>we can watch Kyaw Thu films now

>

ကျော်သူ့ ဇာတ်ကားတွေ ကြည့်နိုင်ပြီဟေ့ . . .
ကျော်သူ
ဇူလိုင် ၂၅၊ ၂ဝ၁ဝ

“ဆေးဖြင့် ရောဂါတို့ကို ဆေးကြောအံ့” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြု၍ ဝေဒနာရှင် အများပြည်သူတို့ကို အခမဲ့ ဆေးဝါး ကုသပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခ ကုသိုလ်ဖြစ် ဆေးခန်းတွင် မျက်စိရောဂါ ဝေဒနာရှင်၊ ရေတိမ်စွဲ၍ မျက်စိအမြင်အာရုံ ချို့ယွင်းနေသော ဝေဒနာရှင်တို့ကို အမြင်အာရုံ ပြန်လည် ကောင်းမွန် ကြည်လင်မှု ရရှိစေရန် မျက်စိအထူးကု ဆရာဝန်ကြီးများက ခွဲစိတ် ကုသပေးလျက်ရှိရာ ၂၀၀၇ ခုနှစ်၊ မတ်လမှ ၂၀၁၀ ပြည့်နှစ် ဇွန်လကုန်အထိ မျက်စိခွဲစိတ် လူနာပေါင်း ၂၅၀၀ ကျော် ရှိခဲ့ပါသည်။

၂၃.၇.၂၀၁၀ (ကြာသပတေး) နေ့တွင် စေတနာရှင် မျက်စိဆရာဝန်ကြီး ဒေါက်တာ ဦးမိုးလွင်က ခွဲစိတ်ပြီးသောလူနာများကို ပြန်လည် စစ်ဆေး ကြည့်ရှုခဲ့ပါသည်။ ဝေဒနာရှင် လူနာများသည် ခွဲစိတ်ကုသပြီးချိန်မှစ၍ အလင်းဒဏ်ကို ကာကွယ်ရန်အတွက် လည်းကောင်း၊ ဖုန် အမှိုက်များမှ ကာကွယ်ရန်အတွက်လည်းကောင်း ဂွမ်းစ၊ မျက်စိအဖုံးများ၊ နေကာမျက်မှန် အနက်များကို တပ်ဆင်ထားကြသည်။ ဆရာဝန်ကြီးက ခွဲစိတ်မှု အခြေအနေနှင့် မျက်စိ ၏ အမြင်စွမ်းအားတို့အား စစ်ဆေးကြည့်ရှုချိန်တွင် မျက်စိဖုံးများ၊ နေကာ မျက်မှန်များကို ချွတ်လိုက်ကြသည်။

ထိုသို့ မျက်စိ ဆရာဝန်ကြီး ဒေါက်တာ ဦးမိုးလွင်က စမ်းသပ်စစ်ဆေးရာတွင် လူနာများက မိမိတို့ အမြင်အာရုံ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ကြောင်း စေတနာရှင် ဆရာဝန်ကြီး၊ သူနာပြု ဆရာမများအား ကျေးဇူးတင်ရှိကြောင်း ၀မ်းသာအားရ ပီတိဖြာလျက် ပြောကြားခဲ့ကြပါသည်။

ထိုသို့ ပြောကြားရာတွင် မျက်စိလူနာ တစ်ဦး ဖြစ်သူ အမေကြီးတစ်ယောက်က နေကာမျက်မှန် ချွတ်ပြီး ပြီးချင်း သူ၏ ရှေ့တွင် မှတ်တမ်းဓာတ်ပုံ ရိုက်ရန် ပြင်ဆင်နေသော ကျော်သူကို တွေ့မြင်သည်နှင့် “ဟယ် တော် … ကျော်သူကို အရှင်လတ်လတ်ကြီး မြင်တွေ့ရပြီတော်။ ကျော်သူ ဇာတ်ကားတွေ အားရပါးရ ကြည့်ရတော့မယ် တော့” ဟူ၍ ၀မ်းသာအားရ မျက်ရည်လည်ကာ ပြောကြားခဲ့သည်။

ထိုအချိန်တွင် ကျွန်တော်သည် အမြင်အာရုံ ပြန်လည် ရရှိသွားပြီဖြစ်သော အမေကြီးအား ဂါရ၀ပြု ကျေးဇူးတုံ့ပြန်သော အပြုံးဖြင့် ပြန်လည် ပြုံးပြပြီး မိမိ လုပ်ဆောင်ရမည့် မှတ်တမ်း ဓာတ်ပုံ ရိုက်ခြင်းကို ပြုလုပ်ခဲ့တော့သည်။

ကျွန်တော်၏ အပြုံးနောက်ကွယ်တွင် စကားလုံးပေါင်း မြောက်များစွာ ဦးနှောက်ထဲတွင် အစီအရီ ပေါ်ပေါက်လာသည်။ ထိုစကားလုံးများသည် နှုတ်မှ ထွက်ပေါ်လာခြင်း မရှိချေ။ ယင်း စကားလုံးများသည် “အမေရေ … ကျွန်တော့်ကို တီဗီဖန်သားပြင်၊ ရုပ်ရှင်ပိတ်ကားထက်မှာ ဘယ်တော့အခါမှ မြင်တွေ့ရတော့မှာ မဟုတ်တော့ဘူး အမေ။ နိုင်ငံတော်က ကျွန်တော့်ကို အနားပေး လိုက်ပြီ အမေ။ အနုပညာလောကမှ မောင်းထုတ်ခြင်း ခံလိုက်ရတာ (၃) နှစ်ရှိပြီ အမေ။ ရုပ်ရှင် အနုပညာရပ် ဆိုတာ အများပြည်သူကို ငိုခြင်း၊ ရယ်ခြင်း၊ ဒေါသထွက်ခြင်း၊ ပေါက်ကွဲစေခြင်း ဆိုတဲ့ အကုသိုလ်အလုပ် မိမိ အတ္တအကျိုးအတွက် လုပ်ဆောင်နေတဲ့ အတ္တဟိတအလုပ်၊ ပြည်သူလူထုကို လိမ်ညာနေတဲ့ အလုပ်လို့ ကျွန်တော် မြင်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ပရိသတ် အများပြည်သူနဲ့ အမေတို့အတွက် အမေပြောလိုက်တဲ့ အတိုင်း အရှင်လတ်လတ်ကြီးနဲ့ ပြည်သူတွေရဲ့ကြားမှာ ပြည်သူတွေရဲ့ အနားမှာ ပြည်သူတွေအတွက် လိုအပ်သော၊ ပေးဆပ်နိုင်သော လူမှုရေး ကိစ္စရပ်များကို ကျွန်တော့်ရဲ့ နောက်ဆုံး ထွက်သက် အချိန်ထိ ကြိုးစား ဖြည့်ဆည်းပေးနိုင်တဲ့ ပရဟိတ လူသား တစ်ယောက်အဖြစ်သာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ် အမေ” ဟူသော စကားလုံးများပင် ဖြစ်တော့သည်။

ထို့ကြောင့် … အကယ်၍များ အပြောင်းအလဲ တစ်ခုခုကြောင့် ကျွန်တော့်အား အနုပညာ လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့်များ ရရှိခဲ့သော် ကျွန်တော်သည် အနှစ်သာရ မရှိသော၊ အကျိုးမရှိသော ဖျော်ဖြေရေး သက်သက်သာ ဖော်ကျူးသည့် အများပြည်သူအား လိမ်ညာသော ဇာတ်လမ်းများကို ရိုက်မည် မဟုတ်။ သမိုင်းစစ် သမိုင်းမှန်များ၊ အတ္ထုပ္ပတ္တိများ၊ ဘာသာရေး လူမှုရေး သမိုင်းမှတ်တိုင် အစစ်အမှန်များကိုသာ အများပြည်သူ အတွက် ပေးဆပ်ရိုက်ကူးသွားမည် ဖြစ်ပါကြောင်း စိတ်ကူးယဉ်မိပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts