>Sayagyi Nan Nyunt Swe : Yan Win (Taung Da Gar)


>

နန်းညွန့်ဆွေရဲ့ မေတ္တာတေးသံကဗျာများ
ရန်ဝင်း (တောင်တံခါး)
ဇူလိုင် ၁၅၊ ၂၀၁၀

“ချစ်ချင်း တူညီပါ၍၊ ဖြူကြည်စွာ သက်ပန်မြဲကာပ၊
မေလည်း မာပါစေလို့၊ မောင်လည်း သာပါစေလို့၊
ကဗျာတွေ စာဝေကမ်းလိုက်တယ်၊ (ဆွေရေ) ချမ်းမြစေသား။”
နန်းညွန့်ဆွေ

မေတ္တာတေးသံကဗျာတွေက ဆရာကြီးနန်းညွန့်ဆွေ ငယ်စဉ်ကရေးခဲ့တဲ့ ကဗျာတွေဆိုတော့ ကြာခဲ့ပြီလေ။ ကဗျာစာအုပ်ထုတ်ဝေတဲ့နှစ်ကစပြီး တွက်ကြည့်ရင်တောင်မှ ဒီကနေ့ နှစ်ပေါင်း ၄၉ နှစ်ရှိခဲ့ပြီ။ အဲဒီကဗျာတွေက ဂီတဘက်ကိုနွယ်ပြီး တေးသံဆံတဲ့ကဗျာတွေမို့ မေတ္တာတေးသံကဗျာများလို့ အမည်ပေးတဲ့အကြောင်း မှာစာခွေ မှာ ရေးထားပါတယ်။

ကဗျာစာအုပ်မှာ ကဏ္ဍနှစ်ခုခွဲထားပါတယ်။ လေးချိုးသံချိုကဏ္ဍမှာ ကဗျာ ၃၅ ပုဒ်၊ အထွေထွေကဏ္ဍမှာ ကဗျာ ၁ဝ ပုဒ် ပါဝင်ပါတယ်။ နေ့စွဲပါတာကတော့ ၇ ပုဒ်ပဲရှိပြီး ၁၉၅၅-၁၉၆ဝ အတွင်းမှာရေးထားကြောင်း တွေ့ရတာကြောင့် အဲဒီကဗျာတွေအများစုကို ဆရာကြီး အသက် ၃ဝ ဝန်းကျင်လောက်မှာရေးတယ်လို့ မှန်းဆရပါတယ်။ တကယ်တော့ အဲဒီအသက်ထက် ပိုငယ်တုန်းက ရေးခဲ့တဲ့ကဗျာတွေ ရှိခဲ့ဖူးတယ်။ ငယ်ချစ်ဦးနဲ့အတူတူပဲ အဲဒီကဗျာမှတ်တမ်းတွေကို ဆုံးရှုံးရပုံအကြောင်း ကဗျာစာအုပ်ရဲ့ရှေ့ပိုင်းက မှာစာခွေ မှာတွေ့ရပါတယ်။

နန်းညွန့်ဆွေ (ဦးအောင်သိန်း)
၁၉၂၃-၂ဝ၁ဝ

ဆရာကြီးနန်းညွန့်ဆေရဲ့ ပင်ကိုယ် အနုပညာကတော့ ကဗျာလို့ ဆိုရပါမယ်။ မူလတန်းကျောင်းသားအရွယ်ကတည်းက ကဗျာကို စပြီးရေးခဲ့တဲ့သူပါ။ ဆရာကြီးနန်းညွန့်ဆွေက ဘက်ပေါင်းစုံတဲ့ စာပေအနုပညာရှင်ကြီးလည်း ဖြစ်ပါတယ်။ ဗုဒ္ဓစာပေ၊ နက္ခတ်ပညာပါမကျန် ထဲထဲဝင်ဝင် လေ့လာကျွမ်းကျင်ပါတယ်။ ဘဝတလျှောက်လုံး ဆရာကြီးရေးခဲ့တဲ့ စာတွေမှာ အနုပညာရှင်ကြီးတွေရဲ့အထုပ္ပတ္တိကစပြီး ဇာတ်သဘင်၊ ဂီတ၊ အနုပညာ ဆောင်းပါး၊ ပြဇာတ်၊ ပြဇာတ်ဇာတ်ညွှန်း၊ အသံလွှင့်ဇာတ်ညွှန်းမကျန်အောင်ပဲ အမျိုးစုံလှပါတယ်။ ဆရာကြီးနန်းညွန့်ဆွေရဲ့အကြောင်းကို ရေးစရာတွေက များလှပါတယ်။

ဆရာကြီးနန်းညွန့်ဆွေကို သူ့စာတွေဖတ်ပြီးကြည်ညိုခဲ့ရတာဆိုတော့ လူချင်း တခါမှမတွေ့မြင်ခဲ့ရဖူးပါ။ ဒါပေမယ့် ကဗျာရေးချင် စာစပ်သင်ဖူးခဲ့လေတော့ ဆရာကြီးတွေ၊ ဆရာမကြီးတွေရဲ့ စာတွေ ကဗျာတွေနဲ့ ရင်းရင်းနှီးနှီးရှိခဲ့ပါတယ်။ အဲဒီလိုနဲ့ ဆရာကြီးနန်းညွန့်ဆွေရဲ့ မေတ္တာဖွဲ့ကဗျာတွေကို အကြိမ်ကြိမ်ဖတ်ပြီး နည်းယူခဲ့တာကစလို့ ဆရာကြီးကို ဆရာတဆူလို့ မှတ်ယူခဲ့တာပါပဲ။

ဆရာကြီးနန်းညွန့်ဆွေရဲ့ ‘ဌာနေဟောင်း’ ကဗျာကိုတော့ ဒီကနေ့အထိ တမ်းတမ်းတတနဲ့ လွမ်းတသသဖတ်နေရတုန်းမို့ ဖတ်တိုင်း ဖတ်တိုင်းမှာလည်း ငယ်စဉ်ဘဝနဲ့ မွေးရပ်ဒေသကို အပြန်ပြန် အခါခါ သတိရလွမ်းဆွတ်မိပါတယ်။

ဌာနေဟောင်း

အနိုင်နိုင်ခွဲခဲ့ရ
စိတ်ထဲမှာ ဖြေမဆည်ဘူ့
နေရီလျှင် မျှော်ကာတမ်းမိတော့
လွမ်းရက်ပိုမို။ ။

သြော် … တနေ့တနေ့ငယ်နဲ့
ကြာမြေ့ပြီ သည်ဌာနေက
ဝေးရပ်မြေ ဖယ်ခွာသွားပါလို့
ပညာကို သင်ကာကြားခဲ့ရ
နေအားတော် မူမရွှင်ဘူ့
တနှစ်တွင် ခါ တခေါက်သာပ
ရောက်ပြန်တော့ကို။ ။

အတွေးစစ်လိုက်တော့
ဆွေးသနစ်ကယ်နဲ့
ရှေးဖြစ်တွေ မြင်ယောင်ယောင်ပေါ့
ဟိုယခေါင် ငယ်စဉ်တုန်းရယ်က
ရွှင်ပြုံး ချိုမြှူမြှူပ
နှစ်ကိုယ်တူ ချစ်ဖော်များရယ်နဲ့
ရွှင်ပျော်ပျော် နေကစားခဲ့ကြ
တရားနဲ့ဖြေကာဆို
(သြ) ပြေလိုမှပြေနိုင်ဘဲ။ ။

ဝေးခဲ့ပြီ
နှစ်ပေါင်းအလီလီပေါ့
စီရရီပုရစ်ဖူးတွေနဲ့
မိန်ရက်ဖန် ခါနွေကူးပြန်တော့
ရွှင်မြူး ချိုတိုတိုပ
ဥသြပျို လွမ်းဟန်နွဲ့ပြီမို့
အတွေးဝယ် ဆွေးနယ်ချဲ့သူဖြင့်
စာဖွဲ့ကာ မာပါစေလို့
သဟာဆွေ ငယ်ကကျွမ်းတို့ကိုလ
အောင်သပြေ ညောင်ရေဖျန်းလို့ရယ်
(ဆွေတို့ရယ်) လွမ်းဆုပန်ဆဲ။ ။

နန်းညွန့်ဆွေ

တိုက်တိုက်ဆိုင်ဆိုင်ပဲ အခုအချိန်က ဆရာကြီးနန်းညွန့်ဆွေရဲ့ ဝါတွင်းခရီးသည် ကဗျာထဲကလို ‘ခါအလို ဝါဆိုလ’ ပါပဲလေ။ ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူတဲ့အတိုင်း ဘဝသံသရာခရီးသည်တဦးအဖြစ် ခရီးထွက်သွားနှင့်လေတဲ့ ဆရာကြီးနန်းညွန့်ဆွေကို သူ့ငယ်စဉ်ဘဝကလက်ရာ မေတ္တာဖွဲ့ကဗျာတွေနဲ့ ညွှန်းဆိုရင်း ဦးညွတ်လိုက်ပါတယ်။

“ရည်မျှော်ကာ စခန်းပြည်တော်သာသို့
စည်ဆော်ကာ အရောက်စောတာဖြင့်
ပျောက်သောသူ ရှာရင်တွေ့မယ်တဲ့
မမေ့ရန် သူရည်ညွှန်တော့၊ လူရည်မွန် ဦးတင်သ မိပေါ့
ခါအလို ဝါဆိုလပေမို့၊ ပွဲအမှီ နွဲချီရပါလိမ့်
တပည့်တော် ကြည့်မျှော်ဆ လို့ရယ်
ဖေးကူပါ့ဘုန်း။”

နန်းညွန့်ဆွေ (ဝါတွင်းခရီးသည် ကဗျာမှ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts