်ကြားရေး ဝန်ကြီးနဲ့ နီးစပ်သူလို့ နာမည်ကြီးတဲ့ မြတ်ခိုင်က လျှပ်တပြက်ဂျာနယ်မှာ ဆရာ တင်မိုးနဲ့ မောင်သော်က (ကွယ်လွန်သူ အငြိမ်းစား ရေတပ် ဗိုလ်မှူး ဘသော်) တို့ရဲ့ စာပေလက်ရာတွေကို အပတ်စဉ်ဖော်ပြပြီး မြန်မာပြည်မှာ စာပေလွတ်လပ်ခွင့် ရှိနေသယောင် လုပ်ကြံ ဝါဒဖြန့်ခဲ့ပါသေးတယ်။ စစ်အစိုးရက သဘောထားကြီးနေပါပြီလို့ မြင်စေချင်ပုံ ရပါတယ်။

အခြားသော ဝါဒဖြန့်ဂျာနယ် တစ်စောင်ဖြစ်တဲ့ Northern Star ကို တာဝန်ယူ ထုတ်ဝေနေတဲ့ အငြိမ်းစား ဗိုလ်မှူး ဝင်းတင်က စိစစ်ရေးမှာ ကန့်ကွက် ပြောဆိုတာကြောင့် လျှပ်တပြက်မှာ အဲဒီလို ဖော်ပြနေတာ ရပ်တန့်သွားခဲ့ပါတယ်။

စိတ်ဝမ်းကွဲပြားနေတဲ့ မြန်မာပြည်
စစ်အစိုးရဟာ ပြည်ထောင်စု မပြိုကွဲရေး၊ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးဆိုတဲ့ ဆောင်ပုဒ်တွေကို နေရာတကာမှာ ကြော်ငြာ၊ ပြည်တွင်းမှာ ထုတ်ဝေတဲ့ စာအုပ် စာစောင်တိုင်းမှာ ဖော်ပြခိုင်း နေပေမယ့် တကယ်လက်တွေ့မှာတော့ မာမာအေးလို အနုပညာရှင် တစ်ယောက်ကိုတောင် နိုင်ငံရေး ရှုထောင့်ကကြည့်ပြီး စည်းခြားထားလိုက်ပါတယ်။ မာမာအေးဟာ ဘယ်နိုင်ငံရေး အဖွဲ့အစည်းဝင်မှလည်း မဟုတ်သလို၊ ပါတီနိုင်ငံရေးကို လုပ်နေသူလည်း မဟုတ်ပါဘူး။ မြန်မာပြည် အရေးနဲ့ ပတ်သက်လို့ အနုပညာရှင် တယောက်၊ သာမန်ပြည်သူ တယောက်လိုပဲ ပြောဆိုနေတာပါ။

နအဖ စစ်အစိုးရဟာ သူတို့ကို ထောက်ခံမှ၊ သူတို့ရဲ့ ဝါဒဖြန့် တေး၊ ရုပ်ရှင်၊ ဇာတ်လမ်းတွေမှာ ပါဝင် သရုပ်ဆောင်မှ အဲဒီအနုပညာရှင်ရဲ့ လက်ရာတွေကို ဖော်ပြခွင့်ပေးပါတယ်။ ၂ဝဝ၈ ခုနှစ် ဇွန်လတုန်းက သရုပ်ဆောင်နဲ့ အဆိုတော် အချို့ မူးယစ်ဆေးသုံးစွဲမှုနဲ့ ခေါ်ယူ စစ်ဆေးခံကြရပြီး သုံးစွဲမှုနဲ့ ငြိစွန်းနေတာကို အာဏာပိုင်တို့ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းမျာ ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက ပေါ်လစီ ဇာတ်လမ်းတွေမှာ သရုပ်ဆောင်ဖို့နဲ့ မူးယစ်ဆေး သုံးစွဲတဲ့ ကိစ္စကို အရေးမယူဖို့ အပေးအယူ ဝင်လုပ်ခဲ့တယ်လို့ လုပ်ငန်းရှင်ကြီး အသိုင်းအဝိုင်းရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဒါကြောင့် အနုပညာရှင် သရုပ်ဆောင်တွေ မူးယစ်ဆေး သုံးစွဲတဲ့ အမှုလိုမျိုးက ခွင့်လွှတ်နိုင်တယ်၊ စစ်အစိုးရကို ဝေဖန် ပြောဆိုရင် ခွင့်မလွှတ်နိုင်ဘူး ဆိုတဲ့ သဘောထားကို ပြလိုက်တာလို့ ကောက်ချက်ချ နိုင်ပါတယ်။

အမျိုးသားရေးလို့ ခံယူပြီး မြန်မာပြည်သူ အားလုံးအရေး၊ တိုင်းရင်းသား လူမျိုးစုများအရေး၊ ပညာရေး၊ ယဉ်ကျေးမှု အရေးတွေမှာ ကိုယ့်အမြင်ကို တင်ပြမိခဲ့ရင်၊ စစ်အစိုးရရဲ့ သဘောထားနဲ့ မတူ ကွဲပြားခဲ့ရင် အနုပညာရှင် တစ်ယောက်ဟာ နအဖ စစ်အစိုးရရဲ့ နိုင်ငံရေးအရ ရန်သူ တစ်ယောက်လို့ သတ်မှတ်ခံရမယ့် အဖြစ်ဟာ မြန်မာပြည်ရဲ့ စိတ်ဝမ်းကွဲပြားနေတဲ့ အဖြစ်ရဲ့ သာဓကများသာ ဖြစ်ပါတော့တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts