လူများ၊ ရုပ်ပုံလွှာများ အတွေးအမြင် မောင်ရစ်

မောင်ရစ် – သမိုင်းနောက်ခံ နိုင်ငံရေးမျိုးဆက် – ဒို့ဗမာသခင်

မောင်ရစ် –  သမိုင်းနောက်ခံ နိုင်ငံရေးမျိုးဆက် – ဒို့ဗမာသခင်

(သခင်ခင်ညွန့် နှစ် ၁၀၀ပြည့် အထိမ်းအမှတ်စာအုပ်မှ) ၊ ဒီဇင်ဘာ ၂၊ ၂၀၁၄

သခင်ခင်ညွန့် ရာပြည့်အမှတ်တရ စာရေးမယ်လို့ စဉ်းစားတော့ သမိုင်းနောက်ခံ နိုင်ငံရေးမျိုးဆက်တွေ နိုင်ငံရေးအုပ်စုတွေအကြောင်း တွေးမိပါတယ်။ ဗြိတိသျှကိုလိုနီလက်အောက်မှာ ၀ိုင်အမ်ဘီအေတို့ ဂျီစီဘီအေတို့က အရင်ဦးဆုံးပေါ်လာကြတဲ့ အသင်းအဖွဲ့တွေပါ၊ အမျိုးသားစိတ်ဓာတ်ကို နှိုးဆော်ရာကနေ နိုင်ငံရေးဘက်ကူးကြတဲ့အခါကြတော့ ဗြိတိသျှအုပ်ချုပ်ရေးလက်အောက်ခံ နိုင်ငံရေး သမားတွေ  ဖြစ်ကုန်ကြပါတယ်။ သူတို့တွေကို မြန်မာပြည်လုံးဝလွတ်မြောက်ရေးလုပ်ဆောင်ရာမှာ ပြည်သူတွေနဲ့ လူငယ်မျိုးဆက်တွေက အားကိုးမရတာကြောင့် ကျွန်ခေတ်က လုံးဝလွတ်မြောက်ရေးကို ဦးတည်တဲ့ ဒို့ဗမာအစည်းအရုံးကြီး ပေါ်ထွန်းလာရတယ်လို့ ဆင်ခြင်မိပါတယ်။ အဲသည်က ဒို့ဗမာသခင်တွေဆိုတာ ကျောင်းသားသမဂ္ဂတွေနဲ့ လူထုလူတန်းစားအစုအဖွဲ့အသီးသီးကနေ နိုင်ငံရေးဖက်ကိုကူးလာကြတဲ့ သခင်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်း စသည်ဖြင့် နိုင်ငံရေးမျိုးဆက်သစ်တွေအဖြစ် အများအပြား ပေါ်ထွန်းလာကြပါတယ်။ သခင်ကြီးတွေက လုံးဝလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြရာမယ် ဗြိတိသျှကို လက်နက်ကိုင်တော်လှန်ခြင်း၊ ဂျပန်ကိုလည်း တန်ပြန်တော်လှန်ခြင်း၊ နိုင်ငံရေးနည်းပေါင်းစုံနဲ့ ဗြိတိသျှထံက ဗမာပြည်လွတ်လပ်ရေး အရယူခြင်းတို့ကို ၀ိုင်းဝန်းဆောင်ရွက်ခဲ့ကြတာကြောင့် သမိုင်းမှာ သခင်တွေဟာ ဂုဏ်ယူအားကိုးရတဲ့ နိုင်ငံရေးမျိုးဆက်တွေ နိုင်ငံရေးအုပ်စုတွေအဖြစ် အသိအမှတ်ပြုခံရပါတယ်။

သူတို့သခင်တွေကော အကွဲအပြဲတွေ၊ သဘောထားလမ်းစဉ် အငြင်းပွားမှုတွေ မဖြစ်ခဲ့ကြဘူးလားလို့ စဉ်းစားလိုက်တော့ ဒို့ဗမာအစည်းအရုံးလည်း ၂ ခြမ်းတော့ ကွဲခဲ့သေးတာပါပဲ။ ဘယ်လိုပင်ကွဲခဲ့သော်လည်း ဒို့ဗမာသခင်တွေရဲ့ ခေါင်းဆောင်မှုမှာ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး အစွမ်းကုန် တိုင်းပြည်အတွက် အလုပ်လုပ်သူတွေသာ လူထုထောက်ခံ ယုံကြည်ကိုးစားမှုကို ရရှိပြီး လွတ်လပ်ရေးအလုပ်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြတာကြောင့် ဒို့ဗမာအစည်းအရုံး သခင်မျိုးဆက်ဟာ သမိုင်းမှာ ရှေ့ဆုံးတန်းက နေရာပေးခြင်းကို ခံယူရပါတယ်။

ဗမာ့သမိုင်းမှာ ဒို့ဗမာအစည်းအရုံးရဲ့ လှုပ်ရှားမှုနောက်ပိုင်း ပေါ်ထွန်းလာတဲ့ နိုင်ငံရေးမျိုးဆက်/ အုပ်စုတွေကို ကြည့်လိုက်မယ်ဆိုရင် ဖဆပလ တပ်ပေါင်းစုကြီး၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ၊ တပ်မတော် ဆိုတာတွေ တွေ့ရမယ် ထင်ပါတယ်။ နောက်တော့ ဖဆပလပါတီ၊ တည်မြဲ၊ သန့်ရှင်း၊ ပမညတ၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ စသည်ဖြင့် ဗမာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ အမျိုးမျိုးအထွေထွေ ဖြစ်ပေါ်လာကြပါတယ်။ ဘယ်လိုပဲ အသွင်ကွဲပြားတဲ့ နိုင်ငံရေးမျိုးဆက်တွေ အုပ်စုတွေ ပေါ်ထွန်းလာသော်လည်းပဲ ဒို့ဗမာသခင်ကြီးတွေကတော့ တိုင်းပြည်ရဲ့ လိုအပ်နေတဲ့ အမျိုးသားရေးကဏ္ဍတွေမှာ ကျရာ ရောက်ရာ ကျွမ်းကျင်ရာ ယုံကြည်မြှတ်နှံရာ အလုပ်တွေ လုပ်ကိုင် ရပ်တည်ပြီး ဆက်လက်ရှင်သန်ခဲ့ကြတာ ဖြစ်ပါတယ်။

သမိုင်းနောက်ခံရှိတဲ့ နိုင်ငံရေးမျိုးဆက်တွေအကြောင်း မျက်ခြေအဖြတ်ခံခဲ့ရတဲ့ မဆလခေတ်မှာ မွေးခဲ့ရတဲ့ ယခုစာရေးသူအဖို့ကတော့ ဒို့ဗမာသခင်ကြီးတွေရဲ့ အတိတ်ခြေရာတွေထက် လက်ရှိမျက်မှောက်က သူတို့ရပ်တည် ရှင်သန် လုပ်ကိုင်နေတာတွေကိုပဲ မြင်တွေ့ ရင်းနှီး သိရှိကြရတာဖြစ်ပါတယ်။ စာပေ စာနယ်ဇင်းသမားတွေ၊ စာအုပ်တိုက် ထူထောင်သူတွေ၊ ကျောင်းဆရာကြီးတွေ၊ လူမှုရေး ဘာသာသာရေးသမားကြီးတွေ သူပုန်ကြီးတွေ၊ တောပြန် ထောင်ထွက် စသည်ဖြင့် အဖိုး အဖွားတို့ရဲ့ မိတ်ဆွေရင်းချာကြီးတွေအဖြစ် မြင်သိ ရင်းနှီးရတာ ဖြစ်ပါတယ်။ အဲသည်အချိန်အခါကျတော့လည်း အဲသည် ဒို့ဗမာသခင်ကြီးတွေဆိုတာဟာ အာဏာရှင်စနစ်ကို အစဉ်တစိုက် ဆန့်ကျင်နေတဲ့၊ လူမှုပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာရှိတဲ့ ယုံကြည်အားကိုးရတဲ့ လူကြီးသူမကြီးတွေအဖြစ် မျက်မှောက်ခေတ်က လူငယ်တွေက လက်ခံကြရတာပါပဲ။ သည်တော့ သူတို့တတွေဟာ ရာဇ၀င်အထုပ္ဗတ္တိ ရှိသူတွေ၊ ရာဇ၀င်ရိုင်းစေသူတွေ မဟုတ်ကြတာ အထင်အရှားပါပဲ။

အဲသည် ဒို့ဗမာသခင်ကြီးတွေအနက်က သခင်ခင်ညွန့် (ရေနံချောင်း)ကိုတော့ ကျနော်တို့က စာပေလောကစာအုပ်တိုက် ထူထောင်သူတဦးအဖြစ် သိရှိလေးစားရပါတယ်။ ဒါ့အပြင် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံက ပေါ်ထွန်းလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးပါတီမှာ အမှုဆောင်လူကြီး၊ ၉၀ခုနှစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးအဖြစ် ရပ်တည်ဆောင်ရွက်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒို့ဗမာသခင်ကြီးတွေ အမြောက်အများဟာ ၀ါရင့်နိုင်ငံရေးသမားကြီးများဆိုတဲ့ အမည်နဲ့ ထိုက်တန်စွာ သမိုင်းက တောင်းဆိုတဲ့ ၀န်ထုတ်ဝန်ပိုးကို မညီးမညူ မရှောင်မလွဲ ထမ်းပိုးတဲ့ မော်ကွန်းဝင် နိုင်ငံရေးမျိုးဆက်တွေဖြစ်နေတာကို ကြည်ညို ဂုဏ်ယူဖွယ်ရာ သိရှိရပါတယ်။ သူတို့တတွေဟာ ခေတ်နဲ့ ပြည်သူအပေါ်မှာ သူတို့တွေကြောင့် ၀န်ထုပ်ဝန်ပိုးတွေအဖြစ် လေးလံစေသူတွေ မဟုတ်တာကို ကျနော်တို့ သင်ခန်းစာယူသင့်ပါတယ်။

တကယ်တန်းကတော့ သမိုင်းနောက်ခံရှိသူ (ရာဇ၀င်ရှိသူ) နိုင်ငံရေးမျိုးဆက်တွေ နိုင်ငံရေးအင်အားစုတွေ အကြောင်းကို ပစ်ပယ်ပြီး၊ မေ့ဖျောက်ပြီး၊ ချေဖျက်ဖိနှိပ်ပြီးတော့ မျက်မှောက်နဲ့ အနာဂတ်သမိုင်းကို ဆက်ရေးဖို့ ဆက်အကောင်အထည်ဖော်ဆောင်ဖို့ လုပ်ကိုင် စဉ်းစား ကြံစည်ကြမယ်ဆိုတာမျိုးဟာ မှားယွင်းတဲ့ အယူအဆ၊ သဘောထား၊ အတွေးအခေါ်တွေပဲ ဖြစ်ပါတယ်။ ဗမာပြည်ရဲ့သမိုင်းကို သူရဲကောင်းတွေ၊ စွန့်လွှတ်စွန့်စားသူတွေ၊ အနစ်ခံ ကိုယ်ကျိုးစွန့်သူတွေနဲ့ ရေးခဲ့ကြတာဖြစ်ပါတယ်။ လူသတ်သမား၊ ရာဇ၀တ်ကောင်၊ အာဏာရှင်တွေ၊ သူတို့လက်ပါးစေတွေ အလိုတော်ရိတွေနဲ့ တိုင်းပြည်ရဲ့ ရာဇ၀င်တွေကို ရေးခဲ့ကြတာ မဟုတ်ပါဘူး။ သမိုင်းနောက်ခံကို မေ့လျော့ပြီးတော့ မိမိမျိုးဆက်ကို သီးခြားဥပက္ခာစိတ်တွေ အတ္တမာန အာဃာတတွေနဲ့ ထူထောင်လို့လည်း မရပါဘူး။ သမိုင်းမှာ အဲသည်လို လူမျိုးတွေ မျိုးဆက်တွေ အုပ်စုတွေဟာ သက်ဇိုးမရှည်ဘဲ ရှုံးနိမ့်ကွယ်ပျောက်ခဲ့ကြတာချည်းပါပဲ။

မိမိတို့ ရင်းနှီး ယုံကြည် လေးစား ဂုဏ်ယူတဲ့ လူကြီးတွေ လူငယ်တွေဆိုတာကို လေ့လာအကဲဖြတ်တဲ့နေရာမှာ … သမိုင်းနောက်ခံရှိတဲ့ နိုင်ငံရေးမျိုးဆက်တွေနဲ့ သူတို့တွေ ဘယ်လိုမျိုး ပတ်သက်မှုတွေ၊ ဖြတ်သန်းမှုတွေ ရှိခဲ့သလဲ ဆိုတာနဲ့ တိုင်းတာကြည့်ကြလေ့ရှိတာဟာ မှားယွင်းတဲ့ ပေတံမဟုတ်ဘူးလို့ ကျနော်ကတော့ သဘောတူပါတယ်။ သည်လိုနည်းနဲ့ပဲ သခင်ခင်ညွန့်ရဲ့ စာပေလောကမျိုးဆက် သားသမီးတွေ၊ မိတ်ဆွေကို ကျနော်တို့က ယုံကြည် ချစ်ခင် လေးစားကြရတာဖြစ်ပါတယ်။ စာဖတ်ပရိသတ်တွေကလည်း အားကိုး ကြည်ညိုကြတာဖြစ်တယ်လို့ ပြောချင်ပါတယ်။

နောင်တချိန်ချိန်ကျတော့ရင် … ကျနော်တို့မျိုးဆက်ကို ဘယ်လို ခေါ်ကြ ပြောကြလိမ့်မလဲလို့ တွေးနေမိပြန်ပါတယ်။ ကျနော်တို့ကတော့ ၈၈ မျိုးဆက်တွေလို့ ဆိုရမှာပေါ့နော်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး သမိုင်းနောက်ခံကနေ မွေးဖွားလာကြတာမို့ ၈၈ မျိုးဆက်တွေလို့ ခံယူကြမယ်ဆိုရင် ဒို့ဗမာသခင်ကြီးတွေကို စံနမူနာယူပြီးတော့ ရာဇ၀င်ရှိအောင်၊ ရာဇ၀င်မရိုင်းအောင် ကျနော်တို့တတွေက ဆက်လက် ကြိုးပမ်းကြရဦးလိမ့်မယ်လို့ တွေးနေမိပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင် … ကွယ်လွန်သူ သတင်းစာဆရာ မောင်ဝံသရေးခဲ့တဲ့ “ဒို့ကိုယ်ကျိုးလုံးလုံးမပါ …” (အတွေးအမြင် အမှတ် ၁၀၆၊ ၉၄ ဒီဇင်ဘာထုတ်)က စာကိုကိုးပြီး ပြောချင်ပါတယ်။ ဆရာမောင်ဝံသက သခင်ခင်ညွန့်၏ ၈၀ပြည့်မွေးနေ့မှ အပြန် ကားကြုံတစီးနဲ့ပြန်လာတော့ သူ့မိတ်ဆွေ နိုင်ငံခြားပြန်က သခင်ခင်ညွန့်ကို မသိတဲ့အကြောင်း ရေးထားတာဖြစ်ပါတယ်။ ထိုမိတ်ဆွေက “ဒီသခင်နံမယ်တပ်တဲ့လူတွေ ရှိတုန်းပဲလားဗျ၊ ကျနော်က သခင်တို့ ဘာတို့ဆိုတာ ဟိုရှေးတုန်းက ခေတ်ဟောင်းထဲ ကျန်ခဲ့ပြီမှတ်တာ” လို့ ပြောလိုက်ပါတယ်လို့ ရေးထားပါတယ်။ သမိုင်းနောက်ခံကို မသိတဲ့သူတွေ၊ သမိုင်းနောက်ခံ နိုင်ငံရေးမျိုးဆက်တွေအပေါ် မျက်ခြေပြတ်သွားတဲ့ လေလွင့်မျိုးဆက်တွေဆိုတာ ခေတ်အဆက်ဆက်မှာ ရှိနေကြမှာပါပဲ။ သူတို့တတွေလိုမျိုး ကျနော်တို့ကိုယ်ကျိုးမနည်းကြဘဲ သခင်ခင်ညွန့်အမှတ်တရစာ ရေးခွင့်ရတာကိုသာ ကျနော်တို့ဝမ်းသာဂုဏ်ယူကြရမှာ ဖြစ်ပါတယ်ခင်ဗျား။     ။

သြဂုတ် ၂၉၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts