>Rat invasion may lead to food shortages

>

ကြွက်တွေ အုပ်စုလိုက် နယ်ပြောင်းကြတာ ဘာကြောင့်လဲ
ခင်နှင်းလွင်၊ ရန်ကုန်
ဇူလိုင် ၂၅၊ ၂ဝ၁ဝ
ယမန်နှစ်က ကြွက်များ အကြီးအကျယ် ကျရောက်ခဲ့သည့် ချင်းပြည်နယ်မှ ဒေသခံတဦးကို ဖမ်းမိထားသော ကြွက်များနှင့် အတူ တွေ့ရပုံ။ ကြွက်ကျမှုကြောင့် ထိုဒေသတွင် သီးနှံများ ပျက်စီးပြီး ရိက္ခာ ပြတ်တောက်သွားသည် (ဓာတ်ပုံ – uspg.ie)

ဇွန်လကုန်နှင့် ဇူလိုင်လဆန်းတွင် ပဲခူးရိုးမ တောင်ဘက်ပိုင်းတွင် ကြွက်အုပ်စုလိုက် နေရာ ရွှေ့ပြောင်းရသည့် အကြောင်းအချက်များ အနက် သစ်တော ပြုန်းတီးမှုသည်လည်း အဓိကကျသည့် အဓိက အချက်တစ်ချက် အဖြစ်ပါဝင်သည်ဟု စိုက်ပျိုးရေး ပညာရှင်တစ်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် အမည်မဖော်လိုသူ စိုက်ပျိုးရေး ပညာရှင်တဦးက ပြောရာတွင် “အလယ်ရိုးမက တောပြောင်လာတော့ ကြွက်တွေအတွက် စားစရာ ဝါးတောတွေ မရှိတော့ဘူး၊ ဒါကြောင့် စားစရာ ရှိတဲ့ မြေပြန့်ကို ဆင်းလာတာပါ။ ကြွက်ဆိုတာ ပေါက်ပွားမှု အားကောင်းတဲ့ သတ္တဝါမျိုး ဆိုတော့ ဒီအချိန်မှာ နှိမ်နှင်းနိုင်မှ နောက်လတွေ သက်စောစပါး ပေါ်ချိန်မှာ ပျက်စီးမှု မရှိအောင် တားဆီးနိုင်မှာ၊ ကြွက်ဆိုတာ ငတ်လာရင် ဘာပဲဖြစ်ဖြစ် စားမှာပဲ၊ အပင်ငယ်တွေလည်း စားမှာပဲ ဆိုတော့ စိုက်သမျှ ကုန်သွားနိုင်တယ်” ဟု ပြောသည်။

ပဲခူးရိုးမမှ ကျွန်းသစ်၊ အဖိုးတန်သစ်မာနှင့် အခြားဈေးကွက်ဝင် သစ်ပင်များ စိုက်ပျိုးနိုင်ရန် စီးပွား မဖြစ်သည့် အပင်များအား ခုတ်ထွင် ရှင်းလင်း လိုက်ခြင်းကြောင့် ကြွက်များ၏ အစာရေစာ ဖြစ်သည့် ဝါးတောများ ပြုန်းတီးကုန်ခြင်းဖြစ်သည်ဟုလည်း သိရှိရသည်။

ပြည်ပသို့ သစ်တင်ပို့ရန် အလယ်ရိုးမ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကရင်ပြည်နယ်တို့မှ အဓိက ထုတ်ယူလျက်ရှိသည်။ အလယ်ရိုးမသည် ရန်ကုန်နှင့် အနီးဆုံး နေရာတွင် တည်ရှိသည့် အပူပိုင်း ရွက်ပြတ်တော အမျိုးအစား သစ်တောများ ဖြစ်သည်။
ဇွန်လ နောက်ဆုံးပတ်မှ စတင်ပြီး ပဲခူးရိုးမ တောင်ဘက်ပိုင်းမှ ကြွက်အုပ်များ ရိုးမပေါ်မှ ဆင်းလာပြီး ကားလမ်း ဖြတ်ကူးကာ လူနေရွာများ စိုက်ခင်းများသို့ ပြောင်းရွှေ့ခဲ့သည့် အဖြစ်များ ဖြစ်ပွားခဲ့ရာ ဒေသခံများက သဘာဝ ဘေးအန္တရာယ်၏ ရှေ့ပြေးနိမိတ် သို့မဟုတ် ကူးစက်ရောဂါ ဖြစ်ပွားခြင်းတို့ အပေါ် စိုးရိမ်ပူပန်ခဲ့ကြသည်။

သို့ရာတွင် ရာသီဥတု ပညာရှင်များနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ပညာရှင်များက ဝါးသီးများ ပွင့်ခြင်းကြောင့် ကြွက်ကောင်ရေ အဆမတန် ပွားများလာခြင်း၊ သာမန်ထက် ပြင်းထန်စွာ ပူပြင်းခဲ့သည့် ယခုနှစ် နွေရာသီကြောင့် မြေတွင်း အပူရှိန် မြင့်တက်ပြီး နေရာရွှေ့ပြောင်းခြင်းဟု ယူဆကြကြောင်း ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြထားသည်။

ယခုလ ၁၇ ရက်နေ့ မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် ဟောပြောပွဲ၌ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က “မိုးပေါ်ကလာတဲ့ ရေဟာ မြေကြီးက အပူပြန်တဲ့ ရေထက် နည်းပါးနေပါတယ်။ နည်းတဲ့အတွက် မြေကြီးမှာ အောင်းရေ မရနိုင်ဘူး၊ မရနိုင်တဲ့အတွက် အငွေ့ပဲ ရှိမယ်။ မြေအောင်း အပူ (latent heat) ကနေပြီး ခံစားနိုင်တဲ့ အပူ (sensible heat) အဖြစ် ပြောင်းလိုက်တဲ့အခါ ဘယ်တွင်းအောင်း သတ္တဝါမှ မနေနိုင်ပါဘူး” ဟု သူ့အယူအဆကို ရှင်းလင်း ဟောပြောခဲ့သည်။

သို့ရာတွင် အထက်ပါ စိုက်ပျိုးရေး ပညာရှင်ကမူ ကြွက်များ၏ အစာဖြစ်သည့် ဝါးတော ပြုန်းတီးမှုကိုသာ ယခုအဖြစ်ပျက်၏ အဓိက ပြဿနာ အဖြစ် ရှုမြင်ကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ဧရိယာ စတုရန်းမိုင် ၂သိန်း ၆ သောင်းကျော် အနက် သစ်တောဖုံးလွှမ်း ဧရိယာမှာ ၁၉၇၅ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ဟက်တာ ၁ဝ သန်းကျော် လျော့နည်းလာသည်ဟု သစ်တော ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ပြည်ပ တင်ပို့ရန် စီးပွားဖြစ် သစ်ထုတ်လုပ်မှုများသည် သစ်တော ပြုန်းတီးမှု၏ အဓိက အကြောင်းရင်း ဖြစ်သည်ဟု သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များက ပြောဆိုကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts