Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင်(ဗိုလ်တထောင်) စာရေးဆရာ လင်္ကာရည်ကျော်၏ ‘ပန်းဒေါင်း’ စာအုပ်သစ်မိတ်ဆက်

ရန်နောင်(ဗိုလ်တထောင်) စာရေးဆရာ လင်္ကာရည်ကျော်၏ ‘ပန်းဒေါင်း’ စာအုပ်သစ်မိတ်ဆက်
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၄

ဆရာဝန်၊ စာရေးဆရာ လင်္ကာရည်ကျော်၏ ပန်းဒေါင်း စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းရှိ  Orchid Hotel ၌  အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လည် (၃)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာအုပ်မိတ်ဆက်ပွဲတွင် ဆရာဝန်၊ စာရေးဆရာ ဒေါက်တာစိုးလွင် နှင့် စာရေးဆရာကြည်မင်းတို့ မှ အမှတ်တရစကားများပြောကြားပေးခဲ့ကြပြီး စာရေးသူ ဆရာလင်္ကာရည်ကျော် ကိုယ်တိုင် ဝတ္ထုလေး ဖြစ်ပေါ်လာပုံကို ပြောကြားခဲ့သည်။

ပရဟိတအလုပ်ကို တစ်ကိုယ်တော် လုပ်ကိုင်နေသော မခင်နွယ်စိုးဆိုသည့် အမျိုးသမီးလေး တစ်ယောက်အကြောင်းကို တန်ဆာဆင်ကာ ရေးဖွဲ့ထားသောထိုဝတ္ထုလေးသည် ပြင်ပတွင် တကယ်ရှိသော ပရဟိတ လုပ်နေသူလေး တစ်ယောက်ကို မှီး၍ ရေးထားခြင်းဖြစ်ပြီး ဆရာထိုစာအုပ်ရေးနေစဉ်မှာပင် ထိုအမျိုးသမီးလေးအား နိုင်ငံရပ်ခြားမှ မွန်မြတ်ဂုဏ်ရည်ဆုပေးခဲ့ခြင်း ခံရသည်မှာလည်း သူကိုယ်တိုင် ဆုရသကဲ့သို့ ခံစားရကြောင်း ဆရာလင်္ကာရည်ကျော်မှ ပြောပြခဲ့သည်။ ထိုအမျိုးသမီးလေးမှာ စာရေးဆရာကြည်မင်း၏ သမီး ခင်နှင်းကြည်သာ ဖြစ်သည်။

စာရေးဆရာ လင်္ကာရည်ကျော်သည် ကလေးအထူးကု ဆရာဝန်ကြီးတစ်ဦးဖြစ်ပြီး  ယခုအခါ ပါမောက္ခ၊ဌာနမှူး၊ကလေးကျန်းမာရေးပညာဌာန၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်၊တာဝန်ခံ ကလေးအထူးကု ဆရာဝန်ကြီးရန်ကုန် နှင့် ဥက္ကဋ္ဌ ကလေးကျန်းမာပညာအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်များအသင်း တာဝန်များကိုထမ်းဆောင်လျက်ရှိရင်း စာပေများရေးသားနေသူဖြစ်သည်။ အမည်ရင်းမှာ ရဲမြင့်ကျော်ဖြစ်သည်။ ၂၀၀၄ ခုနှစ်မှစ၍ ရသစာပေများရေးသားထုတ်ဝေခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် (ကြိုးကြာတောင်ပံခတ်သံ) ဝတ္ထုရှည်ကိုထုတ်ဝေကာ ထိုဝတ္ထုဖြင့် အမျိုးသားစာပေဆုကို လူငယ်စာပေကဏ္ဍ မှ ရရှိခဲ့သည်။ ဝတ္ထုရှည် ခုနစ်အုပ်ထုတ်ဝေခဲ့ပြီး ယခုစာအုပ်မှာ  ဆရာ၏ ရှစ်အုပ်မြောက်လုံးချင်းဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင်လည်း (ဒေါက်တာရွှေသွေးနှင့် မပန်းမှုံ) ဝတ္ထုဖြင့် အမျိုးသားစာပေဆု ထပ်မံရရှိခဲ့သည်။ ကလေးကျန်းမာရေး ပညာပေးစာအုပ်များလည်း ရေးသားပြုစုခဲ့ပြီး (မမွေးဖွားမီမှ အရွယ်ရောက်သည် အထိ ကလေးပြုစုစောင့်ရှောက်နည်းများ) စာအုပ် နှင့် သုတစွယ်စုံစာပေဆုကို အသုံးချသိပံ္ပ ဘာသာရပ်ကဏ္ဍ မှရရှိခဲ့သည်။

ယခု ပန်းဒေါင်းစာအုပ်ကို နန်းဒေဝီ စာပေ မှထုတ်ဝေပြီး မျက်နှာဖုံး နှင့် အတွင်းပန်းချီများကို ဇော်မောင်မှ ရေးဆွဲထားသည်။ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှစ၍ မြန်မာတပြည်လုံးသို့ တန်ဖိုး ၂၀၀၀ကျပ်ဖြင့်ဖြန့်ချိလိုက်ပြီ ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts